သာပေါင်းက စစ်ရှောင်ဖို့ကြိုးပမ်းတဲ့ ဒေသခံတချို့ ဖိအားပေးခြိမ်းခြောက်ခံရ

Photo – Social Media

ဇန်နဝါရီ၊ ၃၀ 

အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ မြို့နဲ့ မိုင် သုံးဆယ်လောက် အကွာလောက်အထိ ရောက်လာနေတဲ့ ဧရာဝတီတိုင်း၊ သာပေါင်းမြို့ကနေ တိမ်းရှောင်ဖို့ကြိုးပမ်းတဲ့ ဒေသခံတချို့ကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဖိအားပေးခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“အထုပ်တွေ၊ ကားတွေနဲ့ သွားရင် အဲဒီအိမ်တွေကို ချိတ်ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်တာ၊ ထွက်ပြီးရင် ပြန်မဝင်ရဘူးလို့ ပြောတာ” လို့ သာပေါင်းမြို့ခံတဦးက ပြောပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခုလို ဖိအားပေးနေတာလို့လည်း သူက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ကတည်းက သာပေါင်းဒေသခံတွေအနေနဲ့ ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထားပြီး တိမ်းရှောင်ကြဖို့အာရက္ခတပ်တော်(AA) ဘက်က သတိပေးထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာကြောင့် မြို့ခံတချို့က ပုသိမ်နဲ့ တခြားဘေးလွတ်နိုင်တဲ့ ဒေသတွေဆီ တိမ်းရှောင်ဖို့ ကြိုးပမ်းခဲ့ကြတာလို့လည်း သိရပါတယ်။ 

“အဲသတင်းကြောင့် လှုပ်လှုပ်ရွရွ ဖြစ်သွားပေမယ့် ခုတော့ ပုံမှန်အတိုင်းပါပဲ၊ သတင်းက တဆင့်စကား တဆင့်နားနဲ့” လို့လည်း သာပေါင်းမြို့ခံက ပြောပါတယ်။ 

သာပေါင်းမြို့ခံတွေအနေနဲ့ ဇန်နဝါရီ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး တိမ်းရှောင်ကြဖို့ AA ဘက်က သတိပေးခဲ့တာ ရှိ၊ မရှိ ဆိုတာကိုတော့ DNA အနေနဲ့ အတည်မပြုနိုင်ပါဘူး။ 

ဒါ့အပြင် အခုလ ၂၈ ရက်ကစပြီး မကျီးဇင်ရွာနဲ့ သာပေါင်းမြို့ကြားရှိ ကျားခေါင်းရွာနဲ့ အနီးတဝိုက်မှာ AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေပြင်းထန်နေလို့ သာပေါင်းဒေသခံတချို့ တိမ်းရှောင်ဖို့ ကြိုတင်ပြင်ဆင်နေကြတာပါ။ 

လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကျားခေါင်းရွာနဲ့ သာပေါင်းမြို့ကတော့ မိုင်သုံးဆယ်လောက် ဝေးပြီး ကြားထဲမှာလည်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းခံစစ်ပြင်ထားသလို သာပေါင်းမြို့အဝင်မှာလည်း စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း(ခမရ) ၃၀၈ အခြေစိုက်ပါတယ်။ 

“အခု (မြို့ခံ)တော်တော်များများက အဆင်သင့်အနေအထားနဲ့ပဲ နေနေတာ” လို့လည်း သာပေါင်းမြို့ခံတွေ တိမ်းရှောင်ဖို့ပြင်ဆင်နေကြတာနဲ့ ပတ်သက်ပြီး အထက်ပါ မြို့ခံက ပြောပါတယ်။ 

အာရက္ခတပ်တော်(AA)ကတော့ ဇန်နဝါရီလ ၂၆ ရက်၊ နေ့လယ်ပိုင်းက သူတို့သိမ်းပိုက်လိုက်နိုင်တဲ့ ဧရာဝတီတိုင်းအတွင်းရှိ ပွိုင့် ၂၆၃ စခန်းကို စစ်ကောင်စီတပ်ဘက်က နောက်တရက် နေ့လယ်ပိုင်းမှာပဲ လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့  ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဇန်နဝါရီ ၂၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ 

AA ဘက်က သိမ်းပိုက်လိုက်နိုင်တယ်ဆိုတဲ့ အဲဒီ ပွိုင့် ၂၆၃ စခန်းနေရာဟာ မကျီးဇင်နဲ့ သာပေါင်းကြားရှိ စခန်းတခုလို့ ယူဆရပေမယ့် အတိအကျတော့ အတည်မပြုနိုင်သေးပါဘူး။ 

မကျီးဇင်နဲ့ သာပေါင်းကြားရှိ တိုက်ပွဲတွေအတွင်းကိုတော့ စစ်ကောင်စီဘက်က စစ်ကူပေးပို့နေတာတွေရှိသလို ပြီးခဲ့တဲ့ ၂၈ ရက်ကလည်း အဲဒီဘက်မှာရှိတဲ့ စစ်ကောင်စီတပ်တွေအတွက် ရိက္ခာသွားပို့တဲ့ ယာဥ်တန်း တိုက်ခိုက်ခံရလို့ သာပေါင်းမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ဝင်းနိုင်ဦး သေဆုံးခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ 

ပြီးခဲ့တဲ့နှစ် ကုန်ခါနီးမှာ ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်ဆုံး ဂွမြို့ကို AA က သိမ်းပိုက်လိုက်ပြီးနောက် အခုနှစ် အစောပိုင်းမှာတော့ ဂွမြို့နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက ဒေသတွေအထိပါ AA ရဲ့ ထိုးစစ်ဆင်မှုတွေ ရှိလာနေပါတယ်။ 

အခုလ ဒုတိယပတ်နဲ့ တတိယပတ်အတွင်းမှာတော့ ရခိုင်-ဧရာဝတီအစပ်မှာရှိတဲ့ မကျီးဇင်ရွာနဲ့ ဘောမိရွာရှိ စစ်ကောင်စီတပ်စခန်းတွေကို AA ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီး အဲဒီနောက်မှာတော့ ရွှေသောင်ယံဘက်ခြမ်း တိုက်ပွဲတွေရောက်ရှိလာမယ်လို့ ခန့်မှန်းထားခဲ့ကြပေမယ့် လက်ရှိမှာတော့ သာပေါင်းမြို့ဘက်ကိုပဲ AA ရဲ့ ထိုးစစ်တွေ ဦးတည်လာနေပါတယ်။

သာပေါင်းမြို့ဟာ စစ်ကောင်စီတပ်ရဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) အခြေစိုက်ရာ ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြို့နဲ့ မိုင်နှစ်ဆယ်လောက်သာဝေးပြီး မြို့ရဲ့ မြောက်ဘက် မိုင်လေးဆယ်ဝန်းကျင်အကွာရှိ ငါးသိုင်းချောင်းဘက်မှာလည်း AA ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ ရှိလာနေလို့ စစ်ကောင်စီတပ်က စစ်ရေးကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်နေပါတယ်။ 

ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယ ဖွံ့ဖြိုးရေးဌာန (FCDO) ကဧရာဝတီတိုင်း မြို့နယ် ခုနစ်မြို့နယ်ကို ခရီးသွားလာမှု သတိထားဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တာမှာလည်း သာပေါင်းမြို့နယ်ပါဝင်ခဲ့ပါတယ်။