ပန်းတနော်မြို့နယ် ကျေးရွာတချို့မှာ ဒေသခံတွေဆန္ဒမပါဘဲ ကရင်နှစ်သစ်ကူးပွဲကျင်းပနေ

Photo – Social Media ပုံစာ-ကရင်ပြည်နယ် လွတ်မြောက်နယ်မြေတနေရာမှာကျင်းပခဲ့တဲ့ကရင်နှစ်သစ်ကူးပွဲ
 
ဇန်နဝါရီ၊ ၂၁
 
ကရင်နှစ်သစ်ကူးပွဲတော်ကို ပြည်သူတွေမကျင်းပချင်ပေမယ့်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးက မြို့နယ်ညွှန်ကြားချက်လို့ဆိုကာ ပွဲတော်ဆက်လက်ပြုလုပ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဒေါင့်ကြီးကျေးရွာအုပ်စု ဒေသခံတချို့ကပြောပါတယ်။
မြန်မာနိုင်ငံအနှံ့အပြားမှာ ကရင်နှစ်သစ်ကူးနေ့ကို ပြာသိုလဆန်း ၁ ရက်နေ့လို့ သက်မှတ်ကျင်းပပေမယ့် လည်း ပန်းတနော်မြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာအများစုကတော့ တပို့တွဲလဆန်း ၁ ရက်နေ့ကို ပြောင်းလဲကျင်းပလာခဲ့တာ ဆယ်စုနှစ် တခုလောက်ရှိခဲ့ပါပြီ။
နေ့ရက်ပြောင်းလဲကျင်းပရတဲ့ အကြောင်းအရင်းကတော့အာဏာရှင် ဦးနေဝင်းလက်ထက် မှာ ကရင်နှစ်သစ်ကူးနေ့ကို နာမ်နှိမ်ပြီးနေ့ရက်သက်မှတ်ပေးခဲ့တာကို လက်မခံတာကြောင့်လို့လည်း ဒေသတချို့ကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပန်းတနော်မြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ကျေး ရွာအုပ်စုအလိုက် နှစ်သစ်ကူးအကြို ဘောလုံးပြိုင်ပွဲတွေ ကျင်းပနေပေမယ့်လည်း ပြည်သူအနည်းငယ်သာ သွားရောက်ကြည့်ရှုကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံတွေအနေနဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို မကျင်းပလိုတဲ့အကြောင်းအရင်းက စစ်မှုထမ်းကိစ္စတွေ အပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ တိုက်ပွဲတွေစတင်ဖြစ်ပွားလာတာကြောင့်လို့ သူကပြောပါတယ်။
နှစ်သစ်ကူးသွားရင်း ပေါ်တာဆွဲခံရမှာကို ကြောက်နေတဲ့လူတွေလည်းရှိတယ် လို့ သူကဆိုပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးတွေဦးစီးတဲ့ နှစ်သစ်ကူးအကြိုဘောလုံးပြိုင်ပွဲတွေဟာ ဇန်နဝါရီလ ဒုတိယအ ပတ်က စတင်ခဲ့တာဖြစ်ပြီးတော့ တပို့တွဲလဆန်း ၁ ရက်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာပြီး ဆုံးမှာ ဖြစ်ပါတယ်။ ပန်းတနော်မြို့ အရှေ့ဖက် ဧရာဝတီမြစ်ဘေးမှာ တည်ရှိတဲ့ ကျေးရွာပေါင်း ၂၀ ဝန်းကျင် မှာတော့ ကရင်လူမျိုးတွေအများဆုံးနေထိုင်ကြတာဖြစ်ပါတယ်။