ဒီဇင်ဘာ၊ ၁၁
မြန်မာ -ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းတခုဖြစ်ပြီး အင်အားအခိုင်အမာနဲ့ ခုခံနေတဲ့ အမှတ်-၅ နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့ခွဲ နခခ-၅ တပ်စခန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်တာက အာဏာသိမ်းစစ်ကောင်စီကို အရှိုက်ထိုးနှက် အရှက်ရစေခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်လလောက်ကတည်းက AAက နခခ-၅စခန်းကို ပိတ်ဆို့ထားပြီး အောက်တိုဘာလ ၁၄ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။
ထိုးစစ်ရက်ပေါင်း (၅၅) ရက်လောက်အကြာ ဒီဇင်ဘာလ (၈) ရက်မှာတော့ AAက မောင်တောဒေသနောက်ဆုံးလက်ကျန် တပ်စခန်းကိုသိမ်းပိုင်နိုင်ပြီး မြန်မာ -ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် အပြည့်အဝထိန်းချုပ်နိုင်ခဲ့တာပါ။
နခခ (၅) စခန်းက မောင်တောမြို့ မြို့သူကြီးရပ်ကွက်မှာ တည်ရှိပြီး အင်အား (၇၀၀) ကျော် စခန်းချတပ်စွဲထားတဲ့စခန်းကြီးတစ်ခုဖြစ်တယ်လို့ ဒီဇင်ဘာ ၁၀ရက်စွဲနဲ့ AAထုတ်ပြန်ချက်ကဖော်ပြပါတယ်။ AAက စခန်းသိမ်းတိုက်ပွဲအခြေအနေကို ရုပ်သံနဲ့ဓါတ်ပုံတွေနဲ့အတူ ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
နခခ-၅စခနျးပတျပတျလညျကျိုသံဆူးကွိုး (၂) ထပ်ကာရံထားပြီး တခုနဲ့တခုအကြား သတ်ကွင်းတွေကို ကောင်းစွာပြင်ဆင်ထားတာလို့ဆိုပါတယ်။
အချို့နေရာတွေမှာ ပေ (၂၀) လောက်ကျယ်တဲ့ရေမြောင်းတွေကို ဖောက်လုပ်ထားပြီး စူးချွန်များ ထောင်ထားကာလေးဖက်လေးတန်အခိုင်အမာ တည်ဆောက်ထားတဲ့ ဘန်ကာ (၂၀)ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း (၁၀၀) ကျော်ရှိကာစခန်းအတွင်း ခိုင်ခံ့ထူထပ်တဲ့အဆောက်အအုံကြီး (၃၀) ကျော်လည်း ပါဝင်ပါတယ်။
ဒါ့အပြင်သဘာဝတရားအကာအရံအဖြစ် စခန်းရှေ့ပတ်ပတ်လည်နီးပါးမှာ ချောင်းတစ်ခု ကာဆီးထားပြီး အလွယ်တကူ ဖြတ်သန်းရန် မလွယ်ကူတဲ့အနေအထားမျိုးဖြစ်တယ်လို့ AAကဆိုပါတယ်။
AAတပ်ဖွဲ့ဝင်တွေအနေနဲ့ တလက်မချင်းတိုးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတဲ့စခန်းကြီးဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားတဲ့ M14 မိုင်း ပေါင်း (၁၀၀၀) ကျော်ကို ရှင်းလင်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
AAမိုင်းရှင်းလင်းရေးစစ်သည်တော်အချို့ဟာလည်း အသက်နှင့်ကိုယ်လက်အင်္ဂါတို့ကို စွန့်လွှတ်ပေးဆပ်ခဲ့ရတယ်လို့ဆိုပါတယ်။
နခခ (၅) စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့အတူ ပူးပေါင်းတိုက် ခိုက်နေကြတဲ့ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့RSO၊ ARSA၊ ARA နဲ့စစ်ကောင်စီ သင်တန်းပေးထားတဲ့အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက် ကိုင်တပ်ဖွဲ့ဝင်တွေအပြင် မောင်တောဒေသနဲ့ကပ်လျက်အခြားမြို့များရှိ စစ်ကောင်စီစခန်းတွေက ထွက်ပြေးလွတ်မြောက်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်အားလုံးကနခခ (၅) စခန်းထဲကအဆင့်ဆင့်မြေပြင်ခုခံစစ်၊ လေကြောင်းပစ်ကူတွေနဲ့အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စခန်းသိမ်းထိုးစစ်အတွင်း စစ်ကောင်စီဖက်က တပ်ဖွဲ့ဝင်၄၅၀အထက် သေဆုံးနိုင်ခဲ့ပြီး ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားနဲ့ RSO၊ ARSA၊ ARA အပြင်စစ်ကောင်စီသင်တန်းပေးထားတဲ့အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုသုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် လက်နက်ခဲယမ်းနဲ့စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တာပါ။
နခခ (၅) ထဲမှ ထွက်ပြေး လွတ်မြောက်နေတဲ့ စကစ တပ်ဖွဲ့ဝင်တွေကိုလည်းလိုက်လံရှာဖွေနေတယ်လို့ AAကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ လော်ဘီလူမူကွန်ရက်တွေမှာတော့ မောင်တော နခခ-၅ စခန်းကျဆုံးခဲ့တာနဲ့ပတ်သတ်ပြီး အထက်တာဝန်ရှိသူတွေကို ဝေဖန်ပြစ်တင်ထားကြပြီး ဂယက်ထနေတာကိုလည်း တွေ့မြင်နေရပါတယ်။
“လေကြောင်းကအစအများကြီးသုံးခုခံခဲ့တာလေ။ အခုဒီလိုစခန်းကျသွားတော့ လိုင်းမှာလည်းတွေ့မှာပေါ့၊ သူတို့အထိနာအရှိုက်ကိုထိတာပေါ့၊တပ်တော်ကတော့မဟာဗျူဟာအောင်ပွဲလို့ပြောလို့ရတာပေါ့”လို့ စစ်ရေးစောင့်ကြည့်သူ သတင်းရင်းမြစ်တဦးကပြောပါတယ်။
ဒေသတွင်း နောက်ဆုံးလက်ကျန် နခခ-၅ စခန်းကို သိမ်းပိုက်နိုင်ခဲ့လို့ AAကမောင်တောမြို့နယ်တခုလုံးသာမက မြန်မာ -ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတလျှောက်ကို အပြည့်အဝ ထိန်းချုပ်လိုက်တာလည်းဖြစ်ပါတယ်။
အာရက္ခတပ်တော် (AA)က တနှစ်ကျော်ကာလအတွင်း ရခိုင်က မြို့နယ် ၁၁ခုနဲ့ ချင်းပြည်နယ်ပလက်ဝမြို့ကို အလုံးစုံသိမ်းပိုက်ထားတာဖြစ်ပါတယ်။
လက်ရှိ ထိုးစစ်ဆင်နေပြီး နယ်မြေအများစု ထိန်းချုပ်ထားနိုင်တဲ့ အမ်း၊တောင်ကုတ်နဲ့ဂွမြို့နယ်တွေကိုသာ သိမ်းပိုက်နိုင်ရင်တော့ AAက မြို့တော်စစ်တွေကို ဆက်လက်ထိုးစစ်ဆင်မယ်လို့လည်း အကဲခတ်တွေက ခန့်မှန်းထားပါတယ်။