မတ်လ၊ ၂၈ရက်။
(Fact Check) DNA/ The Red Flag
စစ်ကိုင်းတိုင်းမြို့အနီးကိုဗဟိုပြုပြီး ဒီကနေ့မတ်လ၊ ၂၈ရက်မွန်းလွဲ ၁၂နာရီ ၅၀မိနစ်အချိန်ခန့်က လှုပ်ရှားသွားတဲ့ ငလျှင်ရဲ့နောက်ဆက်တွဲအနေနဲ့ ဆူနာမီ လှိုင်းလုံးတွေ မြန်မာကန်းရိုးတန်းကိုရောက်ရှိနေတဲ့ဆိုတဲ့ သတင်းတွေ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံံ့နှံ့နေပါတယ်။
အဲ့ဒီသတင်းတွေနဲ့ ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ အချက်လက်စစ်ဆေးကြည့်တဲ့အခါမှာ ဒီကနေ့လှုပ်ခတ်ခဲ့တဲ့ ၇.၇ စကေးရှိတဲ့ ငလျှင်ဟာ ကုန်းတွင်းငလျှင်ဖြစ်တာအပြင် အဲ့ဒီလှုပ်ခတ်ပြီးတဲ့နောက် ငလျှင်ငယ် ၁၈ကြိမ်ထပ်မံလှုပ်ခတ်ခဲ့တာကြောင့် နောက်ထပ်ငလျှင်ကြီးလှုပ်ခတ်နိုင်ခြင်းမရှိဘူးလို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။
“ငလျှင်ကထပ်မလာနိုင်တော့ပါဘူး၊ aftershock (နောက်ဆက်တွဲ) လှုပ်သွားတာက အခုဆို ၁၇ကြိမ်ရှိသွားပါပြီ။” လို့မိုးလဝသပညာရှင် ဦးဝင်းနိုင်က DNA Fact Check အဖွဲ့ကိုပြောပါတယ်။
ဒီကနေ့မွန်းလွဲပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျှင်ထက် ပိုမိုကြီးတဲ့ ငလျှင်မျိုး ထပ်လာနိုင်မှာ မဟုတ်သလို လက်ရှိလှုပ်ခတ်ခဲ့တဲ့ ငလျှင်အမျိုးစားကလည်း ဆူနာမီငလျှင်ဖြစ်ပွားနိုင်တဲ့ ငလျှင်အမျိုးစားမဟုတ်ဘူးလို့သူကဆက်ပြောပါတယ်။
လက်ရှိဖြစ်ပွားခဲ့တဲ့ ငလျှင်အမျိုးအစားဟာ ဆူနာမီဖြစ်ပွားနိုင်တဲ့ ငလျှင်အမျိုးစားမဟုတ်ကြောင်းကို မိုးလေဝသပညာရှင် ဦးဝင်းနိုင်က “ အခုကုန်းတွင်းမှာ လှုပ်သွားတဲ့ စစ်ကိုင်းမှာ လှုပ်သွားတဲ့ ငလျှင်ကြီးက ဘေးတိုက်ရွေ့တယ်၊ အရှေ့အနောက်ရွေ့တယ်၊ တောင်မြောက်ရွေ့တယ်။ အထက်အောက်ရွေ့တာမဟုတ်ဘူး၊ အထက်အောက်ရွေ့ရင် ကျနော်တို့ ရှိသမျှအဆောက်အဦးတွေတောင် ကုန်နေလောက်ပြီ” လို့ အခုလိုရှင်းပြပေးထားပါတယ်။
ဆူနာမီဖြစ်ပွားနိုင်တဲ့ ငလျှင်အမျိုးစားကိုလည်း ပညာရှင်တွေက အခုလိုပြောပြပေးထားပါတယ်။
- ပင်လယ်အောက်ငလျင်ဖြစ်ရပါမယ်။
- ပင်လယ်ပြင်အောက်ရှိ ကြားခံကျောက်လွှာတွေ ရုတ်တရက်ရွေ့လျားပြီး ရေထုကို အလွန်အမင်းလှုပ်ခတ်စေနိုင်တဲ့ ငလျင်မျိုးဖြစ်မှသာ ဆူနာမှဖြစ်စေနိုင်မှာပါ။
- ပင်လယ်ကြမ်းပြင်အောက် ငလျှင်ရဲ့ ရစ်ချတာစကေးကလည်း အနည်းဆုံး ၇.၀နဲ့အထက်ရှိရပါမယ်။
- ဒါ့အပြင် ကန်းရိုးတန်းနဲ့နီးပြီး အနက်နည်းငလျှင်ဖြစ်ရမှသာ ရေလှိုင်းကြီးတွေကိုဖြစ်ပေါ်စေပြီ ဆူနာမီဖြစ်လာနိုင်မှာပါ၊
- ဆူနာမီဖြစ်ပွားနိုင်တဲ့ ငလျှင်အမျိုးစားကလည်း တောင်မြောက်၊ ရှေ့နောက်၊ ဘေးတိုက်ရွေ့လျားတဲ့ ငလျှင်မဟုတ်ဘဲ အထက်အောက်ရွေ့နိုင်တဲ့ ငလျှင်အမျိုးအစားကသာ ရေအောက်မြေမျက်နှာပြင်ကို ဒေါင်လိုက်ရွေ့လျားစေပြီး ဆူနာမီကို အလွယ်တကူဖြစ်စေနိုင်တာပါ။
ဒါကြောင့် လက်ရှိ စစ်ကိုင်းတိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလျှင်က နောက်ဆက်တွဲအနေနဲ့ ဆူနာမီကိုဖြစ်ပေါ်စေတယ်ဆိုတာ သတင်းမှားဖြစ်ကြောင်းကို DNA FactCheck အဖွဲ့အနေနဲ့ အတည်ပြုနိုင်ခဲ့ပါတယ်။
လက်ရှိ ၆နာရီ ၂၅အချိန်ထိ နောက်ဆက်တွဲ aftershock ငလျှင်ငယ် လှုပ်ခတ်ခဲ့ပြီးကြောင်း ဦးဝင်းနိုင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း ဖော်ပြထားပါတယ်။
ဦးဝင်းနိုင် – https://www.facebook.com/share/p/1A5sNizS4A/
ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/