Photo-BNI-Myanmar Peace Monitor
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလနှောင်းပိုင်းနှစ်ပတ်တာကာလအတွင်း တိုက်ပွဲ ခြောက် ကြိမ်ဖြစ်ပွားခဲ့တယ်လို့ BNI-Myanmar Peace Monitor ရဲ့ စစ်တမ်းအရသိရပါတယ်။
BNI-Myanmar Peace Monitorက ငြိမ်းချမ်းရေးလုပ်ငန်းစဥ်နဲ့ ပဋိပက္ခဖြစ်စဉ်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့အချက်အလက်တွေကိုတော့ ဇန်နဝါရီလ ၁၅ ရက်ကနေ ၂၈ ရက်အတွင်း Myanmar Peace Monitor က ကောက်ယူထားပြီး ဒီကနေ့ဖေဖော်ဝါရီလ ၁၆ရက်မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဇန်နဝါရီနှစ်ပတ်အတွင်းမှာ တိုက်ပွဲ ၉ ခုထိ အများဆုံးဖြစ်ပွားခဲ့တာကတော့ ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်မှာပါ။ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ကတော့ နှစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၅၃ကြိမ်ရှိခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားမှုကို မှတ်တမ်းကောက်ယူရာတဲ့နေရာမှာ မြို့နယ်အလိုက် တရက်ကို ဖြစ်စဉ် တခုသာ မှတ်တမ်းတင်တာဖြစ်လို့ တိုက်ပွဲဖြစ်ပွားတဲ့အရေအတွက်ဟာ အခုထက်ပိုနိုင် တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဧရာဝတီတိုင်းမှာတော့တိုက်ပွဲတွေဟာ ပုသိမ်မြို့နယ်နဲ့ သာပေါင်းမြို့နယ်တွေမှာ ဖြစ်ပွားခဲ့ တာပါ။ ဒေသခံတွေကတော့ဘောမိကျေးရွာနဲ့ မကျီးဇင် – သာပေါင်းလမ်းပိုင်းတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
Myanmar Peace Monitor ရဲ့စစ်တမ်းအရ နှစ်ပတ်တာအတွင်း ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁ ဦးသေဆုံးခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီတပ်ဟာ ဘောမိကျေးရွာ တိုက်ပွဲတခုတည်းမှာတင် ရာဂဏန်းလောက်အထိ သေဆုံးနိုင်တယ်လို့လည်း ဒေသခံတွေက မှတ်ချက်ပြု ထားပါတယ်။
အာရက္ခတပ်တော် AA ရဲ့ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၀ ထုတ်ပြန်ချက်မှာတော့ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က တည်နေရာတွေအပါအဝင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ချင်းစုကျေးရွာအနီးမှာ တိုက်ပွဲတွေ ဆက် လက်ဖြစ်ပွားနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် ၊ မိဿလင်ကျေးရွာအုပ်စုနဲ့ ကုန်းပြင်ကျေးရွာအုပ်စုမှာ ဖေဖော်ဝါရီလ ၁၃ ရက်ကစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ငါးသိုင်းချောင်း ဒေသခံတဦးကပြောပါတယ်။