
မတ်၊ ၁၇
ပုသိမ် – မုံရွာလမ်းနဲ့ ငသိုင်းချောင်း – ဂွလမ်းတွေ ဆုံဆည်းရာ ဧရာဝတီတိုင်း ရေကြည်မြို့နယ် ရေနံ့သာစစ်ဆေး ရေးဂိတ်က စစ်ကောင်စီတပ်တွေကဒီကနေ့ မတ် ၁၇ရက်မနက်ပိုင်းကစပြီး မော်တော်ယာဉ်တွေဖြတ်သန်း သွားလာခွင့် ပိတ်ပင်လိုက်တယ်လို့ ဒေသခံတဦးက DNAကိုပြောပါတယ်။
ရေနံ့သာဂိတ် မြောက်ဘက် ၈ မိုင်လောက်အကွာမှာရှိတဲ့ လေးမျက်နှာမြို့နယ် ချင်းလယ်ကျေးရွာကို တော်လှန် ရေးတပ်ဖွဲ့တွေက မေလ ၁၆ ရက် ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နောက် စစ်ကောင်စီတပ်က အခုလို ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရေနံ့သာဂိတ်ကနေ မော်တော်ယာဉ်ဖြတ်သန်းမှုတွေကို ပိတ်ပင်လိုက်ပေမယ့် ဆိုင်ကယ် စီးနင်းသွားလာနေတဲ့ ဒေသခံတွေကိုတော့ စစ်ဆေးမေးမြန်းပြီး ဖြတ်သန်းခွင့်ပြုထားတယ်လို့သိရပါတယ်။
“မနေ့ည (မတ်လ ၁၆) ကတည်းက အမြှောက်တပ် ၃၄၄ ကနေ တညလုံး လေးမျက်နှာမြို့နယ်ဘက်ကို လှမ်းပစ် နေတာ။ ဒီနေ့ (မတ်လ ၁၇) လည်း တနေကုန်ပစ်နေတယ်” လို့ သူကဆက်ပြောပါတယ်။
ဒေသခံတွေအဆိုအရ လက်ရှိနှစ်ဖက်တိုက်ပွဲတွေဟာ ပုသိမ် – မုံရွာကားလမ်းနံဘေး မိုင်တိုင် ၃၅ မိုင် ၊ ရေကြည် မြို့နယ် ၊ ပန်းပုကွင်းကျေးရွာအပိုင်ထဲက နနဂါးရစ်တောင်အနားအထိ ရောက်ရှိနေပြီလို့ဆိုပါ တယ်။
“ပုသိမ် – မုံရွာလမ်းပေါ်က တချို့ရွာတွေ အဆက်အသွယ်ပျက်ကုန်ပြီ။ ငသိုင်းချောင်းတံတားနားက အိမ်တွေကို လည်း တိုက်ပွဲနီးကပ်နေတာကြောင့် ရွေ့ပြောင်းဖို့ အချင်းချင်း အကြံပြုနေကြတာလည်းရှိတယ်” လို့ ငသိုင်း ချောင်းမြို့ခံတစ်ဦးကပြောပါတယ်။
ဧရာဝတီတိုင်း ၊ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ မကွေးတိုင်းအနောက်ခြမ်းဒေသတွေကို ထိုးစစ်ဆင်နေတဲ့ အာရက္ခ တပ်တော် AA နဲ့ ပူးပေါင်းတပ်တွေကတော့ ရေနံသာစစ်ဆေးရေးဂိတ်အနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ် သက်လို့ ထုတ်ပြန်ထားတာမရှိပါဘူး။