မြစ်ဝကျွန်းပေါ်သားတို့ ကျန်းမာဖို့ (၁)

၁၄ ၊ အောက်တိုဘာလ ၊ ၂၀၂၀ ။ (ကျန်းမာရေးဆောင်းပါး)

 

ကျန်းမာရေးအပေါ် ငွေကြေး၊ ကျန်းမာရေးအသိပညာ၊ အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစံနစ် စတာတွေလွှမ်းမိုးသလို တစ်ဦးချင်းစီရဲ့ စားသောက်နေထိုင်မှုပုံစံ၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်။

ထို့အတူ နေထိုင်ကျင်လည်ကြရာ ပထဝီဒေသပေါ်မူတည်ပြီး အသက်ရှည်နှုန်း ကျန်းမာဖျတ်လက်မှု ဖြစ်လေ့ဖြစ်ထရှိသော ရောဂါအမျိုးအစားများ ကွဲပြားလေ့ရှိပါတယ်။ ဂျပန်လူမျိုးတွေရဲ့ ပျမ်းမျှသက်တမ်း (Life Expectancy Rate ) အတော်လေးမြင့်မားတာဟာ သူတို့နိုင်ငံအစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စံနစ်ကောင်းမွန်တာ ၊ လူထုအခြေခံပညာရေးမြင့်မားတာ အပြင် ပင်လယ်ကမ်းခြေနီးတာကြောင့် ပင်လယ်ငါးမှာပါဝင်တဲ့ အိုမီဂါ -၃ နဲ့ အိုမီဂါ -၆ အစားများတာကြောင့် အသက်ရှည်ကြတာလည်း ဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိပါတယ်။

စာရေးသူတို့ ဧရာဝတီ မြစ်ဝကျွန်းပေါ်သားတွေကရော-

စာရေးသူ ဆရာဝန်ဖြစ် ဗန်းမော်မှာ တာဝန်ကျပါတယ်။ ဗန်းမော်မြို့လေးဟာ တရုတ်ပြည်နဲ့ အတော်လေး နီးကပ်ပါတယ်။ ဗန်းမော်ရဲ့ ပင်မစီးပွားရေးဟာ ကျွန်း ၊ ကျောက်မြတ်ရတနာနဲ့ ၊ မူးယစ်ဆေးဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး အတော်ကျဲပါးပါတယ်။ ဧရာဝတီမြစ်ဟာ ဗန်းမော်မြို့ကလေးကို ဖြတ်စီးသွားပေမယ့် ဗန်းမော်ဟာ ဧရာဝတီတိုင်းလောက် ငါးမပေါပါဘူး။

စာရေးသူရဲ့ မိခင်ဟာ နတ္တလင်းသူဖြစ်တာကြောင့် စာရေးသူဟာ အသုတ်၊ မုန့်ဟင်းခါး ကြိုက်တတ်ပါတယ်။ ဗန်းမော်မှာ ငါးမပေါတော့ မုန့်ဟင်းခါးလည်း ကောင်းကောင်းမစားရပါဘူး။

ဒုတိယ တာဝန်ကျရာ ဟင်္သာတရောက်တော့မှ မုန့်ဟင်းခါးမိန်မိန်စားရပါတယ်။ ဟင်္သာတမြို့လေးမှာ တနင်္ဂနွေနေ့ဆို စာရေးသူဟာ ပရဟိတဆေးခန်းထိုင်ဖြစ်ပါတယ်။ ၎င်း ပရဟိတဆေးခန်းကြီးဟာ အတော်လည်း အောင်မြင်ပါတယ်။ မြန်အောင်၊ ကြံခင်း အစရှိတဲ့ မြို့များကနေလည်း ရထားစီးပြီး ဆေးခန်းလာပြကြပါတယ်။

၎င်း ပရဟိတဆေးခန်းမှာ ဆရာဝန်ခြောက်ဦးလောက်က တစ်ယောက်ကို စမ်းသပ်ခန်းတစ်ခန်းစီတာဝန်ယူ ကြည့်ရှုကုသပေးပါတယ်။ စာရေးသူ ကုသပေးတဲ့ စပ်းသပ်ခန်းမှာ တစ်ချိန်ကို ပျမ်းမျှလူနာ လေးဆယ်ခန့်ကြည့်ရပါတယ်။ ၎င်း လူနာလေးဆယ်လောက်ထဲကမှ နှစ်ဆယ်လောက်ဟာ လေဖြတ်ထားသူတွေ ဖြစ်နေတာ အံ့ဩစွာတွေ့ရပါတယ်။ ကျန်လူနာတွေမှာလည်း သွေးတိုး ဆီးချို တစ်ခုမဟုတ်တစ်ခုရှိနေတာ တွေ့ရပါတယ်။

စာရေးသူကောက်ချက်ချတာကတော့ ဗန်းမော်မှာ လူငယ်တွေဟာ မူးယစ်ဆေးစွဲကြတယ်၊ အပျော်အပါးလိုက်စားကြတယ်။ တစ်ဖက်မှာ စစ်ပွဲကလည်း ရှိနေတယ်။ ဒါ့ကြောင့် လူငယ်တွေဟာ သွေးတိုး၊ ဆီးချို ဖြစ်ရမယ့် လေးဆယ်ကျော်အရွယ်မတိုင်ခင်မှာ ထိခိုက်ဒဏ်ရ ၊ ဆေးလွန်တာ၊ ခုခံအားကျဆင်းမှုရောဂါ စတာတွေနဲ့ အချိန်မတိုင်မီ သေဆုံးကြတာများပါတယ်။

ဧရာဝတီတိုင်းမှာကျ ငါးပေါတော့ ငါးကို ငါးပိ ၊ ငါးချဉ်သိပ် အငန်များများစားတော့ သွေးတိုးအဖြစ်များတာကို တွေ့ရပါတယ်။

တိကျတဲ့ ဒေတာအချက်အလက်တွေ နှိုင်းယှဉ်လေ့လာဖို့ အင်မတန်ကောင်းပါတယ်။ဘယ်လိုပဲ ဖြစ်စေ ဧရာဝတီတိုင်းမှာ ငါးပိ ၊ငံပြာရည် စားသုံးမှု များပြာတာကတော့ ကျန်းမာရေး ပြဿနာတစ်ရပ်ဆိုတာ အခိုင်အမာ ဆိုပါရစေ။

ဒါကြောင့်‌ ဧရာဝတီတိုင်းက မိတ်ဆွေကြီးများအတွက် သွေးတိုးရောဂါအကြောင်း ရေးဖြစ်ထားတဲ့ အချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။

 

သွေးတိုးရောဂါ

သွေးတိုးရောဂါ ဆိုတာဟာ သွေးပေါင်ချိန် အပေါ်သွေး ၁၄၀ မီလီမီတာမာကျူရီ အောက်သွေး ၉၀ မီလီမီတာမာကျူရီထက် ပိုတက်နေတာကို ခေါ်ပါတယ်။

အချက်အလက်များ

၁။ မကူးစက်ပါ။
၂။မျိုးရိုးလိုက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။
၃။အသံတိတ် လူသတ်သမားဖြစ်ပါတယ်။
၄။ကျန်းမာ‌ရေးနဲ့မညီညွတ်သော စားသောက်နေထိုင်မှုပုံစံများကြောင့် ပိုမိုဆိုးဝါးစေသည်

သွေးတိုးရောဂါကို ဆိုးဝါးစေသော ‌အကြောင်းများ (Risk Factor)
+Salt အငန်
+Saturated Fat (ပြည့်ဝဆီများ)
+Life Style ( ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း)
+Smoking (ဆေးလိပ် သောက်ခြင်း)

 

Salt ( အငန် )

အငန်ဆိုရာမှာ ငါးပိ ၊ ငါးခြောက် ၊ငံပြာရည် ၊ငါးဆားနယ် ၊ ငံပြာရည်များများနဲ့ ချက်တဲ့မုန့်ဟင်းခါး ၊ မုန့်တီ စတာတွေ အကုန်ပါဝင်ပါတယ်။

လျက်ဆားကလည်း နာမည်ကိုက ဆားပါတဲ့အတွက် သွေးတိုးစေပါတယ်။ ဗမာဆေးတချို့မှာ ထည့်သွင်းဖော်စပ်ထားလေ့ရှိတဲ့ ဆင်တုန်းမနွယ် ၊ နွယ်ချိုကလည်း သွေးတိုးစေတတ်ပါတယ်။

 

သွေးတိုးရှိမရှိ ဘယ်လိုသိမလဲ။

သွေးပေါင်ချိန်ကြည့်မှပဲ တိတိကျကျသိရမှာ ဖြစ်ပါတယ်။ တချို့က သွေးတိုးရင် ‌ဇာတ်ကြောတတ်တာ ၊ ခေါင်းထဲ ရိပ်ရိပ်ဖြစ်တာ ၊ နားထင်သွေးကြောထဲ တဒုတ်ဒုတ် တဒိန်းဒိန်းခံစားရတာ ပြတတ်ပေမယ့် သွေးတိုး အများစုက ဘာလက္ခဏာမှ မပြပါ။

ဒါ့ကြောင့် အသံတိတ် လူသတ်သမားလို့ ခေါ်တာပါ။

 

သွေးတိုးနဲ့ သူ့ မိတ်ဆွေများ

သွေးတိုးရှိတဲ့သူ အများစုဟာ အဝလွန်တာ ၊ ဆီးချိုရှိတာ တွေနဲ့ ဆက်စပ်လေ့ရှိပါတယ်။ ဒါကြောင့် သွေးတိုး ၊ ဆီးချို နဲ့ အဝလွန်တာ သုံးဦးဟာ ဆွေမျိုးတော်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။ တချို့လည်း ပိန်ပိန်ပါးပါးနဲ့ သွေးတိုးရောဂါရှိနေတတ်ပါတယ်။ ဒါပေမယ့် သွေးတိုးရောဂါရှိသူတွေဟာ အဝလွန်သူများပါတယ်။

နောက်ကျရင်တော့ အဝလွန်တဲ့ရောဂါအကြောင်း သပ်သပ်ရေးပါဦးမယ်။ သူလည်း အရမ်းဒုက္ခပေးတဲ့ရောဂါပါ။

 

သွေးတိုးရောဂါ နောက်ဆက်တွဲ ဆိုးကျိုးများ

နှလုံးသွေးကြောကျဉ်းတာ ၊ လေဖြတ်တာ ၊ ကျောက်ကပ်ပျက်စီးတာ ၊ နှလုံးအလုပ်မလုပ်နိုင်တော့တာ စတာတွေ ဖြစ်ပါတယ်။

 

သွေးတိုးဟာ ကြောက်စရာလား

သွေးတိုးရှိရင် ဘာတွေ လုပ်ကြမလဲ

ကိုယ့်မှာ သွေးတိုးရောဂါရှိတယ် ဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ဆေးကို ပုံမှန်သောက်မယ်။ မိမိအိမ်မှာ သွေးပေါင် ပုံမှန်ချိန်ပြီး ရေးမှတ်ထားမယ်။ ဆယ်ရက် တစ်ခါလောင် ဆရာဝန်ကို မိမိမှတ်တမ်းပြပြီး ဆေးညှိမယ်။ အဆီ ၊ အငန် ရှောင်မယ်။ ဆေးလိပ် ဖြတ်ကြမယ်။ အရက်လျော့သောက်မယ်။(တနေ့ နှစ်ပါတ်တော့ ရသတဲ့ဗျား) ကိုယ်လက်လှုပ်ရှား ပုံမှန်လုပ်မယ်။ဝိတ်ချမယ်။ အသီးအရွက်တွေကျ များများစားပေးရပါမယ်တဲ့။

သွေးတိုးရှိသူတွေဟာ တစ်နှစ်တခါတော့ အနည်းဆုံး ဆေးစစ်သင့်ပါတယ်။ သွေးတွင်း အဆီပမာဏ ၊ ဆီးချိုရှိမရှိ ၊ နှလုံးအီးစီဂျီ စသည်တို့ စစ်ဆေးသင့်ပါတယ်။ အကြမ်းဖျဉ်း ဖော်ပြတာပါ ၊ တစ်ဦးချင်းစီအတွက် လိုအပ်တဲ့ စစ်ဆေးမှုများကို မိသားစုဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

 

ဒေါက်တာသော်ဇင်ညိမ်း
မိသားစု ကျန်းမာရေးစောင့်ရှောက်မှု ဆရာဝန်