ဧပြီ ၅
မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေမှာ ငလျင်ကြောင့် ဝမ်းနည်းပူဆွေးမှုတွေ မြင့်တက်နေတဲ့ အခုချိန်ထိ ဧရာဝတီတိုင်းထဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ဒါ့အပြင် သင်္ကြန်ကို အကြောင်းပြပြီး ငွေကြေးကောက်ခံမှုတွေလည်း ဆက်လုပ်နေပါတယ်။
စစ်မှုထမ်းစုဆောင်းမှုတွေနဲ့ စစ်မှုထမ်းထောက်ပံ့ငွေ အတင်းအကြပ် ကောက်ယူမှုတွေကိုလည်း ဧရာဝတီမှာ ဆက်တိုက်ပြုလုပ်နေဆဲပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဧရာဝတီတိုင်းထဲက မြို့ကြီးတွေမှာ စစ်ကောင်စီ ဖိအားပေးလို့ သင်္ကြန်မဏ္ဍပ်တွေ မဆောက်မနေရ ဆောက်နေရတဲ့ အကြောင်းကို သတင်းဌာနတွေက သတင်းရေးသားကြ ပြီးတဲ့နောက်မှာတော့ ဧရာဝတီတိုင်းရဲ့ နေရာတော်တော်များများမှာ မဏ္ဍပ်တချို့ကို ပြန်ဖျက်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။
မဏ္ဍပ်တွေ ပြန်ဖျက်နေသလို မြို့တော်မဏ္ဍပ်တွေမှာ ကပြဖျော်ဖြေဖို့ သင်္ကြန်ယိမ်းတိုက်နေတာတွေကိုလည်း ဆက်မလုပ်ရင်လည်း ရတယ်ဆိုတဲ့ ဖြေလျော့မှုတွေရှိနေပေမယ့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကိုတော့ ယခင် နှစ်တွေကလိုပဲ ခမ်းခမ်းနားနား ပြုလုပ်ဖို့ ဆက်ညွှန်ကြားထားတယ်လို့ သိရပါတယ်။
“ သူတို့(စစ်ကောင်စီ)ကြေညာထားသလိုပါပဲ ကခုန်သီဆိုတာတွေ မလုပ်ဘူးပေါ့ ။ ဒါပေမယ့် ဆွမ်းလောင်းဖို့တော့ လုပ်ရမယ်လို့ပြောတယ်။ အဲ့တော့ အဲ့အတွက်အလှူခံကတော့ ဆက်ရှိနေတယ် ” လို့ ဟင်္သာတခရိုင်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူး တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြခဲ့ကြတဲ့ ပုသိမ်အပါအဝင် မြို့ကြီးတွေက မဏ္ဍပ်တွေကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်းကိုလည်း လူမှုကွန်ရက်တွေကနေပဲ မြင်တွေ့နေရပါတယ်။
မဏ္ဍပ်တွေဖျက်သိမ်းလိုက်ပေမယ့် ဧရာဝတီတိုင်းက ဒေသခံတွေ ခံစားနေရတဲ့ သင်္ကြန်အကြောင်းပြု ဂယက်တွေကတော့ မငြိမ်သေးပါဘူး။
ဧရာဝတီဟာ ရွှေ့ပြောင်းအလုပ်သမား အများစု ရှိနေတဲ့ ဒေသတခုပါ။ ဧရာဝတီဒေသခံတွေဟာ အလုပ်အကိုင် အခွင့်အလမ်းအတွက် ဒေသတွင်းရော ၊ ပြည်ပမှာပါ ရေကြည်ရာမျက်နုရာ ရှာကြ ရွှေ့နေကြရသူများပါတယ်။
လက်ရှိ ရန်ကုန်တိုင်း လှိုင်သာယာမှာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ ဟင်္သာတမြို့ ဒေသခံ အမျိုးသားတဦးကတော့ သင်္ကြန်အိမ်ပြန်ဖို့ အစီအစဉ်ရှိလားဆိုတဲ့ မေးခွန်းအပေါ် “ ဒီနေ့ပြန် နောက်နေ့ ဗိုလ်ကြီး ဖြစ်မှာ မပြန်ဘူး ” လို့ ရယ်လျှက် တုန့်ပြန်ခဲ့ပါတယ်။
ဧရာဝတီတိုင်းအတွင်းက လူငယ်တွေဟာ ရပ်နီး၊ ရပ်ဝေး ဒေသတွေကိုသွားပြီး အလုပ်လုပ်ကိုင်ကြတာဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကဆိုပေမယ့် စစ်မှုထမ်း ဥပဒေထွက်လာပြီးချိန်မှာတော့ လူငယ်တွေရဲ့ ပြောင်းရွေ့မှုဟာ ပိုပြီးသိသာလာခဲ့ပါတယ်။
ယခင်က အဝေးမှာ အလုပ်သွားရောက် လုပ်ကိုင်ကြပေမယ့် သင်္ကြန်ကာလတွင်းမှာတော့ အလုပ်ပိတ်ရက် ရက်ရှည်ရတာကြောင့် နေရပ်ပြန်ကြလေ့ရှိပါတယ်။
ဒါပေမယ့် စစ်မှုထမ်းဖို့ အတင်းအဓမ္မခေါ်ဆောင်မှုတွေရှိနေတဲ့ ဒီလိုကာလမှာတော့ လူငယ်တွေဟာ စစ်မှုထမ်းကိုရှောင်ဖို့အတွက် မပြန်ကြဖို့ ဆုံးဖြတ်ကြသူတွေ များနိုင်တယ်လို့ မြောင်းမြက ရပ်ရွာအရေး တက်ကြွစွာ ဆောင်ရွက်လေ့ ရှိသူတဦးက ခန့်မှန်းပါတယ်။
“ ဒီနှစ်ကတော့ မြို့မှာကျန်နေတဲ့သူတွေနဲ့ပဲ သူတို့(စစ်ကောင်စီ)လုပ်ခိုင်းတဲ့ ပွဲတွေကို လုပ်ဖြစ်မယ်ထင်တယ် လူငယ်တွေပြန်လာဖို့ကလည်း ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလိုဖြစ်နေမှာလေ ” လို့ သူကပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ဇလွန်မြို့နယ်အတွင်းက ကျေးရွာတခုမှာနေထိုင်တဲ့ ဒေါ်ခွေးမ ဆိုသူက “ ကိုယ်ကတော့ ပြန်လာစေချင်တာပေါ့။ တွေ့ချင်တာကိုး ဒါပေမယ့် သူလာလို့မဖြစ်ဘူး သူက စစ်မှုထမ်းမဲပေါက်ထားတယ်။ အခုလည်း စစ်မှုထမ်းမဲပေါက်ပြီး လူမရှိလို့ဆိုပြီး ဆွမ်းလောင်းဖို့မှာ အလှူငွေ ၅ သိန်းထည့်ဖို့ပြောတယ် ” လို့ အခြေအနေကို ရှင်းပြပါတယ်။
DNA အနေနဲ့ အလှူငွေတောင်းခံတဲ့ ငွေပမာဏကို တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် စစ်မှုထမ်းရမယ့်သူတွေကို ပြန်ခေါ်ဖို့ မလာဘူးဆိုရင် ငွေပေးဖို့နဲ့ မိသားစုရဲ့ လုံခြုံရေးကို အာမ မခံဘူးဆိုတဲ့ ခြိမ်းခြောက်မှုတွေတော့ ရှိနေတယ်ဆိုတာတွေကိုတော့ အတည်ပြုနိုင်ခဲ့ပါတယ်။
ဒေးဒရဲနဲ့ မအူပင်မြို့တွေက တချို့ကျေးရွာတွေမှာလည်း ရန်ကုန်တက် အလုပ်လုပ်နေသူတွေကို သင်္ကြန်ဆွမ်းလောင်းပွဲ စည်ကားစွာလုပ်နိုင်ဖို့အတွက် စစ်မှုထမ်းထဲမထည့်ပါဘူးဆိုတဲ့ အာမခံချက်နဲ့ ပြန်လာဖို့ခေါ်ခိုင်းနေတာတွေ ရှိတယ်လို့ သိရပါတယ်။
“ ကျွန်မကလေးတွေ(တပည့်)ရဲ့ အစ်ကိုတွေ အစ်မတွေကို ပြန်လာဖို့ခေါ်ခိုင်းနေတာရှိတယ်။ မိဘတွေကိုလည်းပြောတယ်။ ကျွန်မက ဆရာမဆိုတော့ ကျွန်မအနေနဲ့လည်း ခေါ်ပေးပါပေါ့ ပြောတာတွေရှိတယ်။ အကြောင်းကတော့ သင်္ကြန်ကို စည်စည်ကားကားလေးလုပ်ဖို့ပေါ့ ” လို့ ဒေးဒရဲမှာရှိနေတဲ့ DNA ရဲ့သတင်းရင်းမြစ်ဖြစ်သူ Non – CDM အလယ်တန်းပြ ဆရာမက ပြောပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်းရဲ့ ပုသိမ်ခရိုင်နဲ့ ဟင်္သာတခရိုင်တွေမှာ တိုက်ပွဲတွေ ကြိုကြား ကြိုကားရှိနေပြီး စစ်ကောင်စီက လေကြောင်းနဲ့ပါတိုက်ခိုက်မှုတွေ ပြုလုပ်နေပေါတယ်။ဒါပေမယ့် ဒေသတွင်း သတင်းစီးဆင်းမှု နှေးကွေးတာကြောင့် အခြေအနေတွေ သေချာမသိကြရသလို စစ်ရေးအတွက် စိုးရိမ်မှုတွေလည်း ရှိနေတာပါ။
ဒါအပြင် ငလျင်ကြောင့်ထိခိုက်ခံစားနေကြရတဲ့ ဒေသတွေဆီကို ကူညီကယ်ဆယ်ရေးတွေ သွားနိုင်ဖို့ လူအား၊ ငွေအားတွေ ပို့နိုင်ဖို့ မြို့အလိုက် ၊ အဖွဲ့အလိုက် ကြိုးစားနေကြတာတွေလည်း ရှိနေပါတယ်။
ဒီလိုအခြေအနေမှာ တချို့နေရာတွေက သင်္ကြန်မှာပျော်ရွှင်ဖို့ အားခဲနေကြပေမယ် ဒီလိုလူတွေ အတွက်ကြောင့်နဲ့တော့ ဧရာဝတီတိုင်းကို မဆုံးဖြတ်ကြဖို့ မေတ္တာရပ်ခံပါတယ်လို့ ပုသိမ်မြို့က DNA ရဲ့ သတင်းရင်းမြစ်ဖြစ်တဲ့ ယာဉ်မောင်းတဦးက ဆိုပါတယ်။
“ လူကောင်း လူဆိုးဆိုတာ နေရာတိုင်းမှာရှိပါတယ်။ မန်းလေး အောင်ပန်းမှာလည်းရှိတာပဲ။ ဧရာမှာလည်း ဒီလိုပဲပေါ့။ သင်္ကြန်ကျရင် အပျော်အပါးတွေနဲ့ ပွဲထွက်လာဦးမှာတွေ ရှိနေပါတယ်။ ဒါပေမယ့် အဲ့ဒါက ကိုယ်ချင်းစာတရားရှိတဲ့သူတွေကို ကိုယ်စားမပြုပါဘူးဗျ ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် သင်္ကြန်ကစပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အထိ သင်္ကြန်ပွဲတော်ကို နယ်ရောမြို့ပါမကျန် စည်းကားစွာ ကျင်းပခဲ့တဲ့ တိုင်းဒေသတခု ဖြစ်ပါတယ်။