စစ်ရိပ်နဲ့အတူ ကန့်သတ်မူတွေ အစပျိုးလာနေတဲ့ ဧရာဝတီ

Photo – Google map

ဇန်နဝါရီ၊ ၉

“လူတိုင်းတွင် မိမိ၏နိုင်ငံ နယ်နိမိတ် အတွင်း၌လွတ်လပ်စွာ သွားလာရွေ့ပြောင်းနိုင်ခွင့် နေထိုင်ခွင့်ရှိသည်”

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အပိုဒ် ၁၃ မှာ  ဖော်ပြထားတာဖြစ်ပါတယ်။ 

စာချုပ်ကိုလက်မှတ်မထိုးထားရင်တောင်မှ လူ့အခွင့်အရေးအရ လိုက်ကိုလိုက်နာရမယ့် အချက်တချက်လည်းဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ လွတ်လပ်စွာလှုပ်ရှားသွားလာပိုင်ခွင့် နဲ့ပတ်သက်လို့ နေရာဒေသ၊ လူမျိုးနဲ့ အသားအရောင်တွေပေါ် မူတည်ပြီး ကန့်သတ် ချုပ်ချယ်မှုတွေ ခေတ်အဆက်ဆက်ရှိနေခဲ့တာပါ။

ဒီလိုလွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကို ကန့်သတ်ခံရတာဟာ စစ်အာဏာသိမ်းပြီးနောက့ ပေါ်ပေါက်လာတဲ့နွေဦးတော်လှန်ရေးမှာ သိသာထင်ရှား မြင်သာလာနိုင်တဲ့အချက်လည်း ဖြစ်ပါတယ်။ 

 ဒီကန့်သတ်ပိတ်ပင်မှုဟာ လေးနှစ်တာ နွေဦးတော်လှန်ရေးကာလမှာ စစ်ရေးလှုပ်ရှားမူ မရှိသလောက်ဖြစ်တဲ့ဧရာဝတီတိုင်းဒေသကြီးအထိ ရောက်ရှိလာခဲ့ပါပြီ။ 

စစ်ကောင်စီဟာ ဧရာဝတီတိုင်းထဲကိုလာရောက်မယ့် ၅/ (စစ်ကိုင်းတိုင်းဒေသကြီး မှတ်ပုံတင်)နဲ့၁၁/ (ရခိုင်ပြည်နယ် မှတ်ပုံတင်) ကိုင်ဆောင်သူတွေကို အဝင်မခံဖို့အပြင် ရှိနေပြီးသားလူတွေကိုလည်း အပြင်ထွက်ခွာဖို့ လက်မှတ် မရောင်းပေးဖို့နယ်မြေခံကားဂိတ်တွေကို ဖိအားပေးတာတွေ ရှိလာနေပါတယ်။

ဒါအပြင် ပုသိမ်-ရန်ကုန်ခရီးစဉ်မှာလည်း ၁၄/ (ဧရာဝတီတိုင်းဒေသကြီး မှတ်ပုံတင်) ကိုင်ဆောင်သူတွေကိုလမ်းခရီးမှာမေးမြန်းတားမြစ်တာတွေရှိတယ်လို့ ဒေသခံတချို့ဆီကသိရပါတယ်။

“ဒီလဆန်းပိုင်းကစလို့ မရတော့တာ။ အစကေတာ့ လူငယ်တွေကိုပဲ ဦးတည်တယ်ထင်တာ အခုက မဟုတ်ဘူး ကြီးကြီးငယ်ငယ်ပဲ မရဘူးပြန်လွှတ်တယ် လူငယ်မဟုတ်ရင် ဖမ်းတာ စီးတာတော့မလုပ်ဘူး” လို့ ရန်ကုန်နဲ့ ပုသိမ်တက္ကစီပြေးဆွဲနေတဲ့ ကားသမားတဦးကဆိုပါတယ်။

ဇလွန်-ရန်ကုန်ခရီးစဉ်မှာလည်း ခရီးဆုံးဒေသနဲ့တည်းခိုမယ့် နေရပ်လိပ်စာတွေကို မေးမြန်းစစ်ဆေးတာတွေရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒါပေမယ့်လည်း အိမ်မဲ၊မြောင်းမြ၊ကျောင်းကုန်းစတဲ့ မြို့နယ်တွေက ဒေသခံတချို့ကို ဆက်သွယ်တဲ့အခါမှာတော့ ပုံမှန်အတိုင်းသွားလာလို့ရတယ်လို့ဆိုကြပါတယ်။

ဒါ့အပြင်ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းအတွင်းက ဒေသတချို့မှာဆိုရင် အိမ်ကိုထားခဲ့ပြီး စစ်ရှောင်တာတွေ၊ ကတုတ်ကျင်းတူးတာတွေ ပြုလုပ်ရင် ပြစ်ဒဏ်ခံရမယ်ဆိုတဲ့အထိသတိပေးမှုတွေပြုလုပ်လာနေတာဖြစ်ပါတယ်။

“သူတို့(စစ်ကောင်စီ)က အဲ့လိုလုပ်လေ ကျွန်တော်တို့က ကြောက်လေပဲ”  လို့ ရေကြည်မြို့နယ်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ ဒေသခံတဦးက ဆိုပါတယ်။

စစ်ကောင်စီဟာ အရင်က စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေ၊ တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကလူတွေကိုသာ သွားလာခွင့်တွေ ထိန်းချုပ်နေတာဆိုပေမယ့် အခုကေတာ့ စစ်ဖြစ်ပွားနေခြင်း မရှိသေးတဲ့ နေရာက လူတွေကိုပါ  ကန့်သတ်မူတွေပြုလုပ်လာနေတာပါ။

ဧရာဝတီအစပ်ရခိုင်ပြည်နယ် ဂွမြို့နယ်ကို အာရက္ခတပ်တော် (AA)က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာ ရခိုင်ပြည်နယ်က စစ်ရှောင်တွေဟာ ဧရာဝတီတိုင်းဘက်ကိုတိမ်းရှောင်နိုင်ဖို့ ကြိုးစားကြပါတယ်။ 

ဒါပေမယ့် စစ်ကောင်စီဟာ  စစ်ရှောင်တွေကို ဖြတ်သန်းခွင့်မပေးသလို စစ်ရှောင်တွေကို လက်မခံထားကြဖို့ကိုလည်း နှံ့နှံ့စပ်စပ်ရှာဖွေတင်းကြပ်မှုတွေ ပြုလုပ်နေတာပါ။

ဒါတွေတင်မကသေးပါဘူး စစ်ကောင်စီဟာ ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့နေရာတိုင်းမှာ စစ်ရေးတိုးမြှင့်မှုတွေ လုပ်ဆောင်နေပြီး တော်လှန်ရေး အင်အားစုတွေကလည်း ဧရာဝတီကို စစ်ဆင်ရေးတွေစတင်တော့မယ်လို့ထုတ်ပြန်ပြောဆိုနေကြတာဖြစ်ပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ရှိနေကြတဲ့ ပြည်သူတွေအတွက် စစ်ရေးတင်းမာမှုတွေ ဖြစ်လာတော့မယ်ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ကြိုတင်ပြင်ဆင်ကြပေမယ့်စစ်ကောင်စီကတော့ သူတို့အခွင့်အရေးတွေကို ကန့်သတ်ထိန်းချုပ်နေတာဖြစ်ပါတယ်။

သက်ကြီးပိုင်းနဲ့ ကလေးသူငယ်တွေကို နီးစပ်ရာလမ်းကြောင်းတွေနဲ့ ရွေ့ပြောင်းပေးနေသူ တဦးကေတာ့ DNAကိုအခုလိူပြောပါတယ်။

 “လက်မှတ်ဝယ်လို့ မရတော့ဘူးလို့ ပြောချင်ပေမယ့် သတင်းထွက်သွားရင် ပိုဆိုးလာမှာလည်းစိုးတယ်”

ကားလက်မှတ်ရောင်းချဖို့ကန့်သတ်ချက်တွေအပါအဝင် အထက်ပါအခြေအနေတွေနဲ့ပတ်သက်လို့ DNA ကဧရာဝတီတိုင်းအတွင်းကားဂိတ် ၅ ခုကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်မှတ်ဝယ်ဖို့နဲ့ပတ်သက်တဲ့ကိစ္စကိုသာ အကြောင်းပြန်ခဲ့ပြီး အသေးစိတ်ဖြေဆိုတာမရှိခဲ့ပါဘူး။

လက်ရှိ ဧရာဝတီတိုင်းအတွင်းမှာနေထိုင်ပြီး တော်လှန်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတဦကတော့ ဒီအခြေအနေတွေကလူသားဒိုင်းလုပ်ဖို့အတွက် ကြိုတင်စီစဉ်ခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုယူဆချက်မျိုးကို လွန်ခဲ့တဲ့ရက်ပိုင်းက DNA သတင်းဌာနမှာ ဖော်ပြခဲ့ဖူးတဲ့ ရေကြည်ဒေသခံတွေကို စစ်ဘေးရှောင်ဖို့ တားမြစ်နေလို့ လူသားဒိုင်းပြုလုပ်ခံရမှာ စိုးရိမ်နေ ဆိုတဲ့သတင်းရဲ့ သတင်းရင်းမြစ်တွေကလည်းသုံးသပ်ပြောဆိုထားပါတယ်။

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ စစ်ဘေးရှောင် ကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြသူတွေကတော့ 

ဧရာဝတီတိုင်းဖြစ်စဉ်တွေကလူသားဒိုင်းလုပ်ဖို့အတွက် ရာနူန်းပြည့်နီးပါး သေချာသလောက်ရှိတယ်လို့ သူတို့ရဲ့ အတွေ့အကြုံတွေပေါ်မူတည်ပြီး DNA ကိုသုံးသပ်ဖြေဆိုကြပါတယ်။

ဒီလိုဖြစ်စဉ်တွေကို ရခိုင်ပြည်နယ်မှာလည်း မြင်တွေ့ခဲ့ရတာပါ။ AAက မောင်တောနဲ့ဘူးသီးတောင်စတဲ့မြို့တွေကို ထိုးစစ်ဆင်နေချိန်မှာ စစ်ကောင်စီက ဒေသခံတွေကို မြို့ပြင်တိမ်းရှောင်ခွင့်မပေးဘဲ လူသားဒိုင်းပြုလုပ်ထားခဲ့ဖူးပါတယ်။

ဒါ့အပြင် လက်ရှိ AAဝိုင်းရံပိတ်ဆို့ထားတဲ့ စစ်တွေနဲ့ကျောက်ဖြူစတဲ့မြို့တွေမှာလည်း ဒေသခံတွေကို စစ်ကောင်စီက မြို့ပြင်ထွက်ခွင့်တွေကန့်သတ်ထားတာပါ။

စစ်ကောင်စီဟာ စစ်ရေးနဲ့မသက်ဆိုင်ဘဲ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် မပြုဘူးဆိုတာ  လူ့အခွင့်အရေးကို ချိုးဖောက်ရုံမျှမက စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာလို့လည်းသုံးသပ်ကြပါတယ်။

အထက်က စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေကြသူတွေကတော့  ဒေသခံတွေအနေနဲ့ လွတ်မြောက်ဖို့အခွင့်အရေးကို ရှာဖွေနေဖို့ လိုအပ်ပြီး ကြိုတင်ရှောင်ရှားနိုင်မယ့် အခွင့်အရေး ပေါ်လာခဲ့ရင် လက်မလွှတ်လိုက်ကြဖို့ တိုက်တွန်းထားပါတယ်။

ကရင်နီပြည်နယ်မှာ တကိုယ်တော် ပရဟိတ စစ်ဘေးရှောင် ကူညီရေး လုပ်ဆောင်နေတဲ့ ကိုဖိုးဇော်ကတော့  “အင်တာနက်တွေ ဖုန်းလိုင်းတွေ မဖြတ်တောက်ပစ်လိုက်ခင်မှာ ရအောင်ထွက်စေချင်တယ်။ သူတို့ရဲ့(စစ်ကောင်စီ) စစ်ရာဇဝတ်မှု ကျူးလွန်မယ့်နေရာမှာ သားကောင်တွေ ဖြစ်မသွားဖို့လိုတယ် တကယ်စစ်ဖြစ်လာတဲ့အခါ ကံ၊ ဉာဏ်၊ ဝီရိယဆိုတာ ဘာမှလုပ်လို့မရဘူး” လို့ပြောပါတယ်။