ဇန်နဝါရီ၊ ၃
ဧရာဝတီတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေထိုးဖောက်ဝင်ရောက်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံ ကိုလွှင့်ထူနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပြီး ပြည်သူတွေရဲ့ကူညီမှုနဲ့ ပူးပေါင်းပါဝင်မှုတွေလည်း လိုအပ်နေတယ်လို့ NUG PDF ရဲ့ ဧရာဝတီ တိုင်းစစ်ဌာနတာဝန်ခံ ရဲဘော်ကောင်းကျော်က ပြောဆိုပါတယ်။
ဧရာဝတီ တိုင်းစစ်ဌာနတာဝန်ခံရဲ့ ၂၀၂၅ခုနှစ်အတွက် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကို တိုင်းစစ်ဌာန-ဧရာဝတီ လူမှုကွန်ရက်စာမျက်နှာက ထုတ်လွှင့်ရာမှာ အဲ့ဒီလိုထည့်သွင်းပြောဆိုတာပါ။
“ပေးဆပ်စွန့်လွှတ်လိုက်ရတဲ့အသက်တွေ၊ဘဝတွေ၊ထောင်ထဲမှာနှစ်ရှည်လများ အကျဉ်းချခံထားရတဲ့ ကျွန်တော် တို့ရဲ့ခေါင်းဆောင်တွေနဲ့ ရဲဘော်၊ရဲဘက်တွေ၊ အဆိုးဆုံးသော ဒုက္ခအဝဝတွေအတွက်ကို ကျွန်တော်တို့ တဦးချင်းစီ တာဝန်ကျေပွန်ရပါစေမယ်လို့လည်း ကတိပြုပါတယ်”လို့ သူကဆိုပါတယ်။
လက်ရှိမှာ တိုင်းစစ်ဌာန(ဧရာဝတီ)လက်အောက်ခံ PDF တပ်ဖွဲ့ဝင်တွေကို စစ်ပုံကျပြီး အမိန့်နာခံတဲ့၊တိုက်စ္မမ်း ရည်ကောင်းတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအဖြစ် လေ့ကျင်ပြင်ဆင်နေတယ်လို့လည်း ရဲဘော်ကောင်းကျော်က ဆက်ပြောပါတယ်။
၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း စစ်ကောင်စီကိုဆန့်ကျင်တဲ့တော်လှန်တိုက်ခိုက်မှုတွေ ပေါ်ပေါက် ခဲ့ပေမဲ့ ဧရာဝတီတိုင်းအတွင်းမှာတော့ တော်လှန်ရေးအင်အားစုတွေ ခြေကုပ်ယူဖို့ခက်ခဲခဲ့ပြီး စစ်ကောင်စီလက် အောက်ခံအာဏာပိုင်တွေက ဒေသတွင်းစိုးမိုးမှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင်က ဧရာဝတီကို စံပြတိုင်းဒေသတခု၊တည်ငြိမ်မှုအရှိဆုံး ဒေသ တခုအဖြစ် ထုတ်ဖော်ပြောဆိုချီးကျုးခဲ့ဖူးပါတယ်။ဒါပေမယ့် အာရက္ခတပ်တော် AA က ဧရာဝတီ-ရခိုင်အစပ် မြို့ နယ်တွေကို တိုက်ခိုက်သိမ်းပိုက်လာချိန် ဧရာဝတီတိုင်းမှာလည်း စစ်ရေးလှုပ်ရှားမှုတွေပြန်လည်မြင့်တက်လာနိုင် တယ်ဆိုတဲ့ သုံးသပ်မှုတွေရှိနေပါတယ်။
ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ် တောင်ဘက် အစွန်ဆုံး ဂွမြို့ကို အာရက္ခတပ်တော် AA က တိုက်ခိုက် သိမ်းပိုက်နေချိန် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုင်းစစ်ဌာန(ဧရာဝတီ) ၊ဧရာဝတီ ဗျူဟာတွေကို ဆက်တိုက်ဖွဲ့စည်းခဲ့ပါတယ်။
NUGကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊အမှတ်(၂စစ်ဒေသခွဲ ရဲ့ ကွပ်ကဲအုပ်ချုပ်မှုကိုခံယူပြီး စစ်ကြောင်း၊တပ်ရင်း၊ဗျူဟာတွေနဲ့ အဆင့်ဆင့်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ တိုင်းစစ် ဌာန(ဧရာဝတီ)စတင်ဖွဲ့စည်းကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်။
“တိုင်းစစ်ဌာနဧရာဝတီအနေနဲ့ ဧရာဝတီတိုင်းရဲ့ လူငယ်လူရွယ်အများစုကိုအခြေခံပြီးတော့မှ စစ်ကြောင်း၊ တပ်ရင်း၊ တပ်ဖွဲ့၊ဗျူဟာများအထိ အဆင့်ဆင့်တိုးချဲ့ဖွဲ့စည်းပြီးပါပြီ”လို့ ဧရာဝတီတိုင်းစစ်ဌာန တာဝန်ခံရဲဘော်ကောင်းကျော် ကသူ့ရဲ့နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာထည့်ပြောပါတယ်။
ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်ဒေသတွေကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ နောက် တော်လှန်ရေးအင်အားစုတွေဘက်က ဧရာဝတီတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုတိုးမြှင့်ဖို့ထုတ်ဖော်ပြောဆိုတာတွေ ရှိလာသလို စစ်ကောင်စီကလည်း စစ်အင်အားတွေတိုးမြှင့်ပြင်ဆင်တာ၊လုံခြုံရေးတင်ကျပ်တာတွေ လုပ်နေပါတယ်။
ဂွမြို့ကိုသိမ်းပိုက်နိုင်ဖို့ အာရက္ခတပ်တော် AA ရဲ့ထိုးစစ်တွေပြင်းထန်နေချိန် ဒီဇင်ဘာ ၂၈ရက်ကတော့ အာဏာ သိမ်းစစ်တပ်ဒုခေါင်းဆောင် စိုးဝင်းကိုယ်တိုင် ပုသိမ်မြို့က အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)ကိုလာ ရောက်ကာ လက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ စစ်မှုထမ်းသင်တန်းသားတွေကို စစ်ရေးသတိရှိဖို့၊စစ်တပ်အပေါ် သစ္စာ စောင့်သိဖို့တွေကိုစည်းရုံးပြောဆိုခဲ့ပါသေးတယ်။
ဒီလို နှစ်ဖက် စစ်ရေးလှုပ်ရှားမှုသတင်းတွေထွက်ပေါ်လာတာကြောင့် လက်ရှိဧရာဝတီတိုင်းအတွင်းမြို့နယ် တချို့က ဒေသခံတွေက တိုက်ပွဲဖြစ်လာမှာစိုးရိမ်တာကြောင့် ကြိုတင်တိမ်းရှောင်တာ၊ဗုံးခိုကျင်းတူးတာတွေ လည်းရှိနေတယ်လို့ ဧရာဝတီတိုင်းဒေသခံတွေကပြောကြပါတယ်။