တော်လှန်ရေးတပ်တွေကလူငယ်တွေကို စစ်ထဲအဓမ္မဆွဲသွင်းနေတယ်လို့ စစ်မှုထမ်းဥပဒေအကောင် အထည်ဖော်နေတဲ့ စစ်ခေါင်းဆောင်တန်ပြန်စွပ်စွဲ

Photo – စစ်ကောင်စီ

ဒီဇင်ဘာ၊ ၁၅

အကြမ်းဖက်သောင်းကျန်သူတွေလို့ စစ်အုပ်စုနာမည်တပ်ထားတဲ့ တော်လှန်ရေးအင်အားစုတွေဟာ လူငယ်တွေကို မူးယစ်ဆေးဝါးနဲ့သိမ်းသွင်းပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့ကြတယ်လို့ အာဏာသိမ်းးစစ်ခေါင်းဆောင်က ပြောဆိုစွပ်စွဲလိုက်ပါတယ်။

တော်လှန်ရေးအင်အားစုတွေက လူငယ်တွေကို စစ်ပွဲထဲ အဓမ္မဆွဲသွင်းနေတယ်လို့ ဒီကနေ့နှစ် ၅၀ပြည့် ရခိုင် ပြည်နယ်နေ့ အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ သူကထည့်သွင်းစွပ်စွဲထားပေမယ့် စစ်ခေါင်းဆောင် ကိုယ်တိုင်ဟာလည်း သူ့ရဲ့ လက်အောက်ခံတပ်တွေ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ မရှုမလှအရေးနိမ့်ခဲ့တဲ့နောက် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ့် ဥပဒေကို အသက်သွင်းပြီး တပ်အင်အားစုဆောင်းမှုတွေလုပ်နေတာပါ။

ဥပဒေပြဌာန်းပြီးနောက် တနှစ်နီးပါးရှိလာချိန်အထိ နည်းဥပဒေဆက်လက်ပြဌာန်းတာမရှိသေးပေမယ့် စစ်ကောင်စီက သူတို့ထိန်းချုပ်ထားဆဲ ဒေသအနှံ့အပြားမှာအဲ့ဒီဥပဒေကိုအကြောင်းပြကာ အတင်းအကျပ် လူသစ်စုဆောင်းမှုတွေနဲ့ ငွေကြေးကောက်ခံမှုတွေကို လုပ်ဆောင်နေပါတယ်။

လက်နက်ကိုင်တော်လှန်နေတဲ့ အင်အားစုတွေအနေနဲ့ ပြည်ထောင်စုကိုအတူတကွတည်ဆောက်ဖို့ထက် တသီးတခြားရပ်တည်လိုစိတ်ကိုရှေ့တန်းတင်လာတာတွေ့ရတယ်လို့လည်း စစ်ခေါင်းဆောင်ကထည့်ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်နွှဲနေပြီး ပြည်နယ်ဒေသအများစုကို သိမ်း ပိုက်ထိန်းချုပ်ထားနိုင်တဲ့ အာရက္ခတပ်တော် AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့ကိုလည်း စစ်ခေါင်းဆောင်က သူ့ရဲ့သဝဏ်လွှာထဲ နာမည်တပ်ဝေဖန်ထားပါသေးတယ်။

အဲ့ဒီတပ်ဖွဲ့သုံးဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ တိုင်းရင်းသားပြည်သူတွေရဲ့ လူမှုစီးပွားအခြေအနေတွေကို ပိုမိုဆိုး ရွားသွားစေတယ်လို့သူကဝေဖန်တာပါ။ကိုးကန့်တပ် MNDAA၊တအာင်းတပ် TNLA နဲ့ အာရက္ခတပ်တော် AA မဟာ မိတ်သုံးဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးတနှစ်ကျော်အတွင်း စစ်ကောင်စီဟာ ရခိုင်၊ရှမ်းမြောက် ဒေသတွေအပြင် တခြားဒေသတွေမှာပါ ပြင်းထန်တဲ့ ထိုးစစ်ဆင်ခံရမှုတွေနဲ့ရင်ဆိုင်ခဲ့ရကာ မြို့နယ်ဆယ်နဲ့ချီကို လက်လွှတ်ထားရ တာပါ။

တော်လှန်ရေးမဟာမိတ်တပ်တွေရဲ့ ထိုးစစ်တွေကို ကြည်း၊ရေ၊လေ တပ်ပေါင်းစုံအသုံးပြုခုခံတိုက်ခိုက်တဲ့ကြားက ထိန်းချုပ်ဒေသအများအပြားလက်လွှတ်ခဲ့ရပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ လက်နက်ကိုင် အကြမ်း ဖက်နည်းနဲ့ လိုလားချက်ကိုတောင်းဆိုလို့မရဘဲ ငြိမ်းချမ်းစွာဖြေရှင်းတဲ့နည်းနဲ့သာ ပဋိပက္ခတွေကိုပြေလည်စေနိုင် မယ်လို့ဆိုပါတယ်။

“NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသာလျှင် မိမိတို့အားလုံး မျှော်လင့်ထားသည့် အေးချမ်းသာယာသောနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်” လို့ စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

စစ်ကောင်စီအနေနဲ့ ပါတီစုံဒီမိုကရေစီပြန်လည်ကျင့်သုံးနိုင်ရေး ရွေးကောက်ပွဲကျင်းပဖို့အတွက် ပြင်ဆင်နေတဲ့ လုပ်ငန်းစဉ်တွေကိုလည်း အဲ့ဒီသဝဏ်လွှာမှာထည့်သွင်းရှင်းပြထားပြီး နိုင်ငံလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်တာနဲ့အမျှ အဲ့ဒီလုပ်ငန်းစဉ်တွေ လျင်လျင်မြန်မြန် အောင်မြင်မယ်လို့ ဆိုပါတယ်။