ဧပြီ ၁၁
ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် ၊ ဒူးယားတိုက်နယ်
ထဲက သနွံသနော့ကျေးရွာအုပ်စု မကျည်းကုန်းရွာမှာ စစ်မှု့ထမ်းဖို့ လာခေါ်တဲ့ သနွံသနော့ အုပ်ချုပ် ရေးမှူး ဦးမောင်ဖြူ(ခ)ဦးသက်နိုင်ကို ဓါးနဲ့ပြန်ခုတ်
တဲ့အတွက် ဦးခေါင်းပြတ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
“စစ်မှုထမ်းဖို့ ခေါ်တာ ကလေးက လက်မခံဘူး မလိုက်ချင်ဘူး ၊ တရွာလုံး မဲနှိုက်ပါလားဆိုပြီး ပြသနာ တက်ကြတာ ၊ ဒီမနက်ကျ အဲဒီကလေး အိမ်မှာ သွားရှင်းကြတာ ၊ သူ့အိမ်မှာပဲ ခုတ်ပိုင်းပြီး ဦးခေါင်းကို လမ်းမှာ ချထားခဲ့လိုက်တာ”လို့ သနွံသနော့ရွာ သား တဦးက ပြောပါတယ်။
သနွံသနော့ ကျေးရွာအုပ်စု တခုလုံးမှာ ပိုက်ဆံတတ် နိုင်သူတွေက ငွေကြေးစုပြီး ချို့တဲ့မိသားစုတွေမှ လူငယ်တွေကို ပိုက်ဆံပေးပြီး စစ်မှု့ထမ်းဖို့ စီစဉ်ရင်း အခုလို အသတ်ခံရတာလို့ သိရပါတယ်။
“တချို့ မိဘတွေက ပိုက်ဆံ သိန်းနှစ်ဆယ် အစိပ်ရတော့ ကိုယ့်သားသမီးကို ထဲ့ပေးကြတယ်။ ပထမ တယောက်က တလလောက်နဲ့တင် သံတွဲဘက် ရှေ့ တန်းပါသွားတာ တိုက်ပွဲကျသွားတယ်။အခု နောက် တခေါက် အဲလိုလုပ်တော့ လက်မခံတော့ပဲ ဖြစ်တာ” လို့ တရွာတည်းနေသူက ဖြစ်စဉ်ကို ရှင်းပြပါတယ်။
စစ်မှုထမ်းဖို့ လာခေါ်တဲ့ သနွံသနော့ရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူ ကို မကျည်းကုန်းရွာမှာ နေထိုင်တဲ့ မောင်ကျော်ဇင်ဦးက သူ့အိမ်ပေါ်မှာပဲ ဓါးနဲ့ ခုတ်ပိုင်းခဲ့ပြီး ဦးမောင်ဖြူနဲ့ ပါလာသူနှစ်ကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။ မောင်ကျော်ဇင်ဦးကိုလည်း ဒီနေ့ မွန်းလွဲပိုင်းမှာ ဖမ်းမိခဲ့ပြီလို့ သိရပါတယ်။
ဧပြီလ ၁၀ ရက်နေ့က ကျုံပျော်မြို့နယ် ၊ ညောင်ပင် ကွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှကြိုင် အသတ် ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး ဧပြီလ ၁၁ ရက် ဒီနေ့မှာ ဟင်္သာတမြို့နယ် သနွံသနော့ အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူ အသတ်ခံရမှု ဆက်တိုက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။