အော်ရီဂျင်နယ်ဗိုလ်အောင်ဒင်

မတ်လ ၃၁

၂၀၂၁ခုနှစ်နောက်ပိုင်းမှာ ရန်ကုန်၊မန္တလေးမြို့ကြီး တွေမှာသာမက ကျန်မြို့ကြီးတွေမှာပါ လက်ရဲဇက် ရဲဆန်တဲ့ဓားပြတိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာ တာတွေ့ရတော့ ရှေးဟောင်းဇာတ်လမ်းထဲက ဓားပြဗိုလ်ကြီး ဗိုလ်အောင်ဒင်ကိုသွားသတိရမိပါတယ်။

ဇာတ်လမ်းထဲကဗိုလ်အောင်ဒင်ဟာ ခုခေတ်ဓားပြ တွေလိုမယုတ်မာပါဘူး။မကောက်ကျစ်ပါဘူး။ မရက်စက်ပါဘူး။

ရွှေဒုံးဘီအောင်မွေးဖွားပေးလိုက်တဲ့ အော်ရီဂျင်နယ်ဗိုလ်အောင်ဒင်ကို မမီလိုက်တဲ့လူတွေဟာ ကက်ဆက်တိပ်ခွေဇာတ်လမ်းခေတ်မှာဂီတစာဆို မောင်ကြေးမုံရဲ့ရီတန်းအော့ဖ်ဗိုလ်အောင်ဒင်ကို ကောလိပ်ဂျင်နေဝင်းအသံနဲ့နားဆင်ခံစားခဲ့ကြရပါ သေးတယ်။

အလှုအိမ်မှာဘဲဖြစ်ဖြစ်၊အသုဘအိမ်မှာဘဲဖြစ်ဖြစ် လော်စပီကာကကက်ဆက်ဇာတ်လမ်းဖွင့်ရင် ဗိုလ် အောင်ဒင်ဇာတ်လမ်းမပါတာမရှိပါဘူး။ကူညီလုပ် ကိုင်ပေးတဲ့ ရွာသူတွေက ကြက်သွန်တဒေါက်ဒေါက် လှီးရင်း ဗိုလ်အောင်ဒင်ဇာတ်လမ်းကို နားထောင် ကြတာပေါ့။ဗိုလ်အောင်ဒင်နဲ့မမြဝင်းတို့ လွမ်းခန်းရောက်ပြီဆို ရွာသူတွေလည်း မျက်ရည်တွေစို့ပေါ့။မမြဝင်းကိုသနားလို့မျက်ရည် စို့တာလားကြက်သွန် နီခိုးကြောင့် မျက်ရည်စို့တာ လားတော့ မခွဲခြားတတ်ပါဘူး။

ပြောချင်တာက ဗိုလ်အောင်ဒင်ခေတ်တစ်ခေတ်ရှိခဲ့ကြောင်းကိုပါ။ ဗိုလ်အောင်ဒင်ဆိုတာနဲ့နှလုံးသား လှတဲ့လူကြမ်းကြီးတစ်ယောက်လို့ပြေးမြင်ကြပါတယ်။

နှလုံးလှလူကြမ်းကြီးစရိုက်ကိုပီပြင်စွာသရုပ်ဆောင် ခဲ့တဲ့ အော်ရီဂျင်နယ်ဗိုလ်အောင်ဒင်ကတော့ ရုပ်ရှင် သရုပ်ဆောင် ခင်မောင်ရင်ဘဲဖြစ်ပါတယ်။ ခင်မောင်ရင်ကို မြန်မာသက္ကရာဇ်၁၂၆၄ ခုနှစ်မှာ ဧရာဝတီတိုင်း မအူပင်မြို့မှာအဖဦးကျော်လှ၊အမိဒေါ်သောင်းမေတို့က မွေးဖွားခဲ့ပါတယ်။

မအူပင်အစိုးရအထက်တန်းကျောင်းမှာပညာသင် ကြားနေရင်း ၁၉၂၀ပြည့်နှစ် ပထမကျောင်းသား သပိတ်ဖြစ်တဲ့အတွက် မန္တလေးအမျိုးသားအထက် တန်းကျောင်းနဲ့ သာသနာပြုကျောင်းတွေမှာ ပညာဆက်လက်သင်ကြားခဲ့ပါတယ်။ကျောင်းကထွက်ပြီးတဲ့အခါ ရေစကြိုအမျိုးသားကျောင်းမှာဆရာဝင်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ရန်ကုန်အစိုးရပုံနှိပ်တိုက် မှာအမှုထမ်းခဲ့ပါတယ်။

ပုံနှိပ်တိုက်မှာလုပ်နေစဉ် ဘားမားဖိုတိုဖလင်းရုပ်ရှင် ကုမ္ပဏီပိုင်ရှင် ဦးဘငြိမ်းနဲ့ရင်းနှီးပြီး သူ့ရဲတိုက်တွန်း ချက်အရ ဧကပါဒုက ဇာတ်ကားမှာပထမဆုံးရုပ်ရှင် မင်းသားအဖြစ် ပါဝင်သရုပ် ဆောင်ခဲ့ပါတယ်။ခင်မောင်ရင်ဟာ ပထမဆုံးရုပ်ရှင် ဇာတ်ကားဖြစ် ပေမဲ့ ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် လူကြိုက်များခဲ့ပါတယ်။

ဒါကြောင့်လည်း အလုပ်ကထွက်ကာရုပ်ရှင်နယ် ကိုကူးပြောင်းခဲ့ပါတယ်။ ဗြိတိသျှဘားမားရုပ်ရှင် ကုမ္ပဏီကနေ ရိုက်ကူးထုတ်လုပ်တဲ့နေနဲ့လရွှေနဲ့မြ၊ ဝတ္တရား၊ အချစ်ဆုံး၊ ဗိုလ်အောင်ဒင်၊မိုးခေါင်ကျော် စွာ စတဲ့ဇာတ်ကားများမှာမင်းသားအဖြစ် သရုပ် ဆောင်ခဲ့ပါတယ်။ဗိုလ်အောင်ဇာတ်ကားကို ဒါရိုက်တာ ရွှေဒုံးဘီအောင်ကရေးသား ရိုက်ကူးခဲ့ပြီး ခင်မောင် ရင်၊ဘချစ်နဲ့မေမေဝင်းတို့ ပါဝင် သရုပ် ဆောင် ခဲ့ပါတယ်။ထူးခြားချက်ကတော့ မင်းသားခင်မောင်ရင် က မအူပင်ဇာတိဖြစ်သလို မင်းသမီးမေမေဝင်းကလည်းမအူပင် မလက်တိုဇာတိဖြစ်ယုံမက ဒါရိုက် တာရွှေဒုံးဘီအောင်ကလည်း ညောင်တုန်းသားဖြစ် နေတော့ ဆယ့်လေးမျဉ်းစောင်းဗိုလ်အောင်ဒင်လို့တောင် ခေါ်ရမလားပါဘဲ။

ခင်မောင်ရင်ဟာ ရုပ်ရှင်မှာသရုပ်ဆောင်ကောင်းယုံမက အသံမှာလည်းပါရမီရှိသူတစ်ဦးဖြစ်ပါတယ်။ ရွှေတိုင်ညွန့်ရေးတဲ့ ကျန်းကျန်းမာမာ ချမ်းချမ်း သာသာ ဘေးရန်ကာဆီးမည် လူမွဲတွေကမနှေးခေတ်မီ သူဌေးဖြစ်တော့မည်ဆိုတဲ့ နဂါးနီသီချင်းရဲ့မူရင်းအဆိုတော်ဟာ ခင်မောင်ရင်ပါဘဲ။၁၉၃၇ခုနှစ် နဂါးနီစာအုပ်အသင်းပေါ်ပေါက်လာတဲ့အခါ ခင်မောင်ရင်ဟာ နဂါးနီသီချင်းကိုဆိုပြီး ဝါဒဖြန့်ချီပေးခဲ့တဲ့အတွက်မျိုးချစ်စိတ်ဓာတ်ရှိသူ တစ်ဦးလည်းဖြစ်ပါတယ်။

အသံကောင်းပြီးငြိမ့်ငြိမ့်အေးအေးသီချင်းတွေသီ ဆိုတတ်တဲ့ ခင်မောင်ရင်ဟာ သူပါဝင်တဲ့ရုပ်ရှင်ကား များရဲ့ ဇာတ်ဝင်တေးတွေ အပါအဝင် စကြာ သိုက်၊ ဘိုးဘိုးအောင်၊ကုသဝတီ၊ဆိပ်ကမ်းသာ စတဲ့ဓာတ် ပြားများကိုလည်းသီဆိုခဲ့ပါတယ်။

ဇနီးဖြစ်သူဒေါ်သန်းသန်းနဲ့သား၂ယောက်ထွန်းကားခဲ့ပြီး ခရစ်နှစ်၁၉၄၆ခုနှစ်မှာ ကျောက်မြောင်းရပ်၊ရန်ကုန်မြို့မှာကွယ်လွန်သွားခဲ့ပါတယ်။

ခင်မောင်ရင်ကွယ်လွန်ခဲ့တာကြာပြီဖြစ်ပေမဲ့ သူ့ရဲ့ ဗိုလ်အောင်ဒင်ရုပ်ရှင်နဲ့ နဂါးနီသီချင်းတို့ဟာခေတ်အဆက်ဆက်ပုရိတ်သတ်များကြားမှာရေပန်း စားလျှက်ပါ။

လူဆိုး လူကြမ်းကြီးပေမဲ့ ဆင်းရဲသားပြည်သူ
လူထုအပေါ်သစ္စာရှိတဲ့ မယုတ်မာမကောင်ကျစ်တဲ့ အချစ်ကြီးချစ်တတ်တဲ့ အော်ရီဂျင်နယ်ဗိုလ်အောင် ဒင်ကို အမှတ်တရပြန်လွမ်းကြရအောင်ဗျာ။