ဖေဖော်ဝါရီ၊ ၁၁
ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းအနောက်ခြမ်းက ဒေသတွေမှာ မိတ်ဖက်တော်လှန်ရေးအဖွဲ့တွေ၊ လူမျိုးစုတော်လှန် ရေးအင်အားစုတွေနဲ့ လက်တွဲပြီး နိုင်ငံရေး၊ စစ်ရေး တိုက်ပွဲတွေ ဖော်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြည်သူ့ ညီညွတ်ရေးတပ်ဦး(PUF)က မနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ PUF အနေနဲ့ တပ်ဦးဖွဲ့စည်းခြင်း တနှစ်ပြည့် ကြေညာ ချက်မှာ အဓိကစစ်ရေးရည်မှန်းချက်ဒေသတွေဖြစ်တဲ့ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းအနောက်ခြမ်းမှာ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပြီဆိုတဲ့အကြောင်း အခုလို အသိပေးလာတာဖြစ်ပါတယ်။
“တနှစ်တာအတွင်းမှာ ရုန်းကန်လှုပ်ရှားခဲ့ရတယ်ဆိုတာထက် ပြည်သူ့ညီညွတ်ရေးတပ်ဦးကို မစုဖွဲ့ခင်ကတည်း က နေ ရုန်းကန်ခဲ့ရတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်၊ ပြည်သူလူထုနဲ့ တခြားမဟာမိတ်အဖွဲ့တွေရဲ့ ကူညီပေးမှုတွေ၊ ထောက်ပံ့ပေးမှုတွေနဲ့ ကျွန်တော်တို့ ခက်ခက်ခဲခဲ ရင်ဆိုင်ပြီးတော့ ဖြတ်သန်းခဲ့ရတဲ့ ကာလတွေလို့လည်း ပြောလို့ ရတယ်” လို့ PUF ရဲ့ အထွေထွေအတွင်းရေးမှူး နန့်ရတီဦးက DNA ကို ပြောပါတယ်။
စစ်ရေးအရ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ လက်နက်အင်အား၊ လူအင်အား စတဲ့ အခြေအနေတွေကိုတော့ လုံခြုံရေး အရဆိုကာ အသေးစိတ် ထုတ်ဖော်ပြောကြားတာမျိုး မရှိပါဘူး။
“ကျွန်တော်တို့ကတော့ စစ်ကို စစ်နဲ့ တူအောင်ပေါ့နော်၊ ရန်သူကိုတော့ ပြတ်ပြတ်သားသားချေမှုန်းသွားမယ်၊ တ ဖက်မှာ ပြည်သူလူထုရဲ့ အသက်စည်းစိမ်တွေအပေါ်မှာလည်း အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ကာကွယ် ပေးသွားမယ်” လို့လည်း နန့်ရတီဦးက ပြောပါတယ်။
ဧရာဝတီလူငယ်များသမဂ္ဂ(AYU)၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂ အပါအဝင် အင်အားစု (၁၁) ခု ပါဝင်ဖွဲ့စည်းထားတဲ့ PUF အနေနဲ့ အရင်ကတော့ စစ်ကိုင်းတိုင်းဘက်မှာ စစ်ရေးအရ လှုပ်ရှားမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လေးနှစ်နီးပါးကြာတဲ့အထိ တည်ငြိမ်နေခဲ့တဲ့ ဧရာဝတီတိုင်းအတွင်း အခုနှစ် အစော ပိုင်းကစလို့ အာရက္ခတပ်တော်(AA)ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာခဲ့ပြီး လက်ရှိအချိန်အထိ ပုသိမ်မြို့နယ်၊ သာ ပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်တွေရှိ ဒေသတချို့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းအတွင်းရှိ AA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအတွင်း PUF အနေနဲ့ ပါဝင်နေမှု ရှိ မရှိ ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။
PUF အနေနဲ့ကတော့ လူမျိုးပေါင်းစုံနေထိုင်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေကို အကြမ်းဖက်အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေကို တော်လှန်ပြီး ပြန်လည်ထူထောင်ရေးလုပ်ဖို့ ဆန္ဒရှိတယ်လို့လည်း ဆိုပါတယ်။
“အဲလိုမျိုး လုပ်ဖို့ဆိုလို့ရှိရင် ပထဝီနိုင်ငံရေးအရ တဆက်တည်းရှိနေတဲ့ ပဲခူးတိုင်းအနောက်ခြမ်းပေါ့၊ အဲကနေ လည်း လွတ်မြောက်ဖို့ လိုအပ်ပါလိမ့်မယ်၊ စစ်ရေးအရ တဆက်တည်းရှိမှုတွေ၊ ပထဝီနိုင်ငံရေးအရ အားသာ ချက်တွေနဲ့ တော်လှန်ရေးရဲ့ လက်တွေ့ပကတိတရားအပေါ်မှာ သုံးသပ်ပြီးတော့ မြန်မာပြည်ရဲ့ အခြေခံလည်း ကျတယ်၊ အချက်အချာလည်းကျတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ပဲခူးတိုင်းအနောက်ခြမ်းကို ရွေးချယ်ခဲ့တာ ဖြစ်တယ်” လို့လည်း နန့်ရတီဦးက DNA ကို ပြောပါတယ်။
PUF အနေနဲ့ လက်ရှိမှာ စစ်ကောင်စီကိုလက်နက်ကိုင်တော်လှန်တိုက်ခိုက်လိုတဲ့ တပ်ဖွဲ့ဝင်အသစ်တွေခေါ်ယူ နေသလို စစ်ကောင်စီထိန်းချုပ်မှုအောက်က လွတ်မြောက်သွားတဲ့ မြို့ရွာတွေမှာပြန်လည်တည်ဆောက် ရေး လုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်လည်း အသက်၁၈နှစ်ကနေ ၃၅နှစ် အတွင်းရှိတဲ့ CDM တွေကိုဖိတ်ခေါ် ထားပါတယ်။
လက်ရှိ ဧရာဝတီတိုင်းအတွင်းမှာ AA ရဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိနေသလို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ NUG ကာ ကွယ်ရေးဝန်ကြီးဌာနကလည်း တိုင်းစစ်ဌာန(ဧရာဝတီ)ကို ဖွဲ့စည်းပြီး ဧရာဝတီတိုင်းအတွင်း စစ်ရေးလှုပ်ရှား မှုတွေလုပ်ဖို့ ကြိုးပမ်းနေပါတယ်။
အလားတူပဲ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(PLF)ကလည်း ဧရာဝတီတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ပိုမို လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်လာနေပြီး ဧရာဝတီဒေသခံ လူငယ်တွေအနေနဲ့ တပ်ဖွဲ့ဝင်အသစ်တွေအဖြစ် တာဝန် ထမ်းဆောင်ဖို့ ခေါ်ယူနေပါတယ်။