ဧရာဝတီတိုင်းမှာ ဖေဖော်ဝါရီနှောင်းပိုင်း မိုးရွာနိုင်လို့ တောင်သူလယ်သမားတွေ သတိပြုရန်လို

Photo – U Win Naing Fb

ဖေဖော်ဝါရီ၊ ၁၉

လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်နေ့နောက်ပိုင်းမှာ ဧရာဝတီတိုင်းအတွင်းမှာ မိုးရွာသွန်းမယ်လို့ မိုးလေဝသ စောင့်ကြည့်လေ့လာနေကြသူတွေက ခန့်မှန်းထားကြပါတယ်။
မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကတော့ တိမ်ဖုံးအုပ်မှုတွေနဲ့ အပူချိန်နဲ့ငွေ့ရည်ဖွဲ့မှုတွေအမှတ်တွေ နီးစပ်လာတဲ့အခါ ရွာမှာပေါ့နော်။ မိုးရေချိန်ကတော့ ၁၀ မီလီမီတာ မှ ၁၅ မီလီမီတာလောက်တော့ ဖြစ်နိုင်တယ်လို့ မှန်းထားတယ် လို့ ဆိုပါတယ်။
သူက ဖေဖော်ဝါရီ ၂၄ ရက်နေ့ နောက်ပိုင်းကစလို့ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ မိုးရွာသွန်းမယ်လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဝေမျှထားပါတယ်။
မိုးလေဝသ စောင့်ကြည့်လေ့လာသူ နောက်တဦးဖြစ်တဲ့ မစုစုစံ ကတော့ ဖေဖော်ဝါရီ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ ဧရာဝတီတိုင်းတခုလုံးနီးပါးနဲ့ ပဲခူး၊ သနပ်ပင်၊ ကဝ၊ အုန်းနှဲ၊ သက္ကလ၊ ပိန်းကန်၊ ခရမ်း၊ သုံးခွ၊ တံတားမြို့ ၊ သံလျှင်၊ ဒလ၊ ရန်ကုန်၊ မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံ၊ သုံးဆယ်၊ သာယာဝတီ၊ လက်ပံတန်း၊ သာရဝေါ၊ တွံတေး၊ ကွန်းခြံကုန်း၊ ကော့မှူးစတဲ့မြို့နယ်တွေမှာ မိုးရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိုးများမယ် နည်းမယ် ဆိုတာထက် မိုးရွာသွန်းဖို့ရှိနေတာကြောင့် ဒီဒေသတွေမှာရှိနေတဲ့ တောင်သူလယ်သမားတွေနဲ့ မိုးကြောင့် ပျက်ဆီးဆုံးရှုံးမှုများနိုင်လို့ သတိထားကြဖို့ မိုးလေဝသလေ့လာသူတွေက တိုက်တွန်းထားကြပါတယ်။
လက်ရှိကာလမှာ ဧရာဝတီဒေသအပါအဝင် လယ်သမားတွေက နွေစပါးစိုက်ပျိုးနေကြတာပါ။ အခုလိုအချိန်အခါမဟုတ်မိုးရွားသွန်းရင်တော့ အနည်းနဲ့အများထိခိုက်မှာအမှန်ပဲလို့လည်း မြောင်းမြမြို့နယ်က လယ်သမားတဦးကပြောပါတယ်။
“အခုနေရွာရင်ကတော်သေးတယ်၊ ဒါပေမယ့်အခုကမိုးမလိုသေးဘူးဆိုတော့ ရွာမယ်ဆိုရင်စပါးတွေပျက်ဆီးမယ်လေ၊တချို့စပါးမှဲ့နေတယ်သူတွေဆိုရင် ရိတ်သိမ်းချိန်ကျရင်အပင်တွေလဲကွဲပြီးပျက်ဆီးဆုံးရှုံးတာများတယ်” သူကပြောပါတယ်။
လက်ရှိစိုက်နေတဲ့ နွေစပါးက လာမယ့်မတ်လမှာရိတ်သိမ်းကြမှာလည်းဖြစ်ပါတယ်။ လက်ရှိကာလမှာ ဧရာဝတီတိုင်း ပုသိမ်၊သာပေါင်း၊ရေကြည်စတဲ့ဒေသတွေမှာတိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသအတွင်း အခြေအနေအမျိုးမျိုးကြောင့် စိုက်ပျိုးရေးလုပ်သားတွေရှားပါးနေတာလည်းဖြစ်ပါတယ်။