လက်ပံတောင်းတောင် စီမံကိန်းရဲ့ နောက်ဆုံးရ အခြေအနေ

ဒီဇင်ဘာ ၊ ၁၄

လက်ပံတောင်းတောင် စီမံကိန်းဆိုတာကို မှတ်မိကြပါသေးလား။

မြန်မာနိုင်ငံက သဘာဝသယံဇာတကို ထုတ်ယူရာမှာ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက် ပျက်ဆီး စေခဲ့တဲ့၊ သံဃာတော်တွေကို မီးလောင်ဗုံးတွေနဲ့ နာကျင်စေခဲ့တဲ့၊ အတိတ်ဆိုးတွေနဲ့ ကမ္ဘာကျော်ခဲ့တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကိုမှတ်မိကြဦးမယ်လို့ ထင်ပါတယ်။

ဒေသခံတွေဟာ သဘာဝသယံဇာတနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကစလို့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့နေရာမှာလည်း လက်မနှေးခဲ့ကြပါဘူး။

လက်ပံတောင်းတောင်၊ ကြေးစင်တောင်နဲ့ စပယ်တောင်တွေမှာ ကြေးနီထုတ်လုပ်မှုကို အဓိကကိုင်တွယ် နေတဲ့ ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီကို လုပ်ငန်းတွေ လည်ပတ်လို့ မရနိုင်လောက်အောင် ဝန်ထမ်းတွေ ၉၀ ရာခိုင်နူန်းနီးပါး ပုဂ္ဂလိက CDM ပြုလုပ်ခဲ့ကြပြီး ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းအထိ အောင်မြင်တဲ့လှုပ်ရှားမှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာရော ဒီစီမံကိန်းတွေရဲ့ အခြေအနေ‌တွေက ဘယ်လိုရှိနေလဲ။

ဒီစီမံကိန်းတွေဟာ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက ပြန်လည် လည်ပတ်နေကြပြီလို့ ဒေသခံတွေက အတည်ပြုထားပါတယ်။

ဒါအပြင် တရုတ်နိုင်ငံရဲ့ နိုင်ငံတကာသွင်းကုန် စာရင်းတွေမှာ ဝမ်ပေါင်နဲ့ ယန်စီ ကုမ္ပဏီတွေက မြန်မာနိုင်ငံ ကနေ ကြေးနီတင်သွင်းမှုတွေ ပြုလုပ်နေပြီဆိုတာကို ဖော်ပြထားပါတယ်။

ဒီကုမ္ပဏီတွေ ပြန်လည်ပတ်လာတာဟာ ဘာတွေကို ထိခိုက်ပျက်ဆီးစေလဲ။ စစ်အာဏာရှင်တော်လှန်ရေး အတွက်ရော ဘယ်လောက်ထိ သက်ရောက်မှုရှိနေလဲ။

DNA က စုံစမ်းလေ့လာမှုမှာ ဘာတွေတွေ့ရှိခဲ့ရလဲဆိုတာကို ဒီဆောင်းပါးနဲ့အတူ ကြည့်ရအောင်ပါ။

ဝမ်ပေါင်ကုမ္ပဏီကနေ ပုဂ္ဂလိက CDM ပြုလုပ်ထားတဲ့ ဒေသခံတဦးက စီမံကိန်းတွေပြန်လည်ပတ်နေတာနဲ့ ပတ်သက်ပြီး “ပြန်လည်ပတ်ဖို့အတွက် ၂၀၂၄နှစ်စကတည်းက ပြင်ဆင်လာတယ်။ သူတို့အတွက် လိုအပ်တဲ့ ကုန်ကြမ်း အက်ဆစ်လိုဟာမျိုးတွေ ဒိုက်နမိုက်လိုဟာမျိုးတွေ သွင်းတယ်။ သွင်းဖို့အတွက် ပုသိမ် – မုံရွာလမ်း တောက်လျှောက်ကို အင်အားအပြည့်နဲ့ စစ်ကြောင်းထိုးပြီး သွင်းတယ် ” လို့ ပြောပြပါတယ်။

လက်ပတောင်းတောင် စီမံကိန်းလို့ပြောလိုက်ရင် လက်ပံတောင်းတောင်၊ ကြေးစင်တောင်၊ စံပါယ်တောင် ၊ စံပါယ်တောင် (တောင်) ဆိုပြီး စီမံကိန်း ၄ ခုပါဝင်တယ်လို့ ဆောင်းပါးအရ မှတ်သားထားနိုင်ပါတယ်။

ဒီစီမံကိန်းတွေဟာ ၁၉၉၄ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပေမယ့် တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ ဝမ်ပေါင်နဲ့ ယန်စီ ကုမ္ပဏီတွေကို လက်လွှဲရောင်းချခဲ့တာကတော့ ၂၀၁၁ ခုနှစ်မှာဖြစ်ပါတယ်။ အမှန်တော့ ယန်စီဟာလည်း ဝမ်ပေါင်အပိုင်ကုမ္ပဏီဖြစ်ပါတယ်။

ဒီလွှဲပြောင်းမှုဟာ အဂတိမှုတွေပြည့်နေတယ်လို့ နိုင်ငံတကာက စောင့်ကြည့်လေ့လာနေသူတွေက ထောက်ပြ ဝေဖန်ခဲ့ကြသလို လွှဲပြောင်းမှုအပြီးမှာ ဒေသခံတွေ ပြင်းပြင်းထန်ထန် ထိခိုက်မှုတွေရှိခဲ့တဲ့အထိ စီမံကိန်းကို ကန့်ကွက်ကြသူတွေအပေါ် စစ်တပ်နဲ့ ဝမ်ပေါင်ကုမ္ပဏီပေါင်းပြီး တုန့်ပြန်ခဲ့ကြပါတယ်။

ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်အဖြစ်ပါဝင်တဲ့ စုံ/ကော် လို့ခေါ်တဲ့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းပြီး ဖြေရှင်းဖို့ကြိုးစားခဲ့ကြပါတယ်။

စုံ/ ကော်ရဲ့ အစီရင်ခံစာပါအချက်တွေကတဆင့် အကျိုးအမြတ်ခွဲဝေမှုကို နိုင်ငံတော် ၅၁ ရာခိုင်နူန်း၊ ဦးပိုင် ၁၉ ရာခိုင်နှုန်းနဲ့ ကုမ္ပဏီတွေက ၃၀ ရာခိုင်နူန်းအဖြစ် စာချုပ်ပြင်ဆင်ချုပ်ဆိုခဲ့ကြပါတယ်။

၂၀၁၃ခုနှစ်အထိ ဒီစီမံကိန်းတွေကနေ အကျိုးအမြတ်ခွဲဝေရရှိမှုမှာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ၅၁ ရာခိုင်နှုန်းနဲ့ ကုမ္ပဏီတွေက ၄၉ ရာခိုင်နှုန်းရရှိကြပြီး နိုင်ငံတော်ကတော့ အခွန်အခကိုသာ ရရှိပါတယ်။

ဒီပြောင်းလဲမှုတွေဟာ စာရွက်ပေါ်မှာသာ ရှိနေခဲ့တာဖြစ်ပြီး ၂၀၁၃ခုနှစ်ကနေ ၂၀၂၀ခုနှစ်အထိ ဒီကုမ္ပဏီတွေ ဟာ နိုင်ငံတော်ကို ပေးသွင်းရမယ့် အခွန်အခကိုတောင် အပြည့်အဝမရခဲ့တာတွေ ရှိတယ်လို့ တွေ့ရပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ဝမ်ပေါင်ကုမ္ပဏီက လက်ပံတောင်းတောင်ကနေ ကြေးနီ တန်ချိန်ပေါင်း ၁ သိန်းအထိ ထုတ်လုပ်နိုင်ခဲ့ပြီး ယန်စီကုမ္ပဏီကတော့ တန် ၅သောင်းနဲ့အထက်ထုတ်လုပ်နိုင်ခဲ့တယ်လို့ ၂၀၂၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ တရုတ်နိုင်ငံပိုင် သတ္ထုတူးဖော်ရေး ကုမ္ပဏီများမှတဆင့် စစ်ကောင်စီက ဘယ်လို အကျိုးအမြတ်တွေ ရရှိနေသလဲဆိုတဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။

“မြန်မာ – ယန်စီက နှစ်စကတည်းက ပြန်ထုတ်လုပ်တယ်။ မြန်မာ – ဝမ်ပေါင်ကတော့ ၈ လပိုင်းလောက်က ပြန်စတယ်။ ကျွန်တော်တို့ သိထားသလောက်ဆိုရင် နှစ်ခုပေါင်း တရက်ကို တန် ၄၀၀ လောက်ထွက်တယ် ” လို့ အထက်ပါ ဒေသခံကပဲ ရှင်းပြပါတယ်။

ကြေးနီ ၁တန်ကို အမေရိကန်ဒေါ်လာ ၈၈၀၀ ဈေးရှိတဲ့ လက်ရှိကာလမှာ ဝမ်ပေါင်ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၄ လ အတွင်း ဒေါ်ဟာသန်း ၁၂၀ ဝန်းကျင်တန်ဖိုးရှိတဲ့ ကြေးနီတွေကို တရုတ်ကို တင်ပို့ခဲ့တယ်ဆိုတဲ့ အချက်အလက်ကို စောင့်ကြည့်လေ့လာရေးလုပ်နေကြသူတွေက တွေ့ရှိခဲ့ကြပါတယ်။

ဒီလိုစောင့်ကြည့်လေ့လာနေသူတွေက တဦးဖြစ်တဲ့ သတ္တုတွင်းကျွမ်းကျင်ပညာရှင်ဖြစ်သူက “ကျွန်တော်တို့  တွေ့သလောက်ကတော့ ပြီးခဲ့တဲ့ ၃လအတွင်း တရုတ်ကို ကြေးနီ ဒေါ်လာသန်း ၁၂၀ ကျော်ဖိုး သွင်းထားတယ်ဆိုတော့ ကာလပေါက်ဈေးနဲ့ဆိုရင် တန် ၂ သောင်းကျော်တင်ပို့ထားတယ်လို့ ယူဆနိုင်တယ်။ ဒီဒေတာက တရုတ်ရဲ့ ကုန်သွယ်ရေးဌာနက ထုတ်ပြန်ထားတာမို့ သေချာတဲ့ ရင်းမြစ်ဖြစ်တယ်” လို့ အချက်အလက်နဲ့ တကွ ထောက်ပြပါတယ်။

ဒီလိုမျိုး ကျွမ်းကျင်ပညာရှင်တွေရဲ့ တွက်ချက်မှုတွေအရ ဝမ်ပေါင်ကုမ္ပဏီဟာ သူကြေးနီ တင်သွင်းနိုင်ဖို့ အတွက် စစ်ကောင်စီအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေကို ၃လအတွင်း အမေရိကန် ဒေါ်လာ သန်း ၄၀ ကျော် ပေးဆောင်ရနိုင်ချေ ရှိတယ်လို့ သိရပါတယ်။

ဒေသခံတွေကတော့ စီမံကိန်းတွေကို အပြည့်အဝလည်ပတ်နေတာမျိုးမဟုတ်ဘဲ တစိတ်တပိုင်းပဲ လည်ပတ်နေတာတောင်မှ ဒီလောက် အကျိုးအမြတ်ရရှိနေရင် တစထက်တစ အပြည့်အဝ လည်ပတ်လာနိုင် မှာကို စိုးရိမ်နေကြပါတယ်။

မြေပြင်မှာမြင်တွေ့နေရတာကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စီမံကိန်းတွေဆီကိုလာတဲ့ ကုန်တင်ကားကြီးတွေကို အသွားအပြန် လုံခြုံရေး ယူပေးနေတဲ့အပြင် စီမံကိန်းနဲ့ မုံရွာမြို့ ဆက်သွယ်ရေး လမ်းတလျှောက်က ရွာတွေကို ဖျက်ဆီးတာ၊ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာ၊ လက်နက်ကြီးတွေ အသုံးပြုပြီး လမ်းရှင်းတာတွေ ပြုလုပ်နေတယ်ဆိုတာပါပဲ။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး လက်ပံတောင်းတောင် ပင်မသပိတ်ကော်မတီဝင်ဖြစ်တဲ့ မချောစုဟန် က “ ဒီဝမ်ပေါင်ပြန်လည်ပတ်ကတည်းက ဒီဝမ်ပေါင်ထဲက ပတ်ခတ်မှုတွေကြောင့် ကျွန်တော်တို့ မြေပြင်မှာ ဘယ်နှယောက် အသက်ဆုံးရှုံးထားတယ်ဆိုတဲ့ လစ်စ်တွေလည်း ရှိပြီးသား။ ဆားလင်းကြီးတဝိုက်မှာ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခံရတဲ့ရွာတွေရှိတယ်။ သူတို့တွေ ပစ္စည်းသယ်မယ်ဆိုရင် စစ်ကြောင်းထိုး တာကြောင့် ရွာပေါင်း ၂၀လောက်ဟာ အနည်းဆုံး တလကို တခါတော့ ထွက်ပြေးနေရတယ်” လို့ ရှင်းပြပါတယ်။

ဒီလိုအခြေအနေတွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ၊ သယံဇာတနှငဲ့် သဘာဝပတ်ဝန််းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တို့ကို DNA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒီထဲက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန တခုတည်းကသာ အခုလို ဖြေဆိုပေးခဲ့ ပါတယ်။

“NUG အနေဖြင့် ယခုကိစ္စရပ်တွေကို သိရှိနေသလို ဒေသခံပြည်သူလူထုရဲ့ လုံခြုံရေးကို အထူး အလေးထား ပါတယ်။ ပြည်သူ့အစိုးရလက်ထက်မှ ရင်းနှီးမြုပ်နှံမှုများကိုလည်း လေးစား၍ ယခင်ချုပ်ဆိုထားသော စာချုပ်စာတမ်းများနှင့်အညီ နိုင်ငံအစိုးရတာဝန်အတိုင်း ဝမ်ပေါင်၊ ယန်စီ ကုမ္ပဏီများနှင့် ဆွေးနွေးရန်လည်း အဆင်သင့်ရှိပါတယ် ”

ဒေသခံတွေကတော့ ဒါနဲ့ပတ်သက်လို့ NUGအပါအဝင် ကိုင်တွယ်လှုပ်ရှားနိုင်တဲ့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ အမြန်ဆုံးဖြေရှင်းပေးနိုင်ကြဖို့ မျှော်လင့်တောင်းတနေကြပါတယ်။

ဒီစီမံကိန်းတွေ ပြန်လည်စတင်ရုံနဲ့ ဒေသခံတွေဟာ တောက်လျှောက်ထိခိုက်ခံစားနေရပြီး စစ်ကောင်စီ ဘက်ကနေလည်း အကျိုးအမြတ်တွေရရှိနေတယ်ဆိုရင် ဒါဟာ တော်လှန်ရေးကိုပါ သက်ရောက်မှု ကြီးကြီးရှိလာနိုင်တယ်လို့ ယူဆမှုတွေလည်း ရှိနေကြပါတယ်။

မချောစုဟန်ကတော့ ဒါဟာ ဖြေးဖြေးနဲ့ အေးအေးဆေးဆေး လုပ်နေရမယ့် အချိန်မဟုတ်ဘူးလို့ သက်ဆိုင်သူတွေကို ပြောချင်ပါတယ်လို့ ဆိုပါတယ်။

သူက “ဒီယန္တရားကြီးကို ဘယ်သူတွေက ပိတ်ပစ်နိုင်မလဲဆိုတာကို အကုန်လုံးလည်းအသိပဲ။ တော်လှန်ရေး ကာလကြီးထဲမှာ ဒါကြီးလည်ပတ်နေတာက ဆိုးကျိုးကိုပဲရောက်စေပါတယ် ” တယ်လို့ ပြောပါတယ်။