“သေနတ်တွေနဲ့ချိန်တယ်၊သူတို့လူတွေကို လှေတွေနဲ့ သွားခေါ်ခိုင်းတယ်” ဘောမိကျေးရွာဒေသခံစစ်ရှောင်ပြည်သူတဦးကို ဆက်သွယ်မေးမြန်းခြင်း

ဇန်နဝါရီ ၊ ၂၁

နွေဦးတော်လှန်ရေးတိုက်ပွဲတွေထဲ ဧရာဝတီဒေသခံတွေအများအပြား ပါဝင်လှုပ်ရှားနေကြပေမဲ့ ဒေသတွင်း တော် လှန်ရေးလှုပ်ရှားမှု အားနည်းတာကြောင့် စစ်ခေါင်းဆောင်ကိုယ်တိုင်က ဧရာဝတီကိုအတည်ငြိမ်ဆုံး ဒေသအဖြစ် ထုတ်ဖော် ချီးကျူးခဲ့ဖူးပါတယ်။

ဒါပေမဲ့ လက်ရှိဧရာဝတီတိုင်းထဲမှာတော့ စစ်ကောင်စီတပ်တွေအထိနာပြီး စခန်းစွန့်တပ်ဆုတ်ပြေးရတဲ့အထိ ပြင်း ထန်တဲ့ တိုက်ပွဲတွေရှိလာနေပါတယ်။ ရွှေသောင်ယံမြို့နဲ့ မိုင်နှစ်ဆယ်လောက်အကွာက ဘောမိရွာတိုက်ပွဲဟာ စစ် ကောင်စီက လေကြောင်းပါအသုံးပြုပြီးခံစစ်ဆင်ခဲ့ရတဲ့တိုက်ပွဲတခုပါ။

ဒီတိုက်ပွဲတွေကြောင့် ဒေသခံအများအပြားလည်း စစ်ဘေးရှောင်နေကြရပါတယ်။ အဲ့ဒီအထဲက ဒေသခံလူငယ် အမျိုးသမီးတဦးကို DNAက ဆက်သွယ်ပြီး ဘောမိရွာတိုက်ပွဲအခြေအနေ၊ကျေးရွာထိခိုက်မှုအခြေအနေနဲ့ ဒေသခံတွေရဲ့အခြေအနေတွေကိုမေးမြန်းထားပါတယ်။

မေး : ပထမဦးဆုံးအနေနဲ့ ဘောမိကျေးရွာရဲ့ လက်ရှိအခြေအနေကို အတိုချုံးပြီး ပြောပြပေးနိုင်မလားဗျ။

ဖြေ :  ရွာကလူတွေက စစ်ရှောင်နေကြတာပါ။ တချို့ကလည်း ပုသိမ်မြို့ပေါ်မှာ။တချို့ကလည်း အနီးအနားရွာ တွေမှာ ရှောင်နေကြတာပါ။ ဘောမိနဲ့ အနီးပတ်ဝန်းကျင်ရွာမှာဆိုရင်လည်း အများကြီး ရှောင်နေကြ တာပါ။

မေး : ဘောမိကျေးရွာအပိုင်ထဲမှာ တိုက်ပွဲတွေက ဘယ်နေ့ကစဖြစ်ခဲ့တာပါလဲ။ဘယ်နေ့မှာ တိုက်ပွဲတွေပြီး သွားတာပါလဲ။

ဖြေ- အရင်ရက်တွေကတော့ အင်အားဖြည့်နေကြတာပါ။ ၁၇ ရက်နေ့ကစပြီး သမီးတို့ရွာကို လာထိတာပဲ။

မေး : ဘောမိကျေးရွာက အိမ်ခြေဘယ်လောက်ရှိတဲ့ ကျေးရွာပါလဲ။ ကျေးရွာရဲ့ အဓိကစီးပွားရေးက ဘာဖြစ်မလဲ။

ဖြေ : အိမ်ခြေက ၄၀၀ ကျော် ၅၀၀ နီးပါးရှိတယ်။ အဓိကက ရေလုပ်ငန်းလုပ်ကြတာပါ။ ဉယျာဉ်ခြံလည်းနည်း နည်းလုပ်ကြတယ်။ ပုသိမ်နဲ့လည်း ကုန်ရောင်းကုန်ဝယ်လုပ်ကြပါတယ်။

မေး : အခုဆိုရင် ဘောမိကျေးရွာမှာ တိုက်ပွဲကြောင့် နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ခန့်မှန်း အရေအတွက် ဘယ်လောက်အထိပျက်စီးသွားပါလဲ။

ဖြေ : အကောင်းအတိုင်းမရှိတော့ဘူး။ ကျန်နေသေးတဲ့အိမ်တွေကလည်း နည်းနည်းတော့ပျက်စီးတာပဲ။ ကမ်းနားတန်း ကနေစပြီး အထက်ပိုင်းအထိ မီးလောင်သွားတာ။ ပြာကျသွားတာ။ သမီးတို့ ရွာအောက်ပိုင်းက မီးမလောင်ဘဲ ပျက်စီးသွားတာ။ သမီးတို့ ပြန်စရာအိမ်မရှိတော့ဘူး။ စစ်သားတွေ (စကစ) ရွာထဲမှာမရှိတော့မှ လေယာဉ်နဲ့ ရွာကိုဗုံး ထပ်ကြဲသွားတာ။

မေး : ဘောမိတိုက်ပွဲမှာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ ၊ အသက်ဆုံးရှုံးတာတွေရှိခဲ့ပါလား။ ရှိခဲ့တယ်ဆိုရင် လည်း ပြောပြပေးပါဦး။

ဖြေ : လူအသေအပျောက်တော့ သမီးမကြားမိဘူး။ အကုန်လုံးက ရှောင်နေကြတာ။ ဘောမိကျေးရွာသားတွေ စစ်ရှောင် နေကြရတယ်လို့ သိရပါတယ်။

မေး : စစ်ရှောင်ရတဲ့ ဦးရေဘယ်လောက် ရှိမယ်ခန့်မှန်းပါလဲ။ သူတို့တွေက ဘယ်အရပ်ဒေသမှာ စစ်ရှောင်နေကြ တာပါလဲ။ စစ်ရှောင်တွေလိုအပ်ချက်က ဘာဖြစ်မလဲ။

ဖြေ : စစ်ရှောင်တာက ပိုက်ဆံရှိတဲ့လူကရှောင်နိုင်တာပေါ့။ မရှိတဲ့လူက ဟိုရွာ ဒီရွာပြေးပုန်းတာမျိုးပါ။ အရင်က ခြောက်အိမ်စုရွာ ၊ တောင်နီမော်ရွာ အဲဒီဘက်ကို ရှောင်ဖို့လုပ်ကြတာ။ နောက်ပိုင်း အဲဒီဘက်တွေပါ တိုက်ပွဲတွေရှိ လာတော့ ပိုက်ဆံရှိတဲ့လူတွေက ပုသိမ်ကိုပဲ ပြေးကြတာ။

မေး : မကျီးဇင်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ စကစတပ်တွေဟာ ဘောမိကျေးရွာအပိုင်ထဲ ဝင်ရောက် တပ်စွဲခဲ့ တယ်လို့ သိရပါတယ်။ သူတို့တွေ ဘယ်နေရာတွေမှာ တပ်စွဲခဲ့တာပါလဲ။ အင်အားဘယ်လောက် ထိရှိနေခဲ့တယ်လို့ သိရပါလဲ။

ဖြေ : အရေအတွက်တော့ သေချာမသိဘူး။ လူတွေရှိတဲ့ဘက်ကို သူတို့တွေ (စစ်ကောင်စီ) ရောက်လာတယ်။ သေနတ်တွေနဲ့ ချိန်တယ်။ သူတို့လူတွေကို လှေတွေနဲ့ သွားခေါ်ခိုင်းတယ်။

မေး : တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်တွေ ဘောမိကနေ ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ ဒါက ဟုတ်ပါသလား။ သူတို့တွေ ဘယ်ကိုဆုတ်သွားကြတာပါလဲ။ စကစ ထိခိုက်၊သေဆုံးမှုတွေနဲ့ပတ်သက်လို့ ညီမ သိထားတာ ဘာရှိပါလဲ။

ဖြေ : အဲ့ကောင်တွေသေတယ်သိလား။ တော်တော်များတယ်။ ရေထဲလက်ပစ်ကူးလာတာတောင် ၁၀၀ ကျော်တယ်လို့ ပြောကြတယ်။ ရေထဲမျောနေတဲ့ဟာက (သေဆုံး) မျောနေတာ။

မေး : အခုချိန်မှာ ဘောမိကျေးရွာကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတယ်လို့ ပြောရင်ရနိုင်ပါလား။

ဖြေ : AA က ရွာထဲမှာတော့ မနေဘူး။ ကျွန်းပေါ်ကနေ ဝိုင်းထားတာ။ ဘောမိမှာ AA လည်းမရှိဘူး။ စစ်သားလဲ မရှိဘူး။

မေး : စစ်ရှောင်တွေအနေနဲ့ ဘောမိကို ပြန်လည်အခြေချနေပြီလား။

ဖြေ : ဟင့်အင်း အခြေမချသေးဘူး။

မေး : ဘောမိဒေသရဲ့ ဆက်သွယ်ရေးကွန်ရက်အကြောင်းလည်း ရှင်းပြပါဦး။

ဖြေ : ဘောမိက အရင်ကတည်းက လိုင်းသေချာမမိဘူး။ MPT တော့မိပါတယ်။လမ်းပန်းဆိုရင်မကျီးဇင်ကို တခါသွား။ မကျီးဇင်ကနေ သာပေါင်းကိုသွား။ အဲဒီကနေ ပုသိမ်ကို သွားရတာပါ။