ကျိုက်လတ်မြို့နယ်မှာ ရပ်ရွာလုံခြုံရေးအမည်တပ် ပြည်သူ့စစ်ခေါ်ယူနေ 

Photo – စစ်ကောင်စီ (ပုံစာ…စစ်ကောင်စီကပြည်သူ့စစ်(ဌာနေ)အဖွဲ့တွေကိုဆက်တိုက်ဖွဲ့စည်းလက်နက်တပ်ဆင်နေပါတယ်။)

ဖေဖော်ဝါရီ ၊ ၁၄

ဧရာဝတီတိုင်း ၊ ကျိုက်လတ်မြို့နယ်က ကျေးရွာအချို့မှာ ပြည်သူ့စစ်ခေါ်ယူဖို့ပြည် သူတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက အသိပေးပြောကြားတာတွေ ပြုလုပ်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ပထမအပတ်လောက်စတင်ပြီးတော့ ကျေးရွာအုပ်စုအလိုက် အစည်းအဝေးဖိတ်ကြား ပြီးအသိပေးတာလို့ ဒေသခံတဦးကပြောပါတယ်။ 

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန တာဝန်ရှိသူ ဆိုသူက တရွာကို ၃ ယောက်နှုန်းနဲ့ ရပ်ရွာလုံခြုံရေးတာဝန် (ပြည်သူ့စစ်) ထမ်းဆောင်ရမယ်လို့ အသိ ပေးခဲ့တာပါ။

“ပြည်သူ့စစ်လို့မသုံးဘူး။ ရပ်ရွာလုံခြုံရေးလို့သုံးတယ်” လို့အစည်းအဝေးတက်ရောက်ခဲ့သူတဦးက ပြောပါတယ်။ 

ဒါ့အပြင် ရပ်ရွာလုံခြုံရေးအဖွဲ့ထဲကို ဝင်ရောက်သူအနေနဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်ရရှိမှာ ဖြစ်တဲ့အပြင် လစာအနေနဲ့လည်း ကျပ် ၃ သိန်း ရရှိမှာ ဖြစ်တယ်လို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန မှ တာဝန်ရှိသူက ဒေသခံတွေကို ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်နက်တပ်ဆင်ပေးမယ့်အကြောင်းအရာနဲ့ စစ်သင်တန်းတက်ရောက်ရမယ့် အကြောင်းအရာတွေအပြင် ပြည်သူ့စစ်တာဝန်ထမ်းဆောင်ဖို့ အသက်အရွယ်ဆိုင်ရာ ကန့်သက်ချက် တွေကိုတော့ ရှင်းမပြခဲ့ပါဘူး။

လက်ရှိအချိန်မှာတော့ ပြည်သူ့စစ်နဲ့ပတ်သက်လို့ စာရင်းကောက်ယူခြင်းမရှိသေးဘဲ စစ်မှုထမ်းစာရင်း တွေကောက်တာပဲ ရှိနေသေးတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ ပြည်သူ့စစ်ခေါ်ယူဖို့အတွက် ဝါးခယ် မမြို့နယ်နဲ့ ထိစပ်နေတဲ့ ကျိုက်လက်မြို့နယ်အပိုင်ထဲက ကျေးရွာတွေမှာ အသိပေးခဲ့တာပါ။

တမြို့နယ်လုံးကို အသိပေးတာဟုတ်မဟုတ်တော့ ကျွန်တော်တို့လည်းမသိပါဘူး လို့ ဒေသခံကပြော ပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်း ရေကြည်မြို့နယ်မှာ ပြည်သူ့စစ် ဖွဲ့ထားတယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။

ရေကြည်မြို့နယ်မှာဆိုရင် ကျေးရွာအုပ်စု ၄၁ ခုမှာ ပြည်သူ့စစ်အင်အား ၁၂၅၀ ရှိတယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ရေကြည်မြို့နယ်က အာရက္ခတပ်တော်( AA)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပဲဲဖြစ်ပွားနေတဲ့ဒေသတခုလည်းဖြစ်ပါတယ်။ ရခိုင်နဲ့ ဧရာဝတီတိုင်းအစပ်သေတချို့နဲ့ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးမှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့AAက ပြီးခဲ့တဲ့ဇန်နဝါရီ၂၀ရက်စွဲနဲ့ထုတ်ပြန်ထားတာပါ။

ဒါ့အပြင်ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့ဖက်မှာတော့ စစ်ကောင်စီတပ်ဟာ မော်တင်စွန်း ဘုရားပွဲ ကျင်းပနိုင်ဖို့အတွက် နယ်မြေရှင်းလင်းခေါင်းစဉ်အောက်မှာ ပြည်သူ့စစ်တွေကိုခေါ်ဆောင်ပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာတွေလည်းရှိနေပါတယ်။