ဖေဖော်ဝါရီ၊ ၁၅
နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ ရခိုင်-ဧရာဝတီအစပ်ရှိ ရေကြည်မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေကို သူတို့တပ်ဖွဲ့ဆီ အချိန်နဲ့တပြေးညီ သတင်းပေးပို့ကြဖို့ ရေကြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဖိတ်ခေါ်ထားပါတယ်။
“ပြည်သူတွေရဲ့ သတင်းပေးမှုက အများကြီး အထောက်အကူပြုပါတယ်၊ စစ်ကောင်စီရဲ့ လှုပ်ရှားမှုအခြေအနေ တိုင်းကို သတင်းများများပိုရလေလေ တဖက်မှာ စီစဉ်ဆောင်ရွက်ရတာတွေက ပိုစနစ်ကျလေ ဖြစ်ပါတယ်” လို့ ရေကြည်မြို့နယ် ပကဖ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ တပ်ချ လှုပ်ရှားသွားလာမှုတွေအပြင် ရပ်/ကျေးအုပ်ချုပ်ရေးမှုတွေလို စစ်ကောင်စီ လက် အောက်ခံ ထောက်တိုင်များရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေကိုလည်း သတင်းပေးပို့နိုင်တယ်လို့ ဆိုထားပါတယ်။
“ပေးပို့လာတဲ့ သတင်းတွေကိုတော့ သက်ဆိုင်ရာ အလုပ်လုပ်တဲ့ working team(အလုပ်အဖွဲ့)နဲ့ အတူ Fact Checking (အချက်အလက်စစ်ဆေးမှု) လုပ်ပြီးမှသာလျှင် စိစစ်အသုံးပြုသွားမှာဖြစ်ပါတယ်” လို့ ရေကြည် ပကဖ တာဝန်ရှိသူကပြောပါတယ်။
ဒါ့အပြင် သတင်းပေးပို့လာတဲ့ သူတွေရဲ့ လုံခြုံရေး မထိခိုက်အောင်လည်း စနစ်တကျ စီမံသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ရဲ့ ဦးစားပေးမှုကတော့ ပြည်သူတွေ လုံခြုံရေးအတွက်ပဲဖြစ်တာမလို့ နည်းပညာကျွမ်းကျင်ပြီး လုံခြုံရေး စိတ်ချရတဲ့ အဖွဲ့ဝင်တွေနဲ့ပဲ ဆောင်ရွက်လျက်ရှိပါတယ်၊ လာရောက်သတင်းပေးသူ ပြည်သူ တိုင်း ကိုလည်း လုံခြုံရေး အသိ၊ သတိနဲ့သာ ပေးပို့ဖို့ အကြံပြုပြောပေးပါတယ်” လို့လည်း ရေကြည် ပကဖ တာဝန် ရှိသူက DNA ကို ပြောပါတယ်။
သတင်းပေးပို့လိုသူတွေကတော့ ရေကြည်မြို့နယ် ပကဖ ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနဲ့ တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ @YK_Tsp_Info_Desk တို့ကို ဆယ်သွယ်သတင်းပေးပို့နိုင်တယ်လို့ ဆိုထားပါတယ်။
ရေကြည်မြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ ဂွ မြို့နယ်အစပ် ဂွ-ငါးသိုင်းချောင်းလမ်းပေါ်မှာ အာရက္ခတပ်တော်(AA)နဲ့ စစ် ကောင်စီတပ်ကြား အခုနှစ်ဆန်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ငါးသိုင်းချောင်းက နေ တဆင့် စစ်ကူပို့တာ၊ ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကို သယ်ယူတာတွေ ပြုလုပ်ခဲ့ပါတယ်။
အခုရက်ပိုင်းအတွင်းမှာတော့ ငါးသိုင်းချောင်းမြို့နဲ့ ဆယ်မိုင်လောက်ကွာ ဂွ-ငါးသိုင်းချောင်းလမ်းပေါ်မှာရှိတဲ့ စစ် ကောင်စီတပ်ရဲ့ အမြောက်တပ်ရင်း(အမတ) ၃၄၄ အနီးတဝိုက်အထိ AA ထိုးစစ်ရောက်ရှိလာပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
လက်ရှိ ရေကြည်မြို့နယ်အတွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ကတော့ စစ်ရေးသတင်းဖြစ်လို့ဆိုကာ ရေကြည် ပကဖအနေနဲ့ ဖြေဆိုဖို့ငြင်းဆန်ပါတယ်။
ရေကြည်မြို့နယ် ငါးသိုင်းချောင်းဒေသခံသတင်းရင်းမြစ်တချို့ကတော့ ဂွ-ငါးသိုင်းချောင်းအစပ်က လတ်တ လောနှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီက စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိနေပြီး အဲ့ဒီ လေထီးတွေကို အနိမ့်ပျံသန်းနေတာကြောင့် နေအိမ်ပေါ်ကနေတောင် လေထီးကစက်သံကို သိသိသာသာ ကြား နိုင်တယ်လို့ ပြောပါတယ်။
အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ ဂွမြို့နဲ့ ၃၅မိုင်ဝန်းကျင်လောက်သာ ဝေးတဲ့ ငါးသိုင်းချောင်း ဒေသဟာ ပုသိမ်-မုံရွာလမ်းနဲ့ဆက်စပ်နေသလို ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကို ဆက်သွယ်ရာ အရေးပါတဲ့လမ်း ကြောင်းတခုလည်းဖြစ်ပါတယ်။
ဂွမြို့ကို ၂၀၂၄ နှစ်ကုန်ပိုင်းမှာ AAက အပြီးသတ် သိမ်းပိုက်ခဲ့တဲ့နောက် စစ် ကောင်စီဟာ ရေကြည်မြို့နယ်အပိုင် ထဲမှာရှိတဲ့ အမြှောက်တပ် ၃၄၄ ကို လုံခြုံရေးအဆင့်မြှင်တင်ခဲ့တဲ့အပြင် ရေ ကြည်မြို့နယ်၊ကုန်းပြင်ကျေးရွာအုပ်စု ထဲမှာလည်း ရဟတ်ယာဉ်ကွင်းတခုကိုအရေးပေါ် တည်ဆောက်ခဲ့တယ်လို့ ဒေသခံတွေကပြောထားပါတယ်။