ဒီဇင်ဘာ၊ ၃၁
နှစ်ဘက်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ထောင်ချီ ပိုများလာတဲ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲကို စစ် ကောင်စီတပ်က ပြီးခဲ့တဲ့ သုံးရက်လောက်ကစပြီး စက်သုံးဆီနဲ့ စားနပ်ရိက္ခာသယ်ယူခွင့်ပိတ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ရေသန့်ကအစ သယ်လို့မရတာ၊ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် အကုန်လုံးပဲ၊ အဲဒါတွေပါရင် ကားပြန်လှည့်ခိုင်းတယ်” လို့ လောင်းလုံးမြို့နယ်အတွင်း ကုန်စည်ဖြန့်ဖြူးရောင်းချနေသူတဦးက DNA ကို ပြောပါတယ်။
ထားဝယ်မြို့အထွက် လောင်းလုံးမြို့နယ်အဝင်မှာရှိတဲ့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ကနေ အခုလို ပိတ် ပင်နေတာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ လောင်းလုံးမြို့ရဲ့ တောင်ဘက် ၂၅ မိုင်ခန့်အကွာ ကျောက်နီမော် ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်လို့ ငါးရက်ခန့်အကြာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက်မှာ အခုလို ပိတ်ပင်လာတာဖြစ်ပါတယ်။
“လောင်းလုံးမြို့ရဲ့ အောက်ပိုင်း(တောင်ပိုင်း)က ပိုဆိုးတာ၊ အပေါ်ပိုင်းက နည်းနည်းချောင်သေးတယ်၊ အခုလော လောဆယ်တော့ ဆိုင်တွေမှာ ပစ္စည်းပြတ်တဲ့အထိ သိပ်မတွေ့ရသေးဘူး၊ အလုအယက်ဝယ်ကြတာမျိုးလည်း သိပ် မရှိသေးဘူး၊ ရက်ကြာလာရင်တော့ ဆိုးလာလိမ့်မယ်”လို့လည်း အထက်ပါ အရောင်းသမားက ပြောပါတယ်။
ငါးရက်ခန့်အကြာ ကျောက်နီမော်တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်က ရေတပ်စစ်သင်္ဘောကနေ ပစ်ကူ ပေးတာ၊ စစ်ကူပို့ပေးတာအပြင် လေကြောင်းကနေပါ ဗုံးကြဲခုခံခဲ့တာကြောင့် တော်လှန်ရေးတပ်တွေဘက်က စခန်းမသိမ်းနိုင်ဘဲ တပ်ဖွဲ့ဝင်အများစု ပြန်ဆုတ်ခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ ကျောက်နီမော်ကျေးရွာနဲ့ အနီးတဝိုက်ဖြစ်တဲ့ အောက်ကျောက်ဝပ်၊ ကျောက်ဝပ်ပြင်၊ ညော ပြင်၊ ကျောက်မတ္တပ်စတဲ့ ရွာတွေဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ အခုထိ ဒေသခံ သုံးထောင် ဝန်းကျင် ဘေးလွတ်ရာ ပြောင်းရွှေ့နေကြရပါတယ်။
“သူတို့(စစ်ရှောင်)က ကြားမှာ ကျောက်နီမော်စခန်းရှိလို့ အပေါ်ဘက်ကိုတက်လာပြီးရှောင်ဖို့ကလည်းမလွယ်ဘူး၊ ရိက္ခာတွေ အပေါ်မှာဝယ်ပြီးပဲ လမ်းကြောင်းရှာပြီး ပို့ပေးနေတာ၊ ကျွန်တော်တို့ဘက်မှာပါ ရိက္ခာဝယ်ရတအား ခက် သွားရင် သူတို့ပိုဒုက္ခရောက်မှာ၊ ဆန်အတွက်ကတော့ ပြဿနာမရှိဘူး” လို့လည်း စစ်ရှောင်တွေကို ကူညီပေးနေ သူတဦးကပြောပါတယ်။
စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ် တောင်ဘက်ခြမ်းကို အခုလို ပိတ်ပင်ထားပေးမယ့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ရဲ့ အပေါ်ဘက် လောင်းလုံးမြို့နယ် မြောက်ဘက်ခြမ်းက သောကြာပြင်၊ မောင်းမကန်စတဲ့ ရွာ တွေဘက်ကိုတော့ ကုန်စည်သယ်ယူခွင့်ပိတ်တာမျိုး မရှိသေးဘူးလို့သိရပါတယ်။
လယ်ယာစိုက်ပျိုးရေး အဓိက လုပ်ကိုင်ကြတဲ့ လောင်းလုံးမြို့နယ်အတွင်း အခုကာလဟာ လယ်သမားအားလုံး နီးပါး စပါးရိတ်သိမ်းပြီးချိန်ဖြစ်တာကြောင့် အခုလို စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်မှုကြောင့် စပါးရိတ်သိမ်းဖို့ အ တွက် အခက်အခဲတော့ အများကြီးမရှိနိုင်ဘူးလို့လည်း ဆိုကြပါတယ်။
“ဆီက ကြိုဝယ်ထားရတော့ မရိတ်ရသေးတဲ့ လယ်တွေကလည်း လက်ကျန်ဆီနဲ့ လောက်သွားလိမ့်မယ်” လို့လည်း စပါးရိတ်စက်ပိုင်ရှင်တဦးက DNA ကို ပြောပါတယ်။ ဒါပေမယ့် အခုလို စက်သုံးဆီသယ်ယူခွင့်ကို ရက်ရှည်ပိတ်ထားရင်တော့ သွားရေးလာရေးနဲ့ ငါးဖမ်းလှေတွေအတွက် အခက်အခဲ ကြုံလာရနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အရင်နှစ်နှစ်လောက်ကတည်းက နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတဲ့ တနင်္သာရီတိုင်းထဲက ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေထဲက ဒေသတချို့ကိုလည်း အခုလိုပဲ စက်သုံးဆီနဲ့ ရိက္ခာသယ်ယူခွင့်ကို ပိတ်ပင်ထားပါတယ်။