၂၅၊ ဧပြီ။
ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့လည်မှာရှိတဲ့ ဟင်္သာရုပ်ထုမှာ ဧပြီလ ၂၁ ရက်နေ့ ညပိုင်းက PDF အလံလွှင်ထူခဲ့ပြီးနောက်ပိုင်း မြို့မှာလုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့ သုံးရက်က လမ်းဆုံဟင်္သာရုပ်ထုမှာ PDF အလံ ညဘက်ကြီး ထူသွားလို့ မနက်ကျမှ သိရပြီး လာဖြုတ်သွားကြတယ်”လို့ မြို့ခံတဦးက DNA ကိုပြောပါတယ်။
ဒီနေ့ မနက်မှာလည်း ဟင်္သာတမြို့ မြို့မစခန်းရှေ့မှာ ချောဆွဲထားတဲ့ ကားတွေကို စတန်းဘိုင် အနေအထားနဲ့ တန်းစီရပ်ထားတာကို တွေ့ခဲ့ရတယ်လို့ တာလေးရပ်ကွက်မှာ နေထိုင်သူ တဦးက ပြောပါတယ်။
“ အခုက ညတိုင်း ကင်းလှည့်တယ် ။ ရဲစခန်းရှေ့မှာ ကုန်ကား နှစ်စီး အလှည့်ကျ ရပ်ထားပေးရတယ်။ မြို့အဝင်အထွက်တွေ တအားစစ်တယ်။ ပြည်သူ့စစ် အပြာတွေပါတယ်။ မော်တော်ပီကယ်ကတော့ လိုင်စင်စစ်တယ် ငွေညှစ်တယ်”လို့ ပြောပါတယ်။
ဟင်္သာတမြို့ဟာ လက်တလော တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့လေးမျက်နှာမြို့နယ်နဲ့ မိုင် ၂၀ ကျော်သာ ကွာဝေးတာ ဖြစ်ပါတယ်။ ဟင်္သာတမြို့ အထွက်မှာ ခလရ (၁၈) ရှိနေပြီး ဟင်္သာတ ကနေတဆင့် လေးမျက်နှာကို စစ်အင်အား နဲ့ အပြာဝတ် ပြည်သူ့စစ်တွေကို အရပ်သား ခရီးသည်တင်ကားတွေကို ချောဆွဲပြီး ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။