အေအေ က ရွာသားတွေရဲ့ ကျွဲ၊ နွားတွေကို မိုင်းထောင်သတ်ပြီး ရိက္ခာလုပ်စားနေတယ်ဆိုတဲ့သတင်းအမှား

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်

(Fact Check) DNA/ The Red Flag

အေအေ တပ်က ရခိုင်ပြည်နယ်မှာ ပြည်သူတွေရဲ့ ကျွဲ/နွားတွေကို မိုင်းထောင်သတ်ဖြတ်ပြီး ရိက္ခာအဖြစ် စားသောက်နေတယ်ဆိုတဲ့ ရေးသားမှုတွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာကို တွေ့ရှိခဲ့ပါတယ်။

Arafat Arf အမည်ပေးထားတဲ့ Facebook အကောင့်ကနေ ဖေဖော်ဝါရီ ၁၁ ရက်မှာ “အေအေ အကြမ်း ဖက်သူပုန်များက ရွာသားတွေရဲ့ ကျွဲ နွားများကို မိုင်ထောင်သတ်ကာ”ရိက္ခာ”အဖြစ် ယူဆောင်စားသောက် နေသည်ဟု ဒေသခံများမှပြောကြား..”လို့(မူရင်းအတိုင်း)ရေးသားပြီး ဓါတ်ပုံ ၂ ပုံနဲ့ ဖြန့်ဝေခဲ့တာကို တွေ့ရပါ တယ်။

ဒါအပြင် စစ်ကောင်စီလော်ဘီတယ်လီဂရန်ချန်နယ်ဖြစ်တဲ့ နှင်းမောင် ကနေ ဖေဖော်ဝါရီ ၁၃ ရက်မှာ Arafat Arf Facebook ကပုံနဲ့စာကို screenshot ယူပြီး  “ရခီးတွေငတ်နေတာ တဖြည်းဖြည်း ရုပ်ပေါက်လာပြီ” လို့ ရေးသားဖြန့်ဝေခဲ့သလို “ကိုယ့်လူမျိုးအချင်းချင်းတောင်အဲ့လိုပါဆို .. ကျန်တဲ့လူမျိုးဆို ပြောမနေနဲ့တော့” လို့ ရေးသားပြီး နောင်ရိုးဟစ်တိုင်သာကီမျိုးဟေ့ဒို့ဗမာKo Thet , Ko Chit(MDY)တို့က ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

အဲဒီပျံ့နှံ့နေတဲ့သတင်းတွေနဲ့ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA က စိစစ်ကြည့်တဲ့အခါမှာ “မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ရွာကို စကစလေကြောင်းကနေ ဗုံးကြဲလို့နွားတွေသေဆုံး ခဲ့တဲ့ပုံနဲ့ မောင်တော နခခ-၅ ရှေ့က မိုင်းတွေကို အေအေက ရှင်းလင်းနေတဲ့ပုံ”တွေကို အသုံးပြုပြီး လုပ်ကြံ ရေးသားထားတဲ့ သတင်းမှားဖြစ်တာကို စိစစ်သိရှိရပါတယ်။

☑️ သတင်းစိစစ်ချက်

“မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာ စာသင်ကျောင်းကို ဇန်နဝါရီ ၂၆ ရက်မှာ စကစလေကြောင်းကနေ တိုက် ခိုက်ခဲ့လို့ ပကဖရဲဘော်တွေအပါအဝင် ၁၈ ဦးခန့်သေပြီး ၂၀ ကျော်ဒဏ်ရာရခဲ့ကာ အိမ်မွေးတိရိစ္ဆာန်တွေပါ သေဆုံးခဲ့တယ်လို့ People’s Spring ကရေးသားထားတာ တွေ့ရှိရပါတယ်။ 

“မြင်းခြံမြို့နယ်၊ မြင်းခြံ-ဆီမီးခုံ ကားလမ်းပေါ်က ဆင်းဂွတ်ကျေးရွာကို ဇန်နဝါရီ ၂၆ ရက်မှာ တိုက်လေယာဉ် နဲ့ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသူ ၁၉ ဦးရှိပြီး ကလေးသူငယ် အပါအဝင် ပြည်သူသုံးဦးပါ မိသားစုတွေဟာ လှည်းနဲ့ ယာတောကိုအသွားမှာ ရဟတ်ယာဉ်နဲ့ပစ်သတ်ခံရလို့ နွားတွေရော မိသားစု သုံးယောက်လုံး သေဆုံးတာ”လို့ MFP ကရေးသားထားတာကို တွေ့ရပါတယ်။

“မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာမှာ ဇန်နဝါရီ ၂၆ ရက်က Jet Fighter၊ Mi 35 ၂စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံ ရပြီး ၄ နှစ်နဲ့  ၅ လခန့်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် စုစုပေါင်း ၁၈ ဦး ထိခိုက်သေဆုံးခဲ့တယ်”လို့ မျက်မှောက်ခေတ် က ရေးသားထားပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်က “အာရက္ခတပ်တော် အေအေ က ဇန်နဝါရီ ၂ ရက်ကစပြီး မောင်တောမြို့၊ နခခ-၅ အရှေ့ မြို့ဝင်လမ်းမကြီးတလျှောက် မိုင်းရှင်းရာမှာ အလုံးရေ ၁၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်” လို့ Narinjara ကရေးသားထားတာကို တွေ့နိုင်ပါတယ်။

“ရက္ခိုင်ပြည်က အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ မြေမြုပ်မိုင်းရှင်းလင်းရေး လုပ်ငန်းတွေကို မြို့ရွာအလိုက်လုပ်ဆောင်နေတယ်တဲ့အပြင် မြေမြုပ်မိုင်းအန္တရာယ်အသိပညာပေးလက် ကမ်းစာစောင်ဝေတာနဲ့ပြည်သူတွေကို အသိပညာပေးဟောပြောတာတွေလုပ်ဆောင်နေတယ်”လို့ Arakan Princess Media က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

☑️သုံးသပ်ချက်  

သတင်းမှားဖြန့်ဝေထားတဲ့ ပုံထဲက သေဆုံးနေတဲ့ နွား ၂ ကောင်နဲ့လှည်းပုံဟာ ဆင်းဂွတ်ရွာကို လေကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးခဲ့တဲ့နွားတွေနဲ့လှည်းရဲ့ပုံဖြစ်ပြီး People’s Spring၊ မျက်မှောက်ခေတ်စတဲ့ သတင်း ဌာနတွေရဲ့သတင်းကပုံကို ကူးယူရေးသားထားတာကို တွေ့ရမှာဖြစ်ပါတယ်။

နောက်တပုံဖြစ်တဲ့ အေအေ မိုင်းရှင်းနေတဲ့ပုံဟာဆိုရင် Arakan Princess Media နဲ့ Narinjara စတဲ့ ရခိုင် ဒေသတွင်းသတင်းဌာနတွေက အေအေ သိမ်းပိုက်ထားတဲ့မြို့နယ်တွေမှာ မြေမြုပ်မိုင်းရှင်းလင်းရေးလုပ်ငန်း လုပ်ဆောင်နေတဲ့သတင်းက ပုံကို ကူးယူထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဒါအပြင် အေအေ တပ်တော်ကနေ ဒေသခံပြည်သူတွေရဲ့ ကျွဲ၊ နွားတွေကို မိုင်းထောင်သတ်ဖြတ်ပြီး ရိက္ခာ အနေနဲ့ စားသောက်နေတယ်ဆိုတဲ့သတင်းကို ရခိုင်ဒေသတွင်း သတင်းဌာနများနဲ့ လွတ်လပ်တဲ့အခြား သတင်းဌာနတွေမှာလဲ ရေးသားထားတာကို မတွေ့ရှိရပါဘူး။  

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ ကနေ ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork