ဒီဇင်ဘာ၊ ၃၀
အာဏာသိမ်းစစ်ကောင်စီဟာ ဂွမြို့ လက်မလွှတ်ရဖို့ ကြည်း၊ ရေ၊ လေပစ်ကူတွေနဲ့တပ်အင်အား ၁၂၀၀ကျော်သုံးပြီး ခုခံခဲ့ပေမဲ့ နှစ်ပတ်အတွင်းအပြီးသတ်သိမ်းပိုက်နိုင်သလို တပ်မ(၂၂)တပ်မမှူး၊ တပ်ရင်းမှူးတချို့အပါအဝင် စစ်ကောင်စီတပ်သား ခုနစ်ရာထက်မနည်းသေဆုံးသွားတယ်လို့ အာရက္ခတပ်တော် AA ကဒီဇင်ဘာ ၃၀ရက်ညပိုင်းမှာ ထုတ်ပြန်အသိပေးပါတယ်။
ဂွမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခုနဲ့ စစ်ကူတပ်တွေကို တိုက်ခိုက်နိုင်ခဲ့တဲ့နောက် ဂွမြို့ဟာ အခုနှစ်အတွင်း အာရက္ခတပ်တော်က နောက်ဆုံးသိမ်းပိုက်ရရှိခဲ့တဲ့ မြို့ဖြစ်လာတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
စစ်ကောင်စီဟာ အာရက္ခတပ်တော်ရဲ့ထိုးစစ်တွေကို သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတွေအပြင် သံချပ်ကာ ၁၀စီး၊စစ်ကူအများအပြားနဲ့ ခုခံတဲ့ကြားက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ မြို့သိမ်းနိုင်ပြီးနောက် တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ သံချပ်ကာတချို့၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းအများ အပြားဖမ်းမိတယ်လို့လည်း အသိပေးပါတယ်။
တိုက်ပွဲတွေအတွင်း တပ်မ(၂၂)တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်း၊တပ်ရင်းမှူးတချို့အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ ဝင်အများအပြားသေဆုံးခဲ့ပြီး မြေပြင်အလောင်းတွေ၊ ဖမ်းမိတဲ့သုံ့ပန်းတွေရဲ့ထွက်ဆိုချက်တွေနဲ့ သိမ်းဆည်း ရမိတဲ့ စာရွက်စာတမ်းတွေအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ရာလောက်အထိ သေဆုံးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဧရာဝတီတိုင်းနဲ့ထိစပ်နေပြီး ရခိုင်ပြည်နယ်တောင်ဘက်အစွန်အဖျား မြို့ဖြစ်တဲ့ ဂွမြို့မှာ အခြေစိုက်တပ်ရင်းတွေ အဖြစ် ခမရ ၅၆၂နဲ့ ခမရ ၅၆၃တို့သာရှိပေမဲ့ စစ်ကောင်စီကစစ်ကူတွေဆက်တိုက်လွှတ်ခဲ့တာကြောင့် ခြေလျင်/ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ(၄)၊ ခမရ ၂၁၄၊ ခမရ ၂၁၅၊ ခမရ ၂၁၇၊ ခလရ ၃၆၊ ခလရ(၃၈)၊ ခလရ(၉၃)၊ ခလရ(၂၇၁)၊ ခမရ(၃၀၈)တို့ကို တခုပြီးတခု မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့သိရပါတယ်။
ဂွမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခုလုံးကိုတော့ ဒီဇင်ဘာ ၂၉ရက် နေ့လယ် ၁၂နာရီမှာ တရက်တည်း ရှေ့ ဆင့်နောက်ဆင့် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ အာရက္ခတပ်တော်က အသိပေးထားပါတယ်။ အဲ့ဒီထုတ်ပြန်ချက် နဲ့အတူ ဂွမြို့က အထင်ကရနေရာတွေမှာ နေရာယူထားတဲ့ AA တပ်ဖွဲ့ဝင်တချို့ရဲ့ မှတ်တမ်းပုံတွေကိုလည်း ဖော်ပြ ထားပါတယ်။
ဒါပေမဲ့ တိုက်ပွဲအတွင်း ဖမ်းမိတဲ့သုံ့ပန်းအရေအတွက်နဲ့ သိမ်းဆည်းရမိ လက်နက်ခဲယမ်းပမာဏစာရင်းကိုထည့် သွင်းဖော်ပြလာတာမရှိသေးသလို သက်ဆိုင်တဲ့ မှတ်တမ်းဓာတ်ပုံတွေလည်း ပါဝင်မလာသေးပါဘူး။
ဂွမြို့ကို သိမ်းယူနိုင်ပြီးနောက် ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၃ရက်စတင်တဲ့ ထိုးစစ်တွေအတွင်း အာရက္ခတပ်တော် AA ဟာ ချင်းနဲ့ရခိုင်အစပ်က ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်ပေါင်း ၁၄ခု စုစုပေါင်းမြို့နယ် ၁၅ခုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။
လက်ရှိရခိုင်ပြည်နယ်မှာ တရုတ်နိုင်ငံက အဓိကရင်းနှီးမြှုပ်နှံမယ့် ရေနက်ဆိပ်ကမ်းရှိရာ ကျောက်ဖြူမြို့၊ ကျွန်းမြို့ တခုဖြစ်တဲ့ မာန်အောင်မြို့နဲ့ ပြည်နယ်မြို့တော်စစ်တွေတို့သာ စစ်ကောင်စီထိန်းချုပ်မှုအောက်ဆက်ရှိနေပါတော့တယ်။
ဂွမြို့ကို အပြီးသတ်သိမ်းယူနိုင်ပြီးချိန် ဒီဇင်ဘာ ၂၉ရက်မှာပဲ အာရက္ခတပ်တော် AAကသူတို့အနေနဲ့ လက်ရှိ မြန်မာ နိုင်ငံရဲ့ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်တွေကို စစ်ရေးနဲ့ဖြေရှင်းတာထက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေ ရှင်းဖို့ အသင့်ရှိနေကြောင်းထုတ်ပြန်ထားပါသေးတယ်။
ဒါဟာ အာရက္ခတပ်တော်က မဟာမိတ်အဖြစ်ပါဝင်နေတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက MNDAA ၊ TNLA တို့ရဲ့ လုပ်ကိုင်ပုံနဲ့လည်း ဆင်တူမှုရှိပါတယ်။
ကိုးကန့်တပ် MNDAAနဲ့ TNLA တို့ဟာလည်းတရုတ်-မြန်မာနယ်စပ် ကိုးကန့် ဒေသနဲ့ တအာင်းဒေသမြို့နယ်တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် တရုတ်နိုင်ငံရဲ့ဖိအားပေးမှုပြင်းထန်လာချိန် အလားတူထုတ်ပြန်ခဲ့ကြပြီး လက်ရှိ မှာ အဲ့ဒီအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တရုတ်ကမကထပြုမှုကြောင့် တွေ့ဆုံဆွေးနွေးကာ သဘောတူညီချက် တွေရထားပြီလို့ သတင်းတွေထွက်ပေါ်နေတာပါ။
အာရက္ခတပ်တော် AA ကတော့ အာရက္ခတပ်တော်ရဲ့ ရခိုင်ဒေသထိုးစစ်တွေဟာ ဒေသတွင်းလူမျိုးပေါင်းစုံ လွတ် မြောက်ရေးကို အဓိကရည်ရွယ်သလို အဖိနှိပ်ခံ မြန်မာလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးအတွက် တိုက်ရိုက်အထောက်အကူပြုမယ်လို့ အကြွင်းမဲ့ယုံကြည်ကြောင်း အထက်ပါထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြပါတယ်။
ဒါ့အပြင် AA အနေနဲ့ အဖိနှိပ်ခံ မြန်မာပြည်သူတရပ်လုံး လိုလားတဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေ တလုံးတဝတည်း ရရှိရေးအတွက်လည်း မားမားမတ်မတ်ဆက်လက်ရပ်တည်ပြီး တိုင်းရင်းသားညီအကိုတွေရဲ့ အကောင်းဆုံးသောညီ အကိုမိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ ကတိပြုထားပါသေးတယ်။