၂၅၊ မတ်
ပညာရေးနဲ့ သင်ပြနည်းပညာ ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၅) အတွက် ဧရာဝတီတိုင်းက လျှောက်ထားတက်ရောက်သူ သင်တန်းသား၊ သင်တန်းသူ သုံးထောင်ဝန်းကျင်ရှိတယ်လို့ DNA ရဲ့ စုံစမ်းမှုအရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က စစ်ကောင်စီကထုတ်ပြန်ခဲ့တဲ့ စာရင်းအရဧရာဝတီတိုင်းမှာ လျှောက်ထားသူ ၃၇၅၆ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။
“ဒီပလိုမာသင်တန်း တက်တဲ့သူတွေက ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ဘွဲ့ရပြီးပညာရေးကောလိပ်မှာ pptt (လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတက်ပညာသင်တန်း)တက်ပြီးမူပြဖြစ်တဲ့သူတွေ။ နောက်ထပ်ပညာရေးကောလိပ်မှာ မစယလို့ခေါ်တဲ့ မူလတန်းပြဆရာ သင်တန်းတက်ပြီးသူတွေ။ မူဝါဒအပြောင်းအလဲကြောင့် ဒီပလိုမာသင်တန်းကို ထပ်တက်ရတာ။ ဒီပလိုမာသင်တန်း မတက်ရင် BED လို သင်တန်းတက်လို့မရဘူး။ အခုက Dip.EP ပေါ့ “ လို့ ဟင်္သာတဒေသခံ သင်တန်းသူတဦးက ပြောပါတယ်။
ဒီသင်တန်းနဲ့ပတ်သက်လို့ သင်တန်းကြေး တသောင်းရှစ်ထောင်ကျော်ပေးသွင်းရမယ်၊ မတက်မနေရ တက်ရမယ်၊ အခြေခံ စစ်သင်တန်းပါ တွဲဖွင့်မယ်စတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် မနေ့က မတ်လ ၂၄ ရက်နေ့မှာ သင်တန်းအပ်လက်ခံတဲ့ အခြေအနေအရတော့ သတင်းမှားသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒီပလိုမာသင်တန်းဖြစ်တာကြောင့် တက်ချင်သူတွေလျှောက်ထား တက်ရောက်နိုင်ပြီး မတက်မနေရ မဟုတ်တာကြောင့် လျှောက်ထားပြီးမှ မတက်ဖြစ်ဘူးဆိုရင် အကြောင်းရင်းနဲ့တကွ မတက်နိုင်ကြောင်း လျှောက်ထားလို့ ရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာလည်း စာအုပ်ဖိုးတသိန်းဝန်းကျင် ပေးသွင်းရမယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် အခုချိန်ထိ တောင်းခံခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။
တကယ်ခက်ခဲတာက အဝေးကနေ လာတက်ရတဲ့သူတွေပဲ။ အပြင်ဆောင်မှာနေမယ်ဆို လမ်းစရိတ်၊ နေစရိတ်၊ နောက်စားစရိတ် ဝယ်စားမယ်ဆိုရင် အသီးရွက်ကြော်တခွက်ကိုတောင် တထောင်ရှိတယ်၊ ထမင်းတထုပ်ငါးရာရှိတယ် လို့ မြောင်းမြ ပညာရေးကောလိပ်အနီးမှာနေထိုင်တဲ့ ဒေသခံတဦးက ရှင်းပြပါတယ်။
သင်တန်းမှာ ပညာရေး သဘောတရား၊ ပညာရေး စိတ်ပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမူရေး၊ ပြန်လည်သုံးသပ်ခြင်းအလေ့အကျင့်နှင့် မရှိမဖြစ်ကျွမ်းကျင်မှု့များ၊ ဒေသသင်ရိုး(စိုက်၊စက်၊အိမ်)၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယ၊ အနုပညာ၊ လက်တွေ့တန်းပြ၊ ဘ၀တွက်တာကျွမ်းကျင်စရာ၊ ICT စတာတွေကို သင်ကြားမှာဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
မြောင်းမြ ပညာရေးကောလိပ်နဲ့ အထက (၁)မှာတော့ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင် တွေက သင်တန်းသား သင်တန်းသူဦးရေတထောင် ဝန်းကျင် လျှောက်ထား တက်ရောက်မှုရှိတယ်လို့ သိရပါတယ်။
ပုသိမ် ပညာရေး ကောလိပ်အပါအဝင် အထက (၁)၊ (၂)၊ (၅) တို့မှာလည်း ပုသိမ်၊ မြန်အောင်၊ ကျုံပျော် ခရိုင်တွေက သင်တန်းသား၊ သင်တန်းသူ တထောင့်ငါးရာဝန်းကျင် လျှောက်ထားတက်ရောက်ကြပြီး ဘိုကလေး ပညာရေးကောလိပ်မှာတော့ ဖျာပုံခရိုင်ထဲက သင်တန်းသား ခုနှစ်ရာကျော်တက်ရောက်ကြတယ်လို့ သိရပါတယ်။
ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာတန်း (၁/၂၅) အတွက် အခြားသော ပြည်နယ်နဲ့ တိုင်းတချို့မှာ ကျောင်းရှိ ဆရာ၊ ဆရာမ အကုန် မတက်မနေရ တက်ခိုင်းတာမျိုးတွေရှိပြီး အချို့သောနေရာတွေမှာ အသက် ၆၀ ကျော် ဆရာ၊ ဆရာမတွေကိုပါ တက်ခိုင်းတာမျိုးတွေရှိတယ်လို့လည်း သိရပါတယ်။
DNA က ဆက်သွယ်မေးမြန်းတဲ့ ကျုံပျော်၊ ဟင်္သာတ၊ ဒေးဒရဲ မြို့နယ်တွေက ဆရာ၊ ဆရာမအချို့ကတော့ လမ်းစရိတ်နဲ့ စားစရိတ် မတတ်နိုင်တာကြောင့် သင်တန်းမတက်ရောက်ဖြစ်ဘူးလို့ ပြောပြပါတယ်။
#ဧရာဝတီတိုင်း #ပညာရေး #ဒီပလိုမာ #DeltaNewsAgency
။