အောက်တိုဘာ၊ ၁၇
စစ်ကိုင်းတိုင်း ပုလဲမြို့ကို မြို့သိမ်းစစ်ဆင်ရေးအနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ လေးရက်ကြာ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်း ၂၅ဦးကိုဖမ်းမိခဲ့ပြီး BNRA တပ်ဖွဲ့ဝင် ကိုးဦးကျဆုံးခဲ့တယ်လို့ ဗမာ အမျိုးသားတော်လှန်ရေးတပ်မတော် BNRA တပ်ဖွဲ့က ဒီကနေ့ အသိပေးပါတယ်။
တိုက်ပွဲအတွင်းဖမ်းမိခဲ့တဲ့စစ်သုံ့ပန်းတွေထဲကအများစုဟာ ဘန်ကာအတွင်း လက်ပစ်ဗုံး ပစ်ထည့်တိုက်ခိုက်ခံရတဲ့ ထိခိုက်ဒဏ်ရာတွေရရှိထားပြီး ဆေုးကုသမှုပေးနေကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါ တယ်။
BNRA နဲ့ပူးပေါင်းတပ်တွေဘက်ကတော့ ကိုးဦးကျဆုံးတဲ့အပြင် ဒဏ်ရာရသူ ၁၁ဦးရှိတယ်လို့သိရပါတယ်။
ပုလဲမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို နိုဝင်ဘာ ၁၁ရက် မနက်လေးနာရီခွဲမှာ စတင်တိုက်ခိုက် ပြီးနောက် နှစ်ရက်အကြာမှာ ပုလဲ မြို့ပေါ်က စစ်ကောင်စီရဲ့နောက်ဆုံးခံတပ် ထွေအုပ်ရုံးနဲ့ရဲစခန်းတို့ကို ထိန်းချုပ် နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ခုနစ်ဆယ်ကျော် ပစ်ကူပေးမှုကြားကနေ မြို့ကို ထိန်းချုပ်နိုင်ခဲ့ ပေမယ့်စစ်ကောင်စီကလေကြောင်းကနေ တပ်ကူတွေထပ်ပို့လာတာ၊ပစ်ကူပေးတာတွေ ဆက်လုပ်နေတာ ကြောင့် ဖြတ်တောက်နိုင်ဖို့ ခက်ခဲလို့ နိုဝင်ဘာ ၁၄ရက် ညနေပိုင်းမှာ ပုလဲမြို့ထဲကနေ တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခဲ့ ကြရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၂၁လက်၊M9 ဗုံးသီးအပါအဝင် တခြား ခဲယမ်း တွေနဲ့ စစ်အသုံးအဆောင်တွေ သိမ်း ဆည်းရရှိခဲ့တယ်လို့လည်း BNRA က ဖမ်းမိစစ်သုံ့ပန်းတချို့၊လက်နက်ခဲယမ်း ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
ပုလဲမြို့တိုက်ပွဲဟာ ချင်းပြည်နယ်မှာ စစ်ဆင်ရေးလှုပ်ရှားနေတဲ့ ချင်းညီနောင်စစ်ဆင်ရေးနဲ့ချိတ်ဆက်ပြီး Coordinated Movement အဖြစ် လုပ်ဆောင်ခဲ့ပြီး BNRA နဲ့အတူအညာညီနောင်တပ်ဖွဲ့တွေဖြစ်တဲ့ Generation Z Army (GZA)နဲ့ ရေစကြို အခြေစိုက် Southern Yesagyo(SYSO)တို့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
BNRA တပ်ဖွဲ့ဟာ NUG လက်အောက်ခံမဟုတ်တဲ့ သီးခြားတပ်ဖွဲ့တခုဖြစ်ပြီးပုလဲမြို့တိုက်ပွဲဟာ အညာဒေသ အ တွင်း NUG လက် အောက်ခံ တော်လှန်ရေးအင်အားစုတွေ ဦးဆောင်ပါဝင်တာမဟုတ်တဲ့ မြို့သိမ်းအဆင့် ပထမဆုံး အကြိမ် ထိုးစစ်ဆင်တိုက်ခိုက်မှုဖြစ်လာပါတယ်။
ပုလဲမြို့တိုက်ပွဲအတွင်း NUG လက်အောက်ခံ PDF တပ်ရင်း တပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်တယ်ဆိုတဲ့ အထောက် အထားတွေမတွေ့ရပေမယ့် တိုက်ပွဲကာလအတွင်း ပုလဲမြို့နယ် ပကဖ ဒုတာဝန်ခံဦးဆောင်ကာ ကျန်းမာရေး စောင့်ရှောက်မှုအပါအဝင် လိုအပ်တာတွေကို အချိန်နဲ့တပြေးညီ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ BNRA က ဖော် ပြပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ မြို့ပေါ်တိုက်ပွဲတွေနဲ့ မြို့အနီးတဝိုက် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံ တသောင်းထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် ပအဖ၊ပကဖ အဖွဲ့တွေက ကူညီကယ်တင်ခဲ့ရပြီး ဒေသခံတွေကတော့ အကူအညီတွေလိုအပ်နေကြတယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် မြို့ပေါ်တိုက်ပွဲအပြီး စစ်ကောင်စီတပ်တွေ ထပ်ရောက်လာတာကြောင့် စစ်ကြောင်းထိုးမီးရှို့သတ် ဖြတ် လာမှာကို စိုးရိမ်တဲ့ ပုလဲနယ်ဒေသခံတွေဟာ ဆက်လက်တိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်တွေက ဒီကနေ့မှာ ပုလဲမြို့ပေါ်က ပြည်သူပိုင်အဆောက်အအုံတွေကို စတင်မီးရှို့နေတယ်လို့ လည်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။