ရခိုင်တောင်ပိုင်း နောက်ဆုံးလက်ကျန်ဂွမြို့နယ်ကို ထပ်သိမ်းတော့မယ့် AA

Photo – DNA

ဒီဇင်ဘာ၊ ၂၆

ရခိုင်တောင်ပိုင်းက တခုတည်းသာကျန်တဲ့ ဂွမြို့နယ်က နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်ဖွဲ့တွေ အလံဖြူထောင်ဆက်တိုက်လက်နက်ချနေကြပြီး ဒေသတခုလုံးနီးပါးကိုအာရက္ခတပ်တော် (AA)  ကထိန်းချုပ်ထားပြီလို့ မြေပြင်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေပြောပါတယ်။

AAက ရခိုင်တောင်ပိုင်း သံတွဲနဲ့တောင်ကုတ်မြို့နယ်တွေကို ပြီးခဲ့တဲ့လပိုင်းအတွင်း ဆက်တိုက်သိမ်းပိုက်ခဲ့ပြီးနောက်မှာ ဧရာဝတီ အစပ်ဂွမြို့နယ်ကို ပိတ်ဆို့ထိုးစစ်ဆင်နေတာပါ။

ဂွမြို့မှာ အခြေစိုက် ခမရ ၅၆၂နဲ့ ၅၆၃ တပ်ရင်းနှစ်ခုသာရှိပေမယ့် စစ်ကောင်စီဖက်ကတော့ ဧရာဝတီ အပါအဝင်ပြည်မဖက်က စစ်ကူအလုံးအရင်းပို့ကာ ခုခံနေတာဖြစ်ပါတယ်။

AAက ခမရ ၅၆၃ကိုသိမ်းပိုက်ထားပြီး လက်ကျန် ခမရ ၅၆၂နဲ့စစ်ကူတွေကို တိုက်ခိုက်နေရာ လက်နက်ချသူတွေ၊ထွက်ပြေးသူတွေ များပြားနေကာ တမြို့နယ်လုံးကို ထိန်းချုပ်ထားနိုင်တဲ့အနေအထားလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ဒါ့အပြင် “စကစတွေ အလံဖြူထောင်နေကြတယ်။ အေအေဘက်က ကောက်သင်းလိုက်ကောက်နေရတုန်းပဲ ။ လေကြောင်းက တောက်လျှောက် အုပ်(ပစ်)နေတယ်။ပြတ်တော့ မပြတ်သေးဘူး ၊ ဟိုနားတဖွဲ့ ဒီနား တဖွဲ့ အဖွဲ့လိုက် လက်နက်ချနေကြတယ်”လို့ AAနဲ့နီးစပ်တဲ့တော်လှန်ရေးတပ်ဖွဲ့သတင်းရင်းမြစ်တဦးက DNAကိုပြောပါတယ်။

စစ်ကောင်စီလော်ဘီသတင်းစာမျက်နှာတွေမှာလည်း ဂွမြို့ကျသွားပြီဖြစ်ပြီး ရန်သူ(AA)ဖက်က နယ်မြေရှင်းလင်းနေပြီလို့ ရေးသားကာ ဂယက်ထနေကြတာတွေ့ရပါတယ်။

AAက ရခိုင်တောင်ပိုင်း သံတွဲ၊တောင်ကုတ်အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက် အမ်းမြို့နယ်ပါ သိမ်းပိုက်ထားလို့ လက်ရှိဂွမြို့နယ်ပါ ရရှိရင်တော့ ရခိုင်နဲ့ပြည်မဒေသဆက်စပ်ဝင်ပေါက် မြို့အားလုံးကို စစ်ကောင်စီလက်လွတ်ရတာလည်းဖြစ်ပါတယ်။

ရခိုင်တောင်ပိုင်းအစွန်ဆုံး ဂွမြို့နဲ့ ဧရာဝတီ တိုင်း ငသိုင်းချောင်းမြို့က ၅၃မိုင်လောက်သာ ကွာဝေးတာပါ။

ဒါ့အပြင့ အမ်းနဲ့မကွေးတိုင်း မင်းဘူး(ပဒါန်း)၊ တောင်ကုတ်နဲ့ ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တို့က မိုင်တရာကျော်စီသာ ကွာဝေးတာဖြစ်ပါတယ်။