ဧရာဝတီတိုင်းသွားမယ့် ခရီးသည်တင်ကားတွေကို ဒဂုံဧရာအဝေးပြေးမှာ ပိတ်ဆို့စစ်ဆေး 

Photo – Social Media(ပုံဟောင်း)

ဖေဖော်ဝါရီ၊ ၉

ဧရာဝတီတိုင်းကို ထွက်ခွာမယ့် အဝေးပြေးကားတွေကို ရန်ကုန်မြို့လှိုင်သာယာ ဒဂုံဧရာအဝေး ပြေးထွက်ပေါက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပိတ်ဆို့ပြီးတော့ တင်းကျပ်စွာစစ်ဆေးခဲ့တယ်လို့မျက်မြင်တွေ့ရှိခဲ့သူတဦးကပြောပါတယ်။

ဒီကနေ့ဖေဖော်ဝါ ရီလ ၉ ရက်နံနက်ပိုင်းမှာ လက်နက်အပြည့်အစုံနဲ့ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးလောက်က ဧရာဝတီတိုင်းကိုထွက်ခွာ မယ့် ခရီးသည်တိုင်းကို ကားပေါ်တက်ရောက်ပြီး စစ်ဆေးခဲ့တာလို့ မျက်မြင်တွေ့ရှိခဲ့တဲ့ အဝေးပြေးဝင်းမှာ ခရီးသည်ခေါ်ပေးသူကDNAကိုပြောပါတယ်။

“ကားတွေစုပြီးထွက်တဲ့အချိန် ဆိုတော့ အထွက်လမ်းတစ်ခုလုံး ပိတ်သွားတယ်”လို့ သူကဆိုပါတယ်။

 အဝေးပြေးကားတစ်စီးကို အချိန် ၁၀ မိနစ်လောက်ယူပြီး စစ်ဆေးနေတာကြောင့် ဒဂုံဧရာအဝေးပြေးဝင်းရဲ့ အထွက်လမ်းမှာ ခရီးသည်တင်ကား ၁၅ စီးလောက်တန်းစီရပ်စောင့်နေခဲ့ရပါတယ်။

အရင်လို စစ်ဆေးတာမဟုတ်ဘူး။ တခုခုရှာနေတာထင်တာပဲ လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူက မှတ်ချက်ပြုပါ တယ်။

ဒဂုံဧရာအဝေးပြေးမှာ အရင်ကအခုလိုမျိုး တင်းတင်းကြပ်ကြပ်စစ်ဆေးတာမျိုးမရှိသလောက်ဖြစ်တယ်လို့လည်း လှိုင်သာယာဒေသခံတွေကဆိုပါတယ်။

“အရင်ကတော့ပုံမှန်လိုမျိုးပဲ၊အခုစစ်တာကသတင်းရလို့ထင်တယ်” လို့လှိုင်သာယာဒေသခံတဦးက ဆိုပါတယ်။

ဒဂုံဧရာအဝေးပြေးဂိတ်ဟာ ခရီးသည်တင်ကားတွေကို အဝေးပြေးအနောက်ဘက်အစွန်ဆုံးမှာရှိတဲ့ နှစ်လမ်း သွားလမ်းကျဉ်းတခုတည်းကသာ ထွက်ခွာခွင့်ပြုထားတာပါ။ အဝေးပြေးယာဉ်လိုင်းများထွက်ခွာရာ အပေါက်ဝမှာတော့ ညနေတိုင်း လမ်းသွားလမ်းလာတွေကို ရဲတပ်ဝင်တွေက ရှာဖွေစစ်ဆေးလေ့ရှိတယ် လို့လည်း အဝေးပြေးဝင်းကို မှီခိုပြီးဈေးရောင်းချသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အစပ် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားလာတဲ့နောက် ဧရာဝတီ တိုင်းဒေသကြီးကို ခရီးသွားတွေနည်းပါးသွားတာကြောင့် ယာဉ်လိုင်းတွေဟာ ကားအစီးရေကို လျော့ ချပြေးဆွဲတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

ဒဂုံဧရာအဝေးပြေးဟာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်မြို့ကို အဓိကဆက်သွယ်ပေးတဲ့ ကားဂိတ်တခု ဖြစ်ပြီး အဝေးပြေး ယာဉ်လိုင်းပေါင်း ၉၀ လောက်ရှိနေပါတယ်။

ရခိုင်နဲ့ ဧရာဝတီအစပ်ဒေသတွေမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ အာရက္ခတပ်တော် AA က အသိ ပေးထုတ်ပြန်ခဲ့ပြီးနောက်ရက်ပိုင်းအကြာမှာပဲ ဗြိတိန်အစိုးရကလည်း မြန်မာနိုင်ငံအတွင်း ခရီး မသွား သင့်တဲ့ ဒေသတွေထဲ ဧရာဝတီတိုင်းထဲက ပုသိမ်၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ ၊ရေကြည်၊ သာပေါင်း စတဲ့မြို့နယ်ခုနစ်ခု ကိုထည့်သွင်းခဲ့ပါသေးတယ်။