ထားဝယ်မြို့ပေါ်မှာပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးနဲ့ ချောဆွဲခံလာရတဲ့ ယာဥ်မောင်းတဦးသေဆုံး

Photo – YPPDF (ပုံစာ -တိုက်ခိုက်မှုအတွင်း သိမ်းဆည်းရမိခဲ့တဲ့ သေနတ်ငါးလက်)

နိုဝင်ဘာ၊ ၁၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ နိုဝင်ဘာ ၁၈ ရက်၊ မနေ့ မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးအပြင် ချောဆွဲခံလာရတဲ့ သုံးဘီးယာဥ်မောင်းပါ သေဆုံးသွားတယ်လို့ တိုက်ခိုက်မှုလုပ်ခဲ့တဲ့အဖွဲ့တွေနဲ့ မြို့ခံတွေဆီကနေ သိရပါတယ်။

“ကင်းပတ်ထွက်တဲ့ပုံစံနဲ့ ထွက်လာတာ၊ သုံးဘီးမှာပါလာတာက စစ်သားခုနစ်ယောက်၊ ပစ်ခတ်မှုမှာ စစ်သားငါး ယောက်ဆုံးသွားတယ်၊ နှစ်ယောက်ကတော့ ဒဏ်ရာနဲ့ ထွက်ပြေးသွားတယ်” လို့ ဓဝယ်အမျိုးသားလွတ်မြောက် ရေးတပ်တော်(DNLA) ပြောရေးဆိုခွင့်ရှိသူက DNA ကို ပြောပါတယ်။

ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်၊ ရေးလမ်းပေါ်မှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်ရှေ့ပြင်ရပ် ကွက်ရှိ စစ်ကောင်စီတပ်စစ်ရေးဂိတ်ဘက်ကို ထွက်လာတဲ့အချိန် ရေးလမ်းပေါ်မှာပဲ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးရဲ့ သေနတ် ငါးလက်ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ​အသက် ခြောက်ဆယ်ကျော်ရှိ သုံးဘီးယာဥ်မောင်း အမျိုးသားတဦးကို ချောဆွဲ ခေါ်ဆောင်လာခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအတွင်း အဲဒီ သုံးဘီးယာဥ်မောင်းလည်း သေဆုံးသွားခဲ့တာပါ။

“ချောဆွဲပြီး သူတို့ကို လိုက်ပို့ခိုင်းတာ၊ ပစ်ခတ်မှုဖြစ်တော့ ထိပြီး ပစ်တဲ့နေရာမှာပဲ ပွဲချင်းပြီးသေသွားတာ” လို့ ထား ဝယ်မြို့ခံ သုံးဘီးယာဥ်မောင်းတဦးက DNA ကို ပြောပါတယ်။

DNLA ပြောရေးဆိုခွင့်ရှိသူကလည်း အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးအပြင် သုံးဘီးယာဥ် မောင်းပါ သေဆုံးခဲ့တယ်ဆိုတာကို အတည်ပြုပါတယ်။ အဲဒီတိုက်ခိုက်မှုကို DNLA နဲ့ ရေဖြူပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့(YPPDF)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ၁၅ မိနစ်ခန့်အကြာ အပြန်အလှန်တိုက်ခိုက်မှုအတွင်း တော် လှန်ရေးတပ်တွေဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ပစ်ခတ်မှုဖြစ်ပြီး အဲဒီနေရာတဝိုက်ကို ရှာဖွေစစ်ဆေးတာတွေလုပ်ဆောင်ကာ အနီး အနားက မြို့ခံနှစ်ဦးထက်မနည်းကို ဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့သိရပေမယ့် အဲဒီအခြေ အနေကို အတိအကျ အတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ပစ်ခတ်မှုဖြစ်ဖြစ်ချင်းမှာပဲ ထားဝယ်-ရန်ကုန် ကားလမ်းအစမှာရှိတဲ့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို ပိတ် ချပြီး စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အခုလို ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဆင်ဆိပ်ရပ်ကွက်ရှိ ရေးလမ်း မပေါ်မှာ အရင်လပိုင်းလောက်ကလည်း စစ်ကောင်စီရဲ့ အရာရှိတွေလိုက်ပါလာတဲ့ ယာဥ်တန်း တိုက်ခိုက်ခံခဲ့ ရပါသေးတယ်။