တပတ်ကြာဗန်းမော်တိုက်ပွဲ စစ်ကောင်စီ အထိနာနေ

Photo – KNG

ဒီဇင်ဘာ၊ ၁၀

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီဖက်က အထိနာနေပြီး ဗိုလ်မှူးချုပ်အဆင့်တာဝန်ရှိသူတွေပါ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ KIAနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်မ(၈၈) တပ်မမှူးနဲ့ အခြားထိပ်ပိုင်းခေါင်းဆောင်တချို့ တိမ်းရှောင်သွားကြပီလို့ အဲဒီသတင်းရင်းမြစ်က ပြောတာဖြစ်ပြီး DNAကတော့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ဗန်းမော်တိုက်ပွဲနဲ့ ပတ်သတ်လို့ KIAက ထုတ်ပြန်တာမရှိသေးသလိုKIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်တာမှာလည်း အဆက်အသွယ်မရရှိသေးပါဘူး။

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာ တပတ်လောက်ကြာမြင့်လာပြီး တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။

KIAနဲ့ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ အမှတ်၂၁ စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ်(စကခ-၂၁)အခြေစိုက် ဗန်းမော်မြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ၄ရက်ကစလို့ ထိုးစစ်ဆင်နေတာပါ။

လက်တလောမှာတော့ KIAပူးပေါင်းတပ်တွေက ဗန်းမော်မြို.အတွင်း ဝင်ရောက်နိုင်ပြီး ဌာနဆိုင်ရာရုံးအများစုကိုလည်း သိမ်းပိုက်ထားပြီလို့ မြေပြင်သတင်းရင်းမြစ်တချို့ကပြောပါတယ်။

ဒါ့အပြင် KIAနဲ့ပူးပေါင်းတပ်တွေက စခက-၂၁နဲ့ တခြားတပ်စခန်းတွေကို ပိတ်ဆို့ ထိုးစစ်ဆင်နေတယ်လို့လည်းဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့ဒေသခံအားလုံးကလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြဆဲလို့ သတင်းရင်းမြစ်ကပြောပါတယ်။

KIAနဲ့မဟာမိတ်တပ်တွေက၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကနေ အခုအချိန်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့၁၃မြို့နဲ့စစ်တပ်စခန်းပေါင်း ၂၂၀ လောက်ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။