ဧပြီ ၁၃
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသဟာ ရန်ကုန် တိုင်း၊ပဲခူးတိုင်း၊ရခိုင်ပြည်နယ်တို့နဲ့နီးစပ်လျှက် တည်ရှိနေပါတယ်။ ဟင်္သာတတစ်ဖက်ကမ်း ဧရာဝ တီမြစ်ကိုကူးလိုက်ရင် ပဲခူးတိုင်းအနောက် ခြမ်းရောက်သလို ဇလွန်တစ်ဖက်ကမ်းကိုကူးရင်လည်း ရန်ကုန်တိုင်းကိုရောက်ပါတယ်။
ငါးသိုင်းချောင်းက ငဝန်မြစ်ကူးတံတားကိုဖြတ်
ကျော်ရင် ရခိုင်ပြည်နယ်အစပ်ရောက်သလို မြန်
အောင်၊ကြံခင်းက ဆက်သွားရင်လည်း ပန်းတောင်း၊ရွှေတောင်၊ဆင်တဲ အစရှိတဲ့ပဲခူးနယ်ထဲ
ရောက်ပါတယ်။
ကားလမ်းတွေကောင်းကောင်းမပေါက်ခင်ကဧရာဝတီတိုင်းက ခရီးသည်များဟာ ရေလမ်း
မီးရထားလမ်းကိုသာအားကိုးရပါတယ်။ပုသိမ်
မြောင်းမြ၊လပွတ္တာ၊ဖျာပုံ၊ကျိုက်လတ် ၊မအူပင်
တထိုးကခရီးသွားများဟာ ရန်ကုန်မြို့တော်ကိုသွားမယ်ဆိုရင် သင်္ဘောစီးသွားကြပါတယ်။
သင်္ဘောက တွံတေးတူးမြောင်းကတဆင့်ရန်ကုန် မြစ်ထဲဝင်ပြီဆိုတာနဲ့ ရွှေတိဂုံဘုရားကိုဖူးမြင်ရတာ ကြည်ညိုစရာပါ။
ဧရာဝတီမြောက်ဖျားက ကြံခင်း၊မြန်အောင်ဟင်္သာ
တသားတွေကတော့ ရန်ကုန်ကိုသွားမယ်ဆိုရင် ဧရာဝတီမြစ်ကိုဇက်နဲ့ကူးပြီးတဖက်ကမ်းက သာရဝေါဘူတာကနေ ကြည့်မြင်တိုင်ဘူတာအထိရထားနဲ့ခရီးဆက်ကြရတာပါဘဲ။ရထားက လက်ပံတန်း၊သာယာဝတီ၊တိုက်ကြီး၊မှော်ဘီဖြတ်ကာအင်းစိန်ကနေရန်ကုန်ထဲဝင်ပါတယ်။
ရန်ကုန်-ပုသိမ်၊ရန်ကုန်-ဟင်္သာတကားလမ်းတွေပြီး တဲ့နောက် ရန်ကုန်ကိုကားနဲ့သွားလာသူပိုများလာပါတယ်။ ညောင်တုန်းမြို့နယ်ထဲက စက္ကော့ရွာမှာ ဧရာ ဝတီမြစ်ကိုဇက်နဲ့ကူးပြီး ရန်ကုန်ကိုခရီးဆက်ရတာပါ။အဲဒီတုန်းက ဒဂုံဧရာအဝေးပြေးဂိတ်ဟာ ဆင်မလိုက်မှာပါ။ယခုဂရင်းဟံ သာဆေးရုံနေရာပေါ့။နောက်မှလှိုင်သာယာရောက် သွားပါတယ်။
ဗိုလ်မြတ်ထွန်းတံတားပြီးတဲ့နောက်လမ်းပန်းချော မွေ့လာတဲ့အခါ ဧရာဝတီတိုင်းကလူကြီးလူငယ်များဟာ ရန်ကုန်ကိုအကြောင်းအမျိုးမျိုးနဲ့အခြေချလာပါတယ်။အဲဒီ့အထဲမှာ စက်ရုံအလုပ်ရုံတွေမှာအလုပ် ဆင်းကြသူတွေက အများစုအဖြစ်ပါတယ်။
သီတင်းကျွတ်ပိတ်ရက်နဲ့သင်္ကြန်ရက်တွေဆိုရင် ရန်ကုန်ကနေ ဧရာဝတီတိုင်းကိုပြန်ကြတဲ့ခရီးသည် တွေဟာ ဒဂုံဧရာအဝေးပြေးကွင်းမှာစည်ကားလို့နေပါတယ်။မိဘ ဘိုးဘွား မိသားစုတွေအတွက် ရန်ကုန်လက်ဆောင်တွေလည်းသူတို့နဲ့အတူပါသွားတာပေါ့။နယ်ပြန်ရောက်တဲ့အခါ မိဘ၊ဘိုးဘွားတွေကန် တော့ ညီအစ်ကိုမောင်နှမတွေလက်ဆောင်ပေးနဲ့ ရန်ကုန်လက်ဆောင်တွေဟာ မျက်နှာပန်းလှလို့ပေါ့။
ပိတ်ရက်စေ့လို့ ရန်ကုန်ပြန်ကြတော့တဲ့အခါ မိသား စုတွေကလည်း လက်ဆောင်ပြန်ပေးချင်ရှာတော့ ရွာထွက်၊ခြံထွက်သစ်သီးသစ်နှံတွေခူးဆွတ်ပေးကြပြန်ပါတယ်။ဘကြီးက ဆန်၆ပြည်တဲ့။အဖေက ခြံထွက်ဖီးကြမ်းငှက်ပျောသီးတစ်ခိုင်၊အမေက အိမ် နောက်ဖေးစင်ပေါ်ကဘူးသီးတစ်လုံး။ခြေရင်းအိမ် က အစ်မတို့လင်မယားကပိန္နဲသီးတစ်လုံး ရန်ကုန်မှာဈေးကြီးတယ်နော်လို့ပြောလိုက်သေး။အရီးလေးတို့အိမ်ကကောက်ညင်းဆန်တစ်ပြည်နဲ့ ပဲနီလေးနို့ဆီဗူး၂လုံး။စသည်ဖြင့်ဝိုင်းပေးကြတော့ ရန်ကုန်ပြန်မယ့်လင်မယားနှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဒီပစ္စည်းတွေဘယ်လိုသယ်ရမလဲပေါ့။
အပြန်ခရီးမှာ မြို့ကကားဂိတ်ရောက်တာနဲ့
ကားစပယ်ယာက လူစီးခအပြင် တန်ဆာခတောင်းပါတယ်။ရန်ကုန်ရောက်တော့လည်းဒီဝန်စည်စ လယ် တွေနဲ့ လိုင်းကားစီးဖို့မဟန်တော့တက္ကစီ ငှားရပြန်ပါတယ်။ ဘာမဆိုဈေးတွက်တွက်တတ်တဲ့မယားဖြစ်သူက သူ့လင်တော်မောင်ကို “ရှင့်အမျိုးတွေပေးလိုက်တာက အလကားရတာ ဟုတ်ပါတယ် ဒါပေမဲ့ကားခနဲ့တွက်ရင်တော့မကိုက်ဘူးတော်ရေ “လို့ဆိုပါတယ်။တချိန်ကလို မြစ်ကိုဇက်နဲ့ကူးသွားရမယ် ဆိုရင် သည်မိန်းမ ခိုအရှူံးပေးလောက်အောင်
ညီးမှာ သေချာပါတယ်။
တကယ်တော့ ရန်ကုန်နဲ့ဧရာဝတီဟာ အလှမ်းမဝေး တဲ့အလွမ်းအဆွေးနဲ့နေကြသူတွေပါ။ရန်ကုန်က မိသားစုတွေကသတိရလိုက်တာနဲ့ဧရာဝတီကိုဝေါကနဲရောက်သွားလိုက်ကြ၊ဧရာဝတီကမိသားစုတွေကလည်းထိုနည်းတူပါဘဲ။
သရက်သီးစိမ်းလေးတွေပေါ်ပြီဆိုတာနဲ့ ငါ့သားသ မီးတွေအတွက် တစ်ခြင်းပို့လိုက်မယ်။သည်နှစ် စိမ်းစားရေချိုငါးပိလေးထည့်ထားတာ ကားဂိတ်သွားယူဦးဆိုတာမျိုး။အသီးအနှံလေးပေါ်တာနဲ့ ရန်ကုန်မှာဈေးကြီးပေးရမှာ မလတ်ဆတ် မှာဆိုတာနဲ့ မေတ္တာထားပို့တတ်ကြသူ
တွေပါ။
ရန်ကုန်နေရတဲ့သူတွေမှာတော့ ဝန်စည်စလည်သယ်ရပိုးရတဲ့ကိစ္စဆို ဒုက္ခလို့မှတ်ကြပါတယ်။
လမ်းသွားရင်တောင် ထီးတစ်ချောင်းမသယ်ချင်
ကြသူတွေပါ။နယ်က မိဘမောင်ဘွားတွေက အမွန် တမြတ်နဲ့လက်ဆောင်ပစ္စည်းလေးတွေပို့လိုက်ပြီဆိုရင် ကားဂိတ်သွားယူရမှာကိုဝန်တာကြီးတယ်လို့မှတ်ယူကြပါတယ်။
ရန်ကုန်မှာဝယ်လည်းရတာပဲလေ ဒုက္ခခံပြီးပို့ရတယ် လို့ ဆိုတာမျိုးတောင်ရှိကြပါတယ်။
ရန်ကုန်ကနေ သီတင်းကျွတ်ကန်တော့ဖို့နယ်က မိ သားစုတွေဆီရောက်ရှိသွားတဲ့ ဂျေဒိုးနတ်နဲ့နယ်ကရွာအပြန်လက်ဆောင်ပေးလိုက်တဲ့ ဘူးသီးတစ်လုံးဟာ တန်ဘိုးခြင်းကွာပေမဲ့ မေတ္တာတန်ဘိုးကအတူ တူပါဘဲ။လေးတာ ပေါ့တာ ဝန်ကြီးတာသေးတာမကွာပါဘူး။ကွာနေတာက စိတ်ပါ။
ငွေတန်ဘိုးထက် မေတ္တာတန်ဘိုးကြီးမားစွာအပြန် အလှန်စီးဆင်းနေကြတဲ့ မေတ္တာခရီးသည်များကို မြင်အောင်ကြည့်ကာတန်ဘိုးထားနိုင်ကြပါစေ ကြောင်း ဧရာဝတီအယ်လ်ဘမ်ပုရိတ်သတ်များ ခင်ဗျာ။