ဧပြီ ၃
မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြုပြီး အင်အားအ လွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့တာက တပတ် လောက်ကြာမြင့်လာပါပြီ။
ဒီငလျင်ရဲ့ အဖျားခတ်မှုကို သိသိသာသာ ခံစားခဲ့ရတဲ့ ဧရာဝတီတိုင်းမှာလည်း ငလျင်နောက်ဆက်တွဲအဖြစ် မီးပြတ်၊ ရေပြတ်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ အပြင် စစ်ပွဲတွေမရှိတဲ့ နေရာတချို့မှာ စစ်မှုထမ်းဖို့ အ တွက် ဖိအားပေးနေမှုတွေကလည်း ဆက်ရှိနေပါတယ်။
ဒါ့အပြင် နီးကပ်လာနေပြီဖြစ်တဲ့ သင်္ကြန်ကာလအ တွက် မဏ္ဍပ်တွေဆောက်လုပ်ဖို့နဲ့ နှစ်စဉ်ပြုလုပ်နေကြ နှစ်ကူးဆွမ်းလောင်းပွဲတွေကို စည်စည်ကားကားပြုလုပ်ဖို့ ကျေးရွာနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို ဖိအားပေးခိုင်းစေနေပါတယ်။
စစ်ကောင်စီဟာ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့လို့ မတ်လ ၃၁ ရက် နေ့ကနေစပြီး ဧပြီလ ၆ ရက်နေ့အထိ ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံတော်အလံကို တိုင်တဝက် လွှင်ထူမယ်လို့ ကြေညာခဲ့ပေမယ့် မတ်လ ၃၁ ရက်နေ့မှာတော့ ပုသိမ်ခရိုင် ၊ ရေကြည်မြို့နယ်ထဲက ကညင်ကိုင်း နဲ့ လဲခုံလေးရွာတွေ အနီးကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့ပါတယ်။
ဒါပေမယ့် ရေကြည်မြို့နယ်ထဲက ပြည်သူတွေဟာ ငလျင်ဒဏ်သင့်ဒေသတွေအတွက် ဧရာထွက် ငါး ခြောက်ငါးခြမ်း အကြော်အလှော်တွေကို ချက်ပြုတ် ပေးပို့နေကြတာကို လူမှုကွန်ရက်စာ မျက်နှာတွေမှာ တွေ့နေရပါတယ်။
ဒီလိုအခြေအနေတွေကြားက ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်နဲ့ ဖျာပုံခရိုင်တွေက လူမှုကူညီ ကယ်ဆယ်ရေး အသင်းတွေဟာ ငလျင်ဒဏ်ခံရတဲ့ ဒေသတွေဆီကို ကူညီကယ်ဆယ်ရေးတွေ လုပ် ဆောင်နိုင်ဖို့ ကိုယ့်အစီအစဉ်တွေနဲ့ကိုယ် ထွက်ခွာကူညီနေကြပါတယ်။
ဒါ့အပြင် တတိုင်းလုံးမှာရှိနေတဲ့ လူမှုကူညီရေး တက်ကြွသူတွေကလည်း ကူညီကယ်ဆယ်ရေး သွားကြတဲ့သူတွေ အတွက် တတ်နိုင်သလောက် စုပေါင်းထောက်ပံ့မှုတွေ ပြုလုပ်နေကြပါတယ်။
“ သွားရတာကတော့ လမ်းကြောင်းက ကြပ်တယ်လို့ပဲပြောပါရစေ။ ကျွန်တော်တို့ရောက်လာတော့လည်း လူအင်အားတော့များလာပေမယ့် ထိရောက်လားလို့မေးရင်တော့ ထိရောက်အောင် မကူညီနိုင်သေးဘူးဆိုတာကို ဝန်ခံပါတယ် “ လို့ ဧရာဝတီတိုင်းကနေ မန္တလေးကိုရောက်ရှိနေသူ တဦးက ဆိုပါတယ်။
သူက “ ကျွန်တော်တို့ပေးနိုင်တာက ငါတို့ဧရာကလူတွေလည်း မင်းတို့ကိုပစ်မထားဘူးဆိုတဲ့ သတင်းစ ကားပေါ့။ သူတို့အတွက် နည်းနည်းပဲဖြစ်ဖြစ် အား တက်လာပါစေပေါ့ “ လို့ ဆက်ပြောပါတယ်။
ငလျင်ဒဏ်သင့်ဒေသတွေကို ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့ မြန်မာနိုင်ငံတောင်ပိုင်းကနေ တက်လာကြတဲ့ ကူညီကယ်ဆယ်ရေးကားတွေကို စစ်ကောင်စီဂိတ်တွေက ဖြတ်သန်းခွင့်မပေးပဲ ပြန်လှည့်ခိုင်းတာတွေ ရှိနေပါတယ်။
ဒီလို အခက်အခဲတွေ ရှိနေပေမယ့် ဧရာဝတီတိုင်းက အဖွဲ့တွေကတော့ လုံလောက်တဲ့ လူအင်အားနဲ့ ငွေအင်အားတွေ စုဆောင်းပြီး ထွက်ခွာနိုင်ဖို့ ပြင်ဆင် လုပ်ဆောင် နေကြဆဲဖြစ်သလို လူငယ်တွေဟာလည်း ငလျင်အတွက် လမ်းပေါ်ထွက် အလှူခံတာတွေ ပြုလုပ်နေကြပါတယ်။
“ ကျွန်တော်တို့က သွေးလှူကြမယ်ပြီးရင် ဝိုင်းကူကြမယ်ပေါ့။ တကယ်ဆို အမြန်ဆုံးသွားရမှာဆိုပေမယ့် ဒီကာလကြီး လူငယ်တွေဆိုတော့ သိတဲ့အတိုင်း အ န္တရာယ်ကလည်းများ သွားဖို့လာဖို့ ငွေကြေးလိုအပ် ချက်တွေနဲ့ ကြာနေတာပေါ့” လို့ ဟင်္သာတခရိုင်ရှိ မြို့နယ်တခုက ပရဟိတ အဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။
ပုသိမ်နဲ့ ရေကြည်မြို့နယ်တွေက အဖွဲ့အစည်းတချို့ကတော့ စစ်ဘေးကို ကူညီရမလား၊ ငလျင်ဘေးကို ကူညီရမလားနဲ့ ဗျာများရပေမယ့် အခြေအနေအရ ကူနိုင်တာတွေကို ဖြန့်ကျက်ကူညီမှုတွေ လုပ်နေပါတယ်လို့ ရေကြည်မြို့ပေါ်မှာ နေထိုင်တဲ့ DNA ရဲ့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။
“ ကျွန်တော်တို့ လူစုထားပြီးမှ ဖျက်လိုက်တယ်။ ငွေပဲစုပြီးပို့လိုက်တော့မယ်။” လို့ ပုသိမ်ကသွားရောက် ကူညီမယ့်သူတွေကို စုစည်းခဲ့သူ တဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဧရာဝတီတိုင်းမှာ အလှူပွဲတချို့ရှိနေပေမယ့် မုန်တိုင်းလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက် တွေနဲ့ စစ်ကောင်စီရဲ့ ဖိအားပေးခိုင်းစေမှုတွေကြားမှာ ဧရာဝတီဟာ ရုန်းကန်နေရနေရတယ်လို့ ဟင်္သာတ ခရိုင်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူး တဦးက ဆိုပါတယ်။
“ဒီလိုအချိန်မှာ ဒါတွေကို မလုပ်ချင်ဘူး။ ငလျင်နဲ့ မုန်တိုင်းခန့်မှန်းချက်တွေနဲ့ ကြိုတင်ပြင်ဆင်ရမှာ တွေကိုကျ မလုပ်ဘူး။ သူတို့ခိုင်းတာကို မလုပ်လို့ ကိုယ့်ပြဿနာရှာ အကြောင်းမဟုတ်ဘူး သူတို့က ရွာကိုပြဿနာရှာကြတာ” လို့သူကဆက်ပြောပါတယ်။
ပုံစာ – ငလျင်ဒဏ်သင့်မန္တလေးမြို့တနေရာ
#ဧရာဝတီ #စစ်ကောင်စီ #ဖိအား #DeltaNewsAgency