ကလေးသူငယ်လက်ထပ်ထိမ်းမြားခွင့် ဥပဒေကို ပြောင်းလဲဖို့ ကိုလံဘီယာလွှတ်တော်မှာ မဲခွဲဆုံးဖြတ်

REUTERS/Nathalia Angarita

နိုဝင်ဘာ ၊ ၁၅ 

အရွယ်မရောက်သေးသူတွေကို မိဘသဘောဆန္ဒအရ လက်ထပ်ခွင့်ပြုတဲ့ ဥပဒေကို ပြောင်းလဲဖို့အတွက်  ကိုလံဘီယာလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

အဆိုပြုချက်အရ လက်ထပ်ထိမ်းမြားဖို့အတွက် အနိမ့်ဆုံးအသက် ၁၈ နှစ်သတ်မှတ်ပြီး အရွယ်မရောက်သေးသူတွေရဲ့ အခွင့်အရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အခွင့်အလမ်းတွေကို ကာကွယ်ဖို့ ကြိုးပမ်းမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဥပဒေအဖြစ် ပြဌာန်းရေး သမ္မတ ဂတ်စ်တာဗို ပတ်ထရို လက်မှတ်ရေးထိုးဖို့ လိုအပ်နေပါသေးတယ်။

လက်ရှိမှာတော့ ကိုလံဘီယာနိုင်ငံရဲ့ အရပ်ဘက်ဆိုင်ရာ ဥပဒေအရ အနည်းဆုံး အသက် ၁၄နှစ်အထိ မိဘသဘောဆန္ဒအရ လက်ထပ်ခွင့်ပြုထားပါတယ်။

ဆီယာရာ လီယွန်နိုင်ငံ သမ္မတ ဂျူးလီးယက် မာဒါ ဘိုင်အိုဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က နယူးယောက်စီးတီးမှာ ကျင်းပတဲ့ ၇၈ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မှာ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့မှာတော့ ဆီယာရာ လီယွန်နိုင်ငံမှာ ကလေးသူငယ် ထိမ်းမြားလက်ထပ်မှုကို တားမြစ်တဲ့ ဥပဒေမူကြမ်းတခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၂၃ ခုနှစ်က တင်ပြခဲ့တဲ့ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့အတွက် ကနဦး အဆိုပြုချက်မှာ “သူတို့က မိန်းကလေးငယ်တွေ ဖြစ်တယ်၊ ဇနီးမယာတွေးမဟုတ်ဘူး” ဆိုတဲ့ ဆောင်ပုဒ်ကို အသုံးပြုထားပြီး မိန်းကလေးငယ်တွေကို အမျိုးမျိုးသော အကြမ်းဖက်မှုပုံစံတွေနဲ့ အတင်းအကြပ်လက်ထပ်ခြင်းကနေ တားဆီးဖို့နဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းတွေ လွဲချော်မှုမဖြစ်စေရေးအတွက် အဓိကရည်ရွယ်ပါတယ်။

အဲ့ဒီအဆိုပြုချက်ကို အတည်ပြုပြီးနောက် “အရွယ်မရောက်သေးသူတွေဟာ လိင်ပိုင်းဆိုင်ရာ အရာဝတ္တုတွေမဟုတ်ဘူး ၊ မိန်းမငယ်လေးတွေပါ” လို့ လွှတ်တော်အမတ် ကလယ်ရာ လိုပတ်ဇ် အော်ဘရီဂင်က ကြေညာချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ကလေးသူငယ်ထိမ်းမြားလက်ထပ်မှုကို ကမ္ဘာတဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးနေဆဲဖြစ်ပြီး တနှစ်ကို မိန်းကလေး ၁၂ သန်းခန့်အပေါ် သက်ရောက်မှုရှိနေတယ်လို့ ကုလသမဂ္ဂကလေးများဆိုင်ရာ အေဂျင်စီ UNICEF က ဆိုပါတယ်။

“လွန်ခဲ့တဲ့ ဆယ်နှစ်က အသက် ၂၀ ကနေ ၂၄ နှစ်ကြား အမျိုးသမီးလေးယောက်မှာ တစ်ယောက်က ကလေးဘဝမှာတင် အိမ်ထောင်ကျခဲ့ပါတယ်။ ဒီကနေ့မှာတော့ အဲ့ဒီအရေအတွက်က ငါးပုံတစ်ပုံအထိ ကျဆင်းသွားပါပြီ”လို့ UNICEF က ပြောကြားခဲ့ပါတယ်။

လက်တင်အမေရိကမှာ ဆင်းရဲမွဲတေမှုက အရွယ်မရောက်သေးသူတွေ လက်ထပ်ထိမ်းမြားရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ UNICEF က ဆိုပါတယ်။

Ref: CNN