![](https://deltanewsagency.com/wp-content/uploads/2025/02/11111.jpg)
ဖေဖော်ဝါရီ၊ ၆
“ သွင်းကုန်က နှစ်ဆဈေးတက်သွားတယ်။ စပါးဈေးက ပြုတ်ကျတယ်။ ရေကလည်း ကြီးလိုက်သေးတယ် ပြီးတော့ စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်ဆပ်တဲ့ ”
ဒါကတော့ ဧရာဝတီတိုင်းက တောင်သူဖွံ့ဖြိုးရေးအဖွဲ့တခုမှာ ခေါင်းဆောင်ပိုင်းတာဝန်ယူထားသူ တဦးရဲ့ ညည်းညူသံပါ။
ပြီးခဲ့တဲ့မိုးစပါးမပေါ်ခင်က တင်း ၁၀၀ ကို ၂၂ သိန်းကျပ်ထိပေါက်ဈေးရှိတဲ့ စပါးဈေးဟာ အခုချိန်မှာတော့ ၁၅ သိန်းဝန်းကျင်ထိ ထိုးကျသွားခဲ့တဲ့အပြင် စစ်ကောင်စီကလည်း စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်ဆပ်ဖို့ အကြောင်း ကြားစာတွေ ပို့နေတယ်ဆိုတဲ့ အခြေအနေတွေကို ရှင်းပြရင်း ညည်းညူနေတာဖြစ်ပါတယ်။
ဧရာဝတီတိုင်းဟာ မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့ တင်စားခေါ်ဝေါ်ရတဲ့အထိ ဆန်စပါးထုတ်လုပ် မှုအားကောင်းတဲ့ ဒေသပါ။ မြစ်ဝကျွန်းပေါ်ဒေသဖြစ်တာကြောင့် ရေအလွယ် တကူရရှိနိုင်တဲ့နေရာတွေများပြီး တချို့နေရာတွေမှာ တနှစ်ပတ်လုံး စပါးစိုက်ပျိုးကြတာမျိုးတောင်ရှိပါတယ်။
ပြီးတော့ ၂၀၂၁ နောက်ပိုင်းကစလို့ နိုင်ငံအနှံ့ စစ်ရေးပဋိပက္ခတွေရှိခဲ့ပေမယ့် ဧရာဝတီဒေသအများစု ကတော့ အဲ့ဒီအခြေအနေတွေကနေ လွတ်ကင်းနေခဲ့တာကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေ ပုံမှန်အတိုင်း ဆက်လက် လုပ်ကိုင်ခွင့်ရနေခဲ့ပါတယ်။
ဒီလိုလုပ်ကိုင်ခွင့်ရနေခဲ့တဲ့တိုင်အောင် ဧရာဝတီတောင်သူတွေဟာလည်း ပြည်တွင်းစစ်မီး လာဟပ်တဲ့ဒဏ်၊ ရာသီဥတုဒဏ်နဲ့ တခြားအခက်အခဲတွေကိုရင်ဆိုင်နေရပြီး အာဏာသိမ်းပြီးကတည်းက တောင်သူတွေရဲ့ ဘဝဆုတ်ယုတ်လာနေတာလို့ ဆိုကြပါတယ်။
“ ကျွန်တော်တို့ အကြောက်ဆုံးက ရာသီဥတုနဲ့ ဈေးကွက်မတည်ငြိမ်မှုပဲ ” လို့ ဇလွန်မြို့နယ်မှာ ကိုယ်တိုင်လည်း လယ်ယာစိုက်ပျိုးရေး လုပ်ဆောင်သလို တဖက်မှာလည်း စပါးပွဲစားအလုပ် လုပ်ကိုင်နေတဲ့ ဇလွန်သား လို့ သူ့အမည်ကို ဖော်ပြစေချင်တဲ့ တောင်သူတဦးကဆိုပါတယ်။
ဧရာဝတီတိုင်းမှာ လယ်ယာသုံးတိရိစ္ဆာန်ဖြစ်တဲ့ နွားတွေအလွန်နည်းပါးလာပြီး အများစုက အလုပ် ပိုမိုတွင်ကျယ်တဲ့ စက်ပစ္စည်းတွေကို အသုံးပြုလာကြပေမယ့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစလို့ စက်သုံးဆီဈေးတွေမြင့်တက်လာတာ၊ လိုအပ်သလောက် အလွယ်တကူဝယ်လို့မရနိုင်တာတွေကြောင့် စက်ပိုင်ရှင်တွေက ထွန်ယက်ခကို ဈေးနှုန်းတိုးမြှင့်ခဲ့ကြတယ်လို့သူကရှင်းပြပါတယ်။
အဲ့ဒီအချိန်က စပါးပေါက်ဈေးဟာ ထွန်ယက်ခ၊ ဓာတ်မြေဩဇာခတွေနဲ့တင် အရင်းမကြေနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာတဲ့အခါ လယ်သမားအများစုဟာ စပါးကို ထွန်ယက်စိုက်ပျိုးတာမျိုး မလုပ်ပဲ ဒီတိုင်းပက်ကြဲစိုက်ပျိုးတဲ့ နည်းလမ်းကို သုံးကြရပါတော့တယ်။
စိုက်ပျိုးရေးလောကမှာတော့ ဒီလိုစိုက်ပျိုးနည်းကို “သမန်းကြဲခင်း”လို့ ခေါ်ကြပါတယ်။
ဒါ့အပြင် ပုံမှန်အသုံးပြုနေကြ ပုလဲ၊ ယူရီးယားနဲ့ တီစူပါစတဲ့ ဓာတ်မြေဩဇာ ဈေးနူန်းတွေဟာလည်း ၂ ဆကျော်ခုန်တက်သွားတာကြောင့် ဒီဓာတ်မြေဩဇာနဲ့ တွဲဖက် အသုံးပြုရမယ့် အခြားသော ဖြည့်စွက်ပစ္စည်းတွေကိုပါ မသုံးနိုင်တော့တဲ့အပြင် တမျိုးတည်းကိုတောင်မှ လုံလုံလောက်လောက် အသုံးမပြုနိုင်တော့ပါဘူး။
“ ဒီလိုလုပ်ရတော့ ထွက်နှုန်းလျော့တာပေါ့ဗျာ ” လို့ ဇလွန်သားကပြောပါတယ်။
ပုံမှန်ထွန်ယက်စိုက်ပျိုးနိုင်ရင် တဧကကို တင်း ၁၀၀ နီးပါးထွက်တဲ့အထိ ထုတ်လုပ်မှုကို ထိန်းထားနိုင်တဲ့ လယ်သမားတွေဟာ ၂၀၂၃ က စလို့ တဧကကို တင်း ၈၀ ထွက်အောင် ဖျစ်ဖျစ်မည် အလုပ်လုပ်ကြရတယ်လို့ ရေကြည်မြို့နယ်က လယ်သမားဖြစ်သူ ကိုမိုးက ဆိုပါတယ်။
ဒီလိုအခြေအနေမှာမှ ၂၀၂၄ မှာ မြန်မာတနိုင်ငံလုံးမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုမှာလည်း ဧရာဝတီတိုင်းက စိုက်ပျိုးမြေဧက သိန်းနဲ့ချီရေနစ်မြုပ်ခဲ့ရပြီး မြန်အောင်ခရိုင်ထဲက ရေကြည်၊ ငသိုင်းချောင်း၊ အသုတ်နဲ့ သာပေါင်းမြို့နယ် စတဲ့ဒေသတွေက လယ်တွေအများစုပါဝင်ခဲ့ပါတယ်။
၂၀၂၄ – ၂၀၂၅ ခုနှစ် မိုးစပါးရာသီအတွင်း ဧရာဝတီတိုင်းမှာ စိုက်ပျိုးနိုင်ခဲ့တဲ့ ဧရိယာဟာ ဧကပေါင်း သိန်း ၂၀ ကျော်ရှိပြီး ဒါဟာ ပုံမှန်စိုက်ပျိုးမှုထက် ထက်ဝက်နီးပါးလျော့ကျသွားခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် စိုက်ပျိုးမှုအများဆုံးလို့ ပြောလို့ရတဲ့နေရာတွေမှာ ရေကြီးရေလျှံမှုကြောင့် စပါးခင်းဧက သိန်းနဲ့ချီ ထပ်မံပျက်စီးခဲ့ရပါသေးတယ်။
“ ဒါမျိုးကတော့ မြွေပူရာ ကင်းမှောင့်လို့ ခေါ်တာပေါ့” လို့ ကိုမိုးက ပြောပါတယ်။
သူပြောတဲ့ မြွေပူရာ ကင်းမှောင့်ဆိုတဲ့ထဲမှာ စိုက်ပျိုးစရိတ်ချေးငွေတွေ၊ ကုန်ကျစရိတ်တွေ၊ အခြေခံစားသောက်ကုန် ဈေးနူန်းတွေ၊ လယ်ကိုနိုင်နိုင်နင်းနင်းလုပ်နိုင်တဲ့ လူငယ်တွေ တစထက်တစ လျော့နည်းလာတာနဲ့ စစ်ရေးအရ ပူပင်လာရတဲ့ အခြေအနေတွေ ပါဝင်နေပါတယ်။
အဆိုးဆုံးကတော့ စစ်ကောင်စီက စိုက်ပျိုးစရိတ်ချေးငွေတွေကို ဖိအားပေးပြန်လည်တောင်းဆိုနေတာပါ။
စစ်ကောင်စီဟာ မိုးစပါးစိုက်ပျိုးဖို့ တဧကကို ငွေကျပ် ၁၅၀,၀၀၀(တစ်သိန်းငါးသောင်းကျပ်)နှုန်းနဲ့ ချေးငွေချပေးခဲ့ပြီး ခုချိန်မှ မဆပ်နိုင်ရင် ဥပဒေကြောင်းအရ အရေးယူမှာဖြစ်တဲ့အကြောင်း နို့တစ်စာ(အကြောင်းကြားစာ)တွေ ပေးပို့ပြီး ပြန်လည်တောင်းယူနေတာပါ။
ပုံမှန်အားဖြင့် စပါးစိုက်ကွင်းတွေဟာ ရွှေခရု၊ ကြွက် စတဲ့သီးနှံဖျက်ပိုးကျတာမျိုးတွေနဲ့ ရေကြီးတာ၊ မိုးခေါင်တာစတဲ့ ထွက်နှုန်းကျဆင်းစေတဲ့ ကိစ္စရပ်တွေရှိတတ်ပါတယ်။
အရပ်သား အစိုးရလက်ထက်က ဒီလိုအခြေအနေမျိုးတွေရှိလာရင် ချေးငွေကို ကာလတခုကြာတဲ့အထိ ဆိုင်းငံ့ပေးထားလေ့ရှိသလို သွင်းကုန်တွေ(စိုက်ပျိုးရေးမှာလိုအပ်တာတွေ) များများအသုံးပြုနိုင်ဖို့နဲ့ ထုတ်ကုန်ကို လုံလောက်မျှတတဲ့ ဈေးကောင်းရနိုင်ဖို့ မူဝါဒတွေ ချမှတ်ပေးလေ့ရှိတယ်လို့ တောင်သူဖွံ့ဖြိုးရေး အဖွဲ့တခုရဲ့ တာဝန်ရှိသူက ရှင်းပြပါတယ်။
လက်ရှိစပါးဈေးနဲ့ လယ်တဧကထွက်နှုန်းထဲက ကုန်ကျစရိတ်တွေကို နုတ်လိုက်မယ်ဆိုရင် လယ်သမားတဦးဟာ လယ်တဧကအတွက် အနည်းဆုံး ၆ သိန်းဝန်းကျင် အရှုံးပေါ်နိုင်တယ်လို့ သူက တွက်ချက်ပြပါတယ်။
ဒီဆောင်းပါးထဲမှာပါတဲ့ စပါးဈေးဟာ ဈေးကွက်ဝင်အများစု စိုက်ပျိုးကြတဲ့ ဆင်းသုခ အမျိုးအစားကို အခြေခံထားတာဖြစ်ပါတယ်။ ဒီဆင်းသုခကို ဆန်အဖြစ် ပြန်လည်ဝယ်ယူစားသုံးမယ်ဆိုရင်တော့ တတင်းကို ငွေကျပ် ၇ သောင်းဝန်းကျင်ရှိနေပါတယ်။
တောင်သူဖွံ့ဖြိုးရေး ခေါင်းဆောင်က “ ဒီနှစ်စပါးဈေးက ၂၅ သိန်းလောက်ရမှ လယ်သမားတွေက ခံသာမှာ။ အရင်ကဆို( အရပ်သားအစိုးရလက်ထက်) ဒီလောက်မပူရဘူးပေါ့ဗျာ။ အခုက ဘက်ပေါင်းစုံကပူနေရတယ် ” လို့ ဆိုပါတယ်။
ဒီလိုပြောရတဲ့အကြောင်းက စစ်မှုထမ်းဖို့နဲ့ စစ်မှုထမ်းတွေကို ထောက်ပံ့ဖို့ဆိုပြီး ဧရာဝတီတိုင်းထဲမှာ ပေါ်ပေါ်တင်တင် ငွေကောက်ခံနေကြတဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေကြောင့်ပါ။
ငွေကောက်ခံမှု ခေါင်းစဉ်တွေသာပြောင်းသွားပေမယ့် တလကို ငွေ ၅ သောင်းကျပ် အနည်းဆုံးထားပြီး ကောက်ခံနေမှုက ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းကပါပဲ။
ဒါအပြင် စစ်မှုထမ်းစာရင်းပါတယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေလည်း စစ်မှုထမ်းမလိုက်ချင်ရင်ဆိုတဲ့ အပိုင်းမှာ ကျပ်ငွေ သိန်း ဆယ်ကြီးပိုင်းတွေ ကုန်ကျနေရပါသေးတယ်။
ဒီအခြေအနေကို မကြုံချင်လို့ လူငယ်အများစုဟာ အောက်လမ်းလို့ခေါ်တဲ့ တရားမဝင်လမ်းကြောင်းတွေကနေ ပြည်ပထွက် အလုပ်လုပ်ကြပေမယ့် ကုန်ကျစရိတ်ကြီးမြင့်မှုတွေ၊ ဖမ်းဆီးခံရနိုင်မှုတွေ၊ အကြောင်းအမျိုးမျိုးနဲ့ အသက်သေဆုံးနိုင်ချေတွေကလည်း မြင့်တက်နေပြန်တာပါ။
“ အခုဆို ကျွန်တော်တို့ဘက်တွေမှာ ကျန်နေတဲ့သူတွေက ဘယ်မှသွားလို့မရတဲ့သူတွေနဲ့ အရက်ဂျိုးဖြစ်နေလို့ အလုပ် မလုပ်နိုင်တော့တဲ့သူမျိုးတွေပဲရှိတော့တယ် ” လို့ အသုတ်မြို့ကနေ ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ အလုပ်လာရောက်လုပ်ကိုင်နေတဲ့ ကိုကျော်ကြီးက ဆိုပါတယ်။
သူတို့ မောင်နှမ ၅ ယောက်ရှိတာမှာ အရွယ်ရောက်ပြီးသူ ၃ ဦးက ထိုင်းမှာ အလုပ်လာရောက် လုပ်ကိုင်နေတာပါ။ ကျန်ခဲ့တဲ့ မိသားစုတွေကိုလည်း လယ်အလုပ်တွေ ဆက်မလုပ်ဖို့ ညှိနှိုင်းထားကြပြီး သူတို့ရဲ့လုပ်ခလစာနဲ့ ရပ်တည်နိုင်ဖို့ စီစဉ်ထားတယ်လို့ ကိုကျော်ကြီးကရှင်းပြပါတယ်။
တောင်သူဖွံ့ဖြိုးရေး အဖွဲ့ခေါင်းဆောင်ကတော့ “ကျွန်တော်တို့က လယ်ပိုင်ယာပိုင်နဲ့ကိုယ်ပိုင်လုပ်ငန်း လုပ်နေရာကနေ ချက်ချင်းကြီး ကျွန်ဖြစ်သွားကြရတာမျိုး” လို့ အခြေအနေကို ခိုင်းနှိုင်းပါတယ်။
လယ်သမားတွေကတော့ တရိပ်ရိပ်ကျဆင်းလာနေတာဟာ စပါးဈေးတင်မဟုတ်ဘဲ ပဲဈေးတွေပါ ပါလာတာကြောင့် လာမယ့် ဆောင်းသီးနှံအတွက်လည်း ကြိုပြီးစိတ်ညစ်နေကြရတဲ့ အခြေအနေပါ။
မြန်မာနိုင်ငံမှာ လယ်ယာလုပ်ငန်းနဲ့အသက်မွေးတဲ့ တောင်သူလယ်သမားတွေဟာ နိုင်ငံလူဦးရေရဲ့ ၇၀ရာခိုင် နှုန်းလောက်အထိရှိနေတယ်လို့ ခေတ်အဆက်ဆက် အစိုးရဌာနဆိုင်ရာမှတ်တမ်းတွေမှာဖော်ပြပါတယ်။
ငွေကြေးရော လုပ်အားရော ရင်းနှီးစိုက်ပျိုးခဲ့ကြပြီးနောက် စပါးပေါ်ချိန်သီးနှံပေါ်ချိန်ဟာ ဒီတောင်သူလယ် သမားတွေ လက်ဖျားငွေသီးချိန်၊ပျော်ကြရွှင်ကြချိန်ပါ။ဒါကြောင့်ပဲ “စပါးပေါ်ချိန်၊ငွေပေါ်ချိန်”ရယ်လို့ မြန်မာ့ လူမှုအသိုက်အဝန်းထဲ ပြောစမှတ်ပြုကြတာပါ။
အခုတော့ အဲ့ဒီဆိုရိုးစကားဟာလည်း အလုံးစုံ မမှန်နိုင်တော့ဘူးဆိုတာကို ရေကြည်မြို့နယ်ဒေသခံတောင်သူ ကိုမိုးရဲ့ညည်းတွားသံကဖော်ပြနေပါတယ်။
သူက “ ကျွန်တော်တို့ စပါးပေါ်ချိန် ပဲပေါ်ချိန် မပျော်နိုင်တာ ၃ နှစ်ရှိနေပြီ ” တဲ့။