အမြှောက်တပ် ၃၄၄ အနီး ကျောက်တိုင်ဗွေမှာ တိုက်ပွဲပြင်းထန်

 

“ကျောက်တောင်ဗွှေဆိုတာ ရွာမဟုတ်ဘူးဗျ။ ၃၄၄ အနီးမှာ ရှိတဲ့ အမြင့်ဆုံးတောင်ကုန်းကို ပြောတာ” လို့ ဒေသခံကပြောပါတယ်။

၁၁ ၊မေလ။

ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် ၊ စမ်းကုန်းရွာ အနီး အမြှောက်တပ် ၃၄၄ ရဲ့ ကာကင်းတည်ရှိရာ ကျောက်တိုင်ဗွေ တောင် ကုန်းမှာ အာရက္ခတပ်တော် နဲ့ စစ်တပ် အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

“ဒရုန်းတွေ ၊ စက်တပ်လေထီးတွေနဲ့က မရေမတွက်နိုင်လောက်အောင် ပစ်နေတာ။ ၁၅ မိနစ် တလုံး လောက်ကို ကြဲနေတာ။ ဆူညံနေတာပဲ” လို့ အမြှောက်တပ် ၃၄၄ အနီးမှာ နေထိုင်သူ တဦးက ဒီနေ့ မေလ ၁၁ ရက်နေ့ မနက် အခြေအနေကို ပြောပြပါတယ်။

ဧပြီလ ဒုတိယပါတ်လောက်က လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီးကျေးရွာ ဝန်းကျင်မှာ ပြင်းထန်ခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေဟာ တပတ်ခန့်အကြာ ဧပြီလ နောက်ဆုံးပတ်မှာ ငြိမ်သက်သွားခဲ့ပြီး နောက်ပိုင်း မေလဆန်းထဲမှာ ရေကြည်မြို့နယ်ထဲက ၃၄၄ အမြှောက်တပ် အနီးတဝိုက်မှာ ထိတွေ့ ပစ်ခတ်မှုတွေ ပြန်လည် ဖြစ်ပေါ်ခဲ့တာပါ။

မြောက်စမ်းကျေးရွာ အနီးမှာ ရှိတဲ့ ၃၄၄ အမြှောက်တပ်ရဲ့ ကာကင်းစခန်းတွေ ရှိရာ ဝန်းကျင်မှာ မေလ ၄ ရက်နေ့က စတင်တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ည ၈ နာရီ ၃၀ ခန့်မှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့ပါတယ်။

“ဂွလမ်းပေါ်က ကျောက်ခဲချောင်း အတက်နားတင် ၊ ဒီဘက်မှာတော့ ကျောက်တိုင်ကုန်းလို့ ခေါ်တယ် အဲဒီမှာ ကြဲသွားတာ” လို့ သီတာကုန်းမြင် အနီးမှာ နေထိုင်သူ တဦးက မေလ ၄ ရက်နေ့ညက အခြေအနေကို ပြောခဲ့ပါတယ်။

ကြိုကြားကြိုကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး မေလ ၈ ရက်နေ့ မနက်ပိုင်းကနေ မနက် ၁၀ နာရီ ဝန်းကျင်အထိ ပိုမိုပြင်းထန်တဲ့ ထိတွေ့တိုက်ပွဲကြောင့် စစ်တပ်ဘက်က လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ သိရပေမယ့် လေကြောင်း ပစ်ကူ မလာခဲ့ဘူးလို့ ဒေသတွင်း သတင်းရင်းမြစ်က DNA ကိုပြောပါတယ်။ငသိုင်းချောင်းမြို့ပေါ်မှာ နေထိုင်သူ တဦးကလည်း “နေ့ပိုင်း ၂ ကြိမ်လောက်နဲ့ ညဦးပိုင်း ၁ ကြိမ် ၃၄၄ ကို ပျောက်ကြားဝင်ပစ်တယ်လို့ ကြားတယ်”ဆိုပြီး အတည်ပြုပေးပါတယ်။

အဲဒီနောက် မေလ ၉ ရက်နေ့ သောကြာနေ့ည ၁၀ နာရီ ၃၀ မိနစ် ဝန်းကျင်မှာလည်း စက်တပ်လေထီးနဲ့ ဗုံးလာကြဲခဲ့သလို မေလ ၁၀ ရက်နေ့ စနေနေ့ မနက်အစောပိုင်းကတည်း မြေပြင်ထိတွေ့တိုက်ပွဲရော လေကြောင်း ပစ်ခတ်မှုတွေပါ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လေးမျက်နှာနဲ့ ရေကြည်မြို့နယ် အစပ်မှာ နေထိုင်သူတဦးကလည်း ဒီနေ့မနက် သူတို့ရွာဘက်တွေအထိ တိုက်ပွဲဖြစ်နေတဲ့ အသံတွေကို ကြားရပြီး အသံလာရာက အနည်းငယ် ဝေးတဲ့အတွက် ဘယ်မှာ ဖြစ်နေတယ်ဆိုတာကိုတော့ အတိအကျ မခန့်မှန်းနိုင်ဘူးလို့ DNA ကိုပြောပါတယ်။

“ရေနံသာဘက် ဖြစ်နေမလား မသိဘူး ၊ ရေနံသာလား လက်ပံပင်လား တခုခုပဲ ၊ မနက်ကတည်းက ဖြစ်နေတာ ဒီနေ့ခင်းတော့ လေယာဉ်လာဝဲသေးတယ် ကြဲတဲ့ အသံတော့ မကြားရဘူး”လို့ ဆိုပါတယ်။

 

ဒီရက်ပိုင်းအတွင်းမှာ ထိတွေ့တိုက်ပွဲတွေဟာ ငသိုင်းချောင်း – ဂွ လမ်းပိုင်းက  မိုင်တိုင် ၁၇ ဝန်းကျင် လက်ပံပင်ကျေးရွာ အနီးနဲ့ ၊ မိုင်တိုင် ၂၂ ဝန်းကျင်က စပြင်ကျေးရွာတွေ အနီးမှာ ဖြစ်ပွားနေတာလို့ သိရပါတယ်။ဒီနေ့မနက်မှာ အမြှောက်တပ် ၃၄၄ နဲ့ ၇ မိုင်ဝန်းကျင်သာ ကွာဝေးတဲ့ ကျောက်တောင်ဗွေတောင်ကုန်းအနီးထိ တိုက်ပွဲတွေ ရောက်လာခဲ့တာပါ။

“ကျောက်တောင်ဗွှေဆိုတာ ရွာမဟုတ်ဘူးဗျ။ ၃၄၄ အနီးမှာ ရှိတဲ့ အမြင့်ဆုံးတောင်ကုန်းကို ပြောတာ” လို့ ဒေသခံကပြောပါတယ်။

ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ကနေ   ရေနံ့သာလမ်းဆုံ ၊ ဂွေးတောက်ကွက် သစ် ၊ ကျောက်ခဲချောင်း (၁၀၆ သစ်ထုတ်လုပ်ရေးစခန်း) မြောက်စမ်း ၊ အမတ ၃၄၄ ၊ မဿလင်လမ်းခွဲ (ကာကင်းရှိ) ၊ ကျောက်တိုင်ဗွေ (ကာကင်းရှိ) ဆိုပြီးတော့ ရခိုင်ပြည်နယ်အစပ်အထိ အစဉ်လိုက်တည်ရှိနေပါတယ်။