နိုင်ငံအနှံ့မှာ တော်လှန်စစ် ဆင်နွှဲနေကြတဲ့ မြစ်ဝကျွန်းပေါ်သားများ

 

အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ လက်နက်ကိုင် တော်လှန်ရေးကို ရွေးခြယ်ခဲ့ကြတဲ့ ဧရာဝတီတိုင်းသား လူငယ်တွေဟာ မြန်မာနိုင်ငံအနှံ့က ရှေ့တန်း စစ်မျက်နှာပြင်တွေမှာ ပါဝင်နေကြပြီး မကြာခင်မှာ မြစ်ဝကျွန်းပေါ်ဒေသဆီ ပြန်လည် ဝင်ရောက်နိုင်ကြဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

“ အခုချိန်မှာ ကျွန်တော်က အညာမှာ တာဝန်ထမ်းဆောင်နေတာဆိုပေမယ့် ဒီမှာတာဝန်ထမ်းဆောင်နေတာကိုက တချိန်မှာ ကျွန်တော့်ဒေသကို ပြန်ရဖို့ ကျွန်တော် အိမ်ပြန်နိုင်ဖို့ အတွက်ပဲဖြစ်တယ် ” လို့ မကွေးတိုင်းထဲမှာ တိုက်ခိုက်ရေးလုပ်နေတဲ့ ရေကြည်သား PDF တဦးက ဆိုပါတယ်။

ဧရာဝတီတိုင်းဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒီချုပ်ပါတီက တိုင်းလုံးကျွတ် အနိုင်ရရှိခဲ့တဲ့ တိုင်းဒေသ တခုဖြစ်ပြီး အာဏာသိမ်းပြီးချိန် အစောပိုင်းကာလမှာလည်း ဆန္ဒပြတော်လှန်မှုတွေ အားကောင်းခဲ့ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးကို စတင်ကြဖို့ ပြင်ဆင်ကြရာမှာလည်း နီးစပ်ရာ အချိတ်အဆက်တွေနဲ့  တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ဆီကို  ထွက်ခွာခဲ့ကြပြီး စစ်ပညာတွေကို သင်ယူခဲ့ကြတာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့ အပတ်စဉ် ၁ နဲ့ ၂ မှာ ဧရာကလူတွေ အများကြီးပါပါတယ်။ သူတို့တွေက လက်ရှိမှာတော့ ရှေ့တန်းစစ်မြေပြင်တွေမှာ တာဝန်ထမ်းဆောင်နေကြပါတယ် ” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ (People’s Police) ရဲ့ လက်အောက်ခံတပ်ဖွဲ့ တခုဖြစ်တဲ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ့ (SSTF)ရဲ့  တာဝန်ရှိသူက  DNA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေထဲမှာ တော်လှန်ရေး အင်အားစုတချို့က ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသမှာ ခြေကုတ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အခြေအနေ မပေးတာကြောင့် နောက်ဆုတ်လိုက်ရပြီး ၂၀၂၅ နှစ်ဦးပိုင်းမှာ အာရက္ခတပ်တော်ရဲ့ ဦးဆောင်မှုနဲ့ အတူ မြစ်ဝကျွန်းပေါ် ဒေသထဲကို  ထိုးစစ်ဆင် ဝင်ရောက်လာနိုင်ကြပြီ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်က PDF တွေဟာ ဒေသတွင်းကို စစ်မရောက်ခင် ကတည်းက နိုင်ငံအနှံ့က တော်လှန်စစ်ပွဲတွေထဲမှာ ပါဝင်နေခဲ့ပြီး လက်ရှိအချိန်မှာလည်း ဧရာဝတီမြစ်ဝကျွန်းပေါ်က စစ်ဆင်ရေးတွေအပြင်  မိခင်တပ်ရင်း တပ်ဖွဲ့တွေရဲ့ တာဝန်ချထားရာ ဒေသတွေမှာ စစ်ရေးတာဝန်တွေကို ထမ်းဆောင်နေကြပါတယ်။

“ မိမိဒေသလွတ်မြောက်ရေးသာမကပဲနဲ့ တစ်နိုင်ငံလုံး လွတ်မြောက်ရေးတွေမှာပါ နေရာပေါင်းစုံကနေ ပါဝင်ပေးနေကြတဲ့ ​ဧရာဝတီတိုင်းသားတွေ ။ခြေသံလုံလုံဆောင်ရွက်ပေးခဲ့တဲ့ ရဲဘော်တွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ် ” လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဟောင်းတဦးဖြစ်တဲ့  ဦးနိုင်ထူးအောင်က ပြောပါတယ်။

ဒါအပြင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ စစ်ကောင်စီ ကွက်ပြည့်နင်း ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာ ဖြစ်တာရယ်၊ ပထဝီဝင်အနေ အထားအရ ရခိုင်ပြည်နဲ့ ကုန်းနယ်နိမိတ် ၊ ရေနယ်နိမိတ်တွေ ထိစပ်နေတာ၊ ရန်ကုန်ကို အလွယ်တကူ ချည်းကပ်နိုင်တာတွေကြောင့် မြစ်ဝကျွန်းပေါ် ဒေသကို  တော်လှန်ရေး အင်အားစုတွေ လွှမ်းမိုးနိုင်ပြီဆိုရင် ရခိုင်၊ဧရာဝတီ၊ပဲခူး စစ်ရေးလမ်းကြောင်း ပွင့်သွားပြီး တော်လှန်ရေး အင်အားစုတွေ ဘက်က အခွင့်သာ သွားမယ်လို့  ခန့်မှန်းသုံးသပ်ချက်တွေလည်း ရှိနေပါတယ်။

စစ်ကောင်စီကတော့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသက ထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေကို ဖြတ်လေးဖြတ် နဲ့ ပိတ်ဆို့ထားသလို ၊ တပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ခပ်စိပ်စိပ် လုပ်နေတာကို တွေ့ရပါတယ်။