မြို့နယ်သုံးခုမှာစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတယ်လို့ MDY-PDF အသိပေး၊ စစ်တပ်လက်နက်ကြီးကြောင့် ကလေးနှစ်ဦးသေဆုံး

Photo – MDY-PDF

ရှမ်းမြောက် နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းထဲက သပိတ်ကျင်း၊ မတ္တရာမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ နှစ်ဖက်တပ်တွေကြား တိုက်ပွဲတွေဖြစ်နေကြပြီး ဒီနေ့ညနေပိုင်းက မတ္တရာမှာစစ်တပ်လက်နက်ကြီးကြောင့် ကလေးနှစ်ဦးသေ ဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကအသိပေးပါတယ်။

ဒီကနေ့ ညနေ သုံးနာရီခွဲဝန်းကျင်မှာ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မတ္တရာမြို့ နယ်၊ထန်းတောကုန်းတဲတိုက်ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးနှစ်ဦးသေဆုံးပြီး နောက်ထပ် ဒေသခံသုံးဦးဒဏ်ရာရခဲ့တာလို့သိရပါတယ်။

မတ္တရာမြို့နယ်အတွင်းမှာ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းထိုးစစ်တွေစတင်ချိန်ကစလို့ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်နေခဲ့ကြတာဖြစ်ပြီး ရှမ်းမြောက်မှာ မြေပြင်တိုက်ပွဲတွေ နည်း ပါးသွားတဲ့နောက် လက်ရှိအချိန်အထိ တိုက်ပွဲတွေဆက်ရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်ရှုံးလာတာနဲ့အမျှ ပြည်သူကိုပစ်မှတ်ထားတဲ့ စစ်ရာဇ ဝတ်မှုတွေအကြိမ်ကြိမ်ကျူးလွန်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကဝေဖန်ထားပါ တယ်။

ပြီးခဲ့တဲ့ တလလောက်အကြာ နိုဝင်ဘာ ၂၇ရက် မနက်ပိုင်းတုန်းကလည်း မတ္တရာမြို့နယ် လက္ကောင်းကြီးရွာသစ်ကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် ကျေးရွာဓမ္မာရုံပေါ်ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး ကိုရင်တပါးနဲ့ အမျိုးသမီးငယ်နှစ်ဦးသေဆုံးခဲ့ပါသေးတယ်။

မတ္တရာမြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ် နဲ့ ထိစပ်နေသလို မန္တလေးမြို့နဲ့လည်း နယ်မြေထိစပ်တဲ့ ဒေသဖြစ်ပါတယ်။မတ္တရာမြို့ဟာ မန္တလေးမြို့နဲ့ မိုင်နှစ် ဆယ်လောက်သာဝေးသလို အဲ့ဒီမြို့နှစ်မြို့ကြားက နေရာတချို့မှာပါ လက်ရှိတိုက်ပွဲတွေဖြစ်နေတာပါ။

ပြီးခဲ့တဲ့တပတ်လောက်အကြာ ဒီဇင်ဘာ ၁၉ရက်တုန်းကတော့ မတ္တရာမြို့အရှေ့ဘက်မှာရှိတဲ့ စစ်ကောင်စီတပ် တွေ တပ်စွဲထားရာ ထန်းပင်ကုန်းကျေးရွာကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တခြားနေရာတွေကိုလည်း ဆက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကထုတ်ပြန်ထားပါသေးတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေးရဲ့ဒီကနေ့ထုတ်ပြန်ချက်အတွင်း မြို့နယ်သုံးခုမှာ စစ်ကောင်စီနဲ့တိုက်ပွဲ တွေဖြစ်နေတယ်လို့ဖော်ပြထားပေမယ့် တိုက်ပွဲအခြေအနေတွေကိုတော့ ထည့်သွင်းဖော်ပြတာ မရှိသေးပါဘူး။