ကမ်းခြေအပန်းဖြေခရီးတွေ ဖျက်သိမ်းနေချိန် ညောင်ချောင်းသာကမ်းခြေ ကိုပြန်ဖွင့်ရန်ပြင်ဆင်

Photo – Social Media (ပုံဟောင်း)

ဇန်နဝါရီ ၂၇

ငါးနှစ်လောက်ပိတ်ထားခဲ့တဲ့ ညောင်ချောင်းသာကမ်းခြေကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်တော့မယ်လို့ ဧရာဝတီတိုင်း ညောင်တုန်းမြို့ဒေသခံအချို့ကပြောပါတယ်။
ပြန်လည်ဖွင့်လှစ်မယ့် ညောင်ချောင်းသာကမ်းခြေဟာ အရင်ကလို ညောင်တုန်းမြို့နဲ့ မနီးမဝေးကမ်း ခြေမှာဖွင့်လှစ်မှာမဟုတ်ဘဲ ဧရာဝတီမြစ်နဲ့ ပန်းလှိုင်(ညောင်တုန်း)မြစ်အဝက ရေလယ်ကျွန်းပေါ်မှာ ပြန်လည်ဖွင့် လှစ်မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ကမ်းခြေပြန်လည်ဖွင့်လှစ်နိုင်ဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီး ဆောင်ရွက်နေတာဖြစ်ပြီး ဈေးသည်တချို့လည်း ဆိုင်ခန်းတွေစတင်ဆောက်လုပ်နေပြီလို့ ဒေသခံတွေကပြောပါတယ်။
ကျွန်းပေါ်ကမ်းခြေကို ဇတ်ကူးတို့နဲ့ ကူးရမှာဖြစ်ပြီး တဦးကို ကူးတို့ခ ၅၀၀ ကျပ် ကောက်ခံမယ်လို့လည်းသိရ ပါတယ်။
ကမ်းခြေ (ကျွန်းပေါ်) ဝင်ကြေးက ၃ ထောင် (ကျပ်) လို့ကြားထားတယ် လို့ ညောင်တုန်းမြို့ ခံတစ်ဦးကပြောပါတယ်။
ညောင်ချောင်းသာကျွန်းပေါ်ကမ်းခြေကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိသာဖွင့်လှစ်မှာဖြစ်ပြီး ညအိပ်ဧည့်သည့်တွေကိုတော့ လက်ခံမှာမဟုတ်ဘူးလို့ မြို့နယ်စည်ပင်က အသိပေးထားကြောင်း ကမ်း ခြေမှာ ဈေးရောင်းချရန် ပြင်ဆင်နေသူတစ်ဦးက ပြောပါတယ်။
ညောင်တုန်းမြစ်အဝမှာ ဖွင့်လှစ်မယ့် ကမ်းခြေဟာ အပန်းဖြေလာရောက်သူတွေအတွက် အန္ဒရာယ်ရှိ နိုင်ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ကြိုတင်ပြင်ဆင်ထားတဲ့ အတားအဆီးတွေ လုပ်ဆောင်နေတာ မတွေ့ရသေးဘူးလို့လည်း သူကပြောပါတယ်။
ကမ်းခြေခရီးစဉ်တွေထဲမှာ ညောင်ချောင်းသာကမ်းခြေက ရန်ကုန်မြို့နဲ့ အနီးဆုံးဖြစ်တာကြောင့် အရင်ကနာမည်ကျော်ကြားခဲ့ပါတယ်။ညောင်တုန်းမြို့က ရန်ကုန်မြို့ကနေ မိုင်၃၀ ကျော်သာကွာဝေးတာပါ။
ဒါပေမယ့်လည်း ညောင်ချောင်းသာကမ်းခြေကမြစ်ရေနောက်ကျိတာ ၊ ငါးလို ရေနေသတ္တဝါအသေးအချို့ကအပန်းဖြေသူ
တွေကို ကိုက်တာတို့ကြောင့် နာမည် ပျက်လည်းရှိခဲ့ပါတယ်။
ညောင်ချောင်းသာကမ်းခြေကို အရပ်သားအစိုးရလက်ထက် ကိုဗစ်ကာလမှာ ပိတ်ထားခဲ့တာပါ။
လက်ရှိ အချိန်မှာတော့ ဧရာဝတီတိုင်းထဲမှာ တိုက်ပွဲတွေစတင်ဖြစ်ပွားလာတဲ့နောက် ချောင်းသာ၊ ငွေဆောင် အပန်းဖြေခရီးစဉ်တွေ ဖျက်သိမ်းတာများလာတဲ့နောက် ညောင်ချောင်းသာကမ်းခြေကို ပြန်လည်ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။