ဒီဇင်ဘာ၊ ၄
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)နဲ့ နှစ်ဖက်တိုက်ပွဲ တွေဖြစ်နေချိန် ထွက်ပြေးလာတဲ့ ဗိုလ်ကြီးတဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးကို ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် ဒေသတွေမှာ လှုပ်ရှားတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဖမ်းမိထားပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF)၊New Society Army (NSA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းမိထားတာဖြစ်ပြီး လက်ရှိမှာ ဖမ်းမိစစ်သုံ့ပန်းတွေကို စနစ်တကျ ထိန်းသိမ်းထားတယ်လို့ အဲ့ဒီတပ်ဖွဲ့တွေက ထုတ်ပြန်အသိပေးပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘယ်နေ့က ဘယ်နေရာမှာဖမ်းမိခဲ့တယ်ဆိုတာနဲ့ ဖမ်းမိ စစ်သုံ့ပန်းတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာမရှိပါဘူး။ မဟာမိတ်ပူးပေါင်းတပ်တွေဖြစ်တဲ့ PIA နဲ့ ACDF တပ်ဖွဲ့တွေဆီ DNA က ဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွယ်မရသေးပါဘူး။
ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမ်းမြို့သိမ်းတိုက်ပွဲအတွင်းကနေ ထွက်ပြေးလာကြသူတွေဖြစ်ပြီး သူတို့ဆီက MA-1 သေနတ်တလက်၊ MA-3 သေနတ်တလက်၊ ကျည်ဘောက်မပါတဲ့ type- 81 တလက်၊ ပစ္စတို တလက်၊ ခဲယမ်းတချို့နဲ့ Laptop တလုံး၊ ဖုန်းတလုံးတို့ကို သိမ်းဆည်းရရှိထားတယ်လို့လည်းဆိုပါတယ်။
ဖမ်းမိသူတွေထဲ ဒဏ်ရာရထားသူတွေလည်းပါဝင်တာကြောင့် ဆေးဝါးကုသပေးထားသလို စစ်သုံ့ပန်းတွေအားလုံး အတွက် ကျန်းမာရေး၊နေထိုင်စားသောက်ရေးကအစ လိုအပ်တဲ့ကိစ္စအဝဝကိုဖြည့်ဆည်းစောင့်ရှောက် ပေးထား တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလအတွင်းစတင်ခဲ့တဲ့ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်တွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ တပ်ဆုတ်ပြေးကာ အိမ်နီးချင်းနိုင်ငံတွေထဲအထိ နယ်စပ်ဖြတ်ကျော်ပြေးတာ၊ ဆက်စပ်ဒေသတွေဆီ ထွက် ပြေးတာကြောင့် ဒေသတွင်းတော်လှန်ရေးတပ်တွေက ဖမ်းမိတာတွေ အရင်ကလည်း အများအပြားရှိခဲ့ပါတယ်။
အာရက္ခတပ်တော် AA ရဲ့ထုတ်ပြန်ချက်တွေအရတော့ လတ်တလောကာလအတွင်း နပခအခြေစိုက်ရာ အမ်းမြို့ နယ်အပြင် တောင်ကုတ်၊ဂွမြို့နယ်တွေက စစ်ကောင်စီစခန်းတွေနဲ့ မောင်တောမြို့က နောက်ဆုံးကျန်နေတဲ့ နခခ(၅)စခန်းတွေကို အပြီးသတ်သိမ်းယူနိုင်ရေးဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။