စစ်မှုထမ်းဂယက်ကြောင့် တိမ်းရှောင်လိုသူ ဧရာဒေသခံထောင်ချီကို NUG ချိတ်ဆက်ကူညီနိုင်ခဲ့တယ်လို့ဆို 

ဖေဖော်ဝါရီ၊ ၁၁

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအသက်သွင်းပြီး တပ်သားသစ်စုဆောင်းမှုတနှစ်ပြည့်လာချိန်မှာ စစ်မှုထမ်းရမယ့် အရေး တိမ်းရှောင်လိုတဲ့ ဧရာဝတီတိုင်းဒေသခံ ထောင်ချီကို နေရပ်စွန့်ခွာ ရွှေ့ပြောင်းနိုင်ဖို့ ကူညီနိုင်ခဲ့တယ်လို့ ဧရာ ဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ်တချို့က DNAကိုပြောပါတယ်။

“ကျွန်တော်တို့ ထောင်ကြီးပိုင်းလောက်ကို စစ်မှုထမ်းရှောင်ဖို့အတွက် ကူညီကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီထဲ က နေ တပ်ရင်းတပ်ဖွဲ့တချို့မှာ တာဝန်ထမ်းဆောင်နေကြသူတွေကလည်း ထောင်ဂဏာန်းလောက်ကို ရှိပါတယ် ” လို့ကူညီကယ်ထုတ်ရေး လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးက DNA ကို ပြောပါတယ်။

ဆက်လက်ချိတ်ဆက်လာနိုင်တဲ့ ဒေသခံတွေရဲ့ လုံခြုံရေးကိုထိခိုက်လာနိုင်တာကြောင့် သူကိုယ်စားပြုတဲ့ မဲဆန္ဒ နယ်ကို ထုတ်ဖော်ခြင်းမပြုဖို့တော့ အဲ့ဒီလွှတ်တော်ကိုယ်စားလှယ်က တောင်းဆိုထားပါတယ်။

စစ်မှုထမ်းတိမ်းရှောင်လိုတာကြောင့် NUG အပါအဝင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ် ခဲ့ကြသူတွေကို သူတို့ဆန္ဒအတိုင်းလွတ်မြောက်ရာနယ်မြေတွေကို ပို့ဆောင်ပေးတာ၊ လမ်းခရီးချိတ်ဆက်ပေး တာ မျိုးတွေ ကူညီနေသလို PDF အဖြစ် တာဝန်ထမ်းဆောင်လိုသူတွေကိုလည်း စစ်သင်တန်းပေးတာတွေ ပြုလုပ်နေ တယ်လို့ သိရပါတယ်။

စုစုပေါင်းမြို့နယ် ၂၆ခုရှိတဲ့ ဧရာဝတီတိုင်းကနေ စစ်မှုထမ်းရမယ့်အရေးတိမ်းရှောင်လိုတာကြောင့်ဆက်သွယ် အကူ အညီတောင်းသူအရေအတွက်ဟာ ဆက်သွယ်မှုအကြိမ်ရေအနည်းဆုံးမြို့နယ်မှာတောင်လူငယ်တရာနီးပါး လောက်ရှိတယ်လို့လည်း အဲ့ဒီလွှတ်တော်ကိုယ်စားလှယ်က ဆက်ပြောပါတယ်။

“ကျွန်တော့်ကို ဆက်သွယ်လာကြသူ အများစုကတော့ ကျရာတာဝန်ထမ်းပါ့မယ်ဆိုတဲ့ သူတွေများတယ်၊တချို့ တွေကျတော့ လက်နက်မကိုင်ချင်ပေမယ့် ကျန်တာဘာခိုင်းခိုင်း ဆိုတဲ့လူတွေလည်းရှိတယ်၊ဒါပေမယ့် ဧရာမှာက လူငယ်တွေ အရမ်းနည်းသွားပြီ ” လို့ ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်းမြို့နယ်တခုက တိုင်းလွှတ်တော် ကိုယ်စားလှယ်တဦးကလည်း ပြောပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဧရာဝတီတိုင်းမှာ စစ်မှုထမ်းဖို့အကျုံးဝင်နိုင်တဲ့အသက်အရွယ်ရှိသူ လူငယ်တွေငါး သိန်းဝန်းကျင် ရှိနိုင်တယ်လို့ တွက်ချက်နိုင်ပါတယ်။

NUG အပါအဝင် စစ်မှုထမ်းစုဆောင်းမှုအရေး စောင့်ကြည့်နေတဲ့အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ တော့ ဧရာဝတီတိုင်းဟာ စစ်မှုထမ်းစုဆောင်းခံရမှုတတိယအများဆုံးအဖြစ်ရပ်တည်နေတဲ့ ဒေသလို့ ဆိုကြ ပါတယ်။

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန (MOHR) က ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းမှာ ထုတ်ပြန်ထားတဲ့ စာရင်းတွေမှာ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီကနေ စစ်မှုထမ်းအတွက် ဧရာဝတီတိုင်းမှာ အဓမ္မဖမ်းဆီးခဲ့သူ ၃ ထောင်ကျော်ရှိ တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ တိုင်ကြားသူတွေဆီကရတဲ့ အချက်အလက်သာဖြစ်တာကြောင့် မြေပြင်မှာ ဒီထက်များနိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံရသူတွေအနေနဲ့ PDF တပ်ရင်း ၊ပကဖ အဖွဲ့တွေကို ကြိုတင်ချိတ်ဆက်ထားကြဖို့၊စစ်သင်တန်းကာလမှာဖြစ်စေ သင်တန်းပြီးဆုံးချိန်မှာဖြစ်စေ တော်လှန်ရေးတပ်ဖွဲ့တွေဆီအမြန်ဆုံးဆက်သွယ်ဘက်ပြောင်းကြဖို့ ဒီကနေ့ ထုတ်ပြန်တိုက်တွန်းထားပါတယ်။

အဲ့ဒီလိုဘက်ပြောင်းလာတဲ့ လူငယ်၊လူရွယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးမယ့်အပြင် လက်နက်၊ခဲယမ်းတွေပါလာရင်လည်း ဆုကြေးငွေပေးအပ်မယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းအသက်သွင်းပြီး ရရာနည်းလမ်းနဲ့ တပ်သားသစ်တွေစုဆောင်းလာတဲ့နောက် ရှေ့တန်း စစ်မျက်နှာပြင်တွေမှာဖမ်းမိတဲ့သုံ့ပန်းတွေနဲ့ ဘက်ပြောင်းလာသူတွေ ထဲ စစ်မှုထမ်းစုဆောင်းခံရသူ တွေ အများအပြားရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရ အခုနှစ် ဇန်နဝါရီတလအတွင်း ဘက်ပြောင်းလာတဲ့ စစ် ကောင်စီလက်အောက်ခံ စစ်သား၊ရဲ တပ်ဖွဲ့ဝင် စုစုပေါင်း ၁၄၀နီးပါးထဲမှာ စစ်မှုထမ်းစုဆောင်းခံထားရသူ ၅၂ဦး ပါဝင်တယ်လို့ ဖော်ပြပါတယ်။

စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးနောက်လပိုင်းအကြာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အဲ့ဒီဥပဒေဂယက်ကြောင့် အခက်ကြုံနေသူတွေ ဆက်သွယ်အကူအညီတောင်းနိုင်တဲ့ တယ်လီဂရမ် ချန်နယ် တခုဖွင့်လှစ်ခဲ့ပါတယ်။

အဲ့ဒီချန်နယ်ကို ဖွင့်လှစ်ပြီးနောက် ပထမတလအတွင်းမှာပဲ ဆက်သွယ်အကူအညီတောင်းလာသူ တသောင်းခွဲ ကျော်အထိရှိပြီး ၈၈ရာခိုင်နှုန်းလောက်က အမျိုးသားတွေဖြစ်ကာ အမျိုးသမီး ၁၂ရာခိုင်နှုန်းလောက်လည်း ပါဝင် တယ်လို့ NUG ဝန်ကြီးချုပ်ရုံးရဲ့မှတ်တမ်းတွေအရသိရပါတယ်။

စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် တနှစ်အတွင်း စစ်သင်တန်းအပတ်စဉ် ကိုးခုအထိ လူစုဆောင်း သင် တန်း ပေးနိုင်ခဲ့တဲ့ စစ်ကောင်စီဟာ လူဦးရေလေးသောင်းကျော်ကို မတရားသိမ်းသွင်းစုဆောင်းခဲ့ကာ ရှေ့တန်း စစ် မျက်နှာမျိုးစုံကို ပို့ဆောင်အသုံးချခဲ့တယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက အခုလ အတွင်း ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ သူတို့ပြဌာန်းထားတဲ့ စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အမျိုးသား၊ အမျိုးသမီး ၁၃သန်းလောက်ရှိတယ်လို့ ဆိုထားပါတယ်။

အခုနှစ် ဇန်နဝါရီလမှာ ထုတ်ပြန်တဲ့ စစ်မှုထမ်းဥပဒေဆိုင်ရာနည်းဥပဒေမှာတော့ နိုင်ငံတော်ကာကွယ် ရေးနဲ့လုံခြုံ ရေးအတွက် အရေးပေါ်အခြေအနေပေါ်ပေါက်ရင် စစ်မှုထမ်းဖို့အရွယ်ရောက်သူအားလုံး စစ်မှုထမ်းရမယ့်အပြင် စစ်မှုထမ်းပြီးသူတွေလည်း လိုအပ်ရင် နောက်တကြိမ်စစ်မှုထမ်းရမယ်လို့ ပြဌာန်းထားပါတယ်။