နို၀င်ဘာ ၁၄
ပြည်မအပါအ၀င် မြို့နယ်ချင်းဆက်လမ်းတွေ ပိတ်ခံထားရတဲ့ ရခိုင်ပြည်နယ်မှာ ဆန်၊ စပါးတွေ ရောင်းမထွက်၊ ဈေးနှုန်း ကျဆင်းနေတာကြောင့် လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ ဒေသခံလယ်သမားတွေ အခက်အခဲကြုံနေရတယ်လို့ ပြောပါတယ်။
လမ်းတွေပိတ်ထားလို့ ပြည်မနဲ့ ပြည်ပဆီ ဆန်မပို့နိုင်တာကြောင့် ၀ယ်လိုအား နည်းနေတာဖြစ်ပြီး ဈေးနှုန်းဟာလည်း ယခင်နှစ်တွေကထက် ထက်၀က်လောက်ထိ ကျဆင်းနေတာပါ။
“အရင်ကဆို ပြည်မတို့ တောင်ပိုင်းဖက်တို့၊ စစ်တွေတို့ကို ပို့ဖို့ ၀ယ်ကြတယ်၊ ဈေးလည်း ရတယ်၊ အခုက ၀ယ်သား(၀ယ်သူ) တယောက်မှ မရှိဘူး”လို့ ပေါက်တောမြို့နယ်မှ လယ်ဧက ငါးဆယ်၀န်းကျင် စိုက်ပျိုးသူ လယ်သမားတဦးက ပြောပါတယ်။
ဒါ့ကြောင့် ရခိုင်ပြည်နယ်အတွင်းမှ လယ်သမားတွေဟာ သူတို့ရဲ့ ထွက်ကုန် စပါးတွေကို ဒေသတွင်းစားသုံးဖို့အတွက်ပဲ ရောင်းချနေရကာ အနည်းငယ်သာ ရောင်းထွက်ကြတယ်လို့ ဆိုပါတယ်။
“မနှစ်စပါးတွေ ထက်၀က်တောင် ရောင်းမစွံကြသေးဘူး၊ ဒီနှစ်စပါး ထပ်ထွက်တော့မယ်၊ ဝယ်မယ့်သူမရှိရင် ထားစရာလည်း အခက် အခဲ”လို့ မင်းပြားမြို့နယ်မှ လယ်သမားတဦးက ပြောပါတယ်။
ယခင်တိုက်ပွဲမဖြစ်ခင် နှစ်တွေမှာဆိုရင်ရခိုင်ပြည်နယ်အတွင်းက ထွက်တဲ့ စပါးတွေရဲ့ လေးပုံတပုံခန့်ကို ပြည်မနဲ့ ပြည်ပဆီ ပေးပို့ရောင်းချခဲ့ကြတယ်လို့ လယ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေက ပြောပါတယ်။
အဲဒီလို စပါးတွေ ရောင်းမထွက်တာကြောင့် အဆမတန်ဈေးပိုကြီးတဲ့ သွင်းအားစုတွေ သွင်းကာ အရင်းစိုက်၊ စိုက်ပျိုးထားတဲ့ လယ်သမားတွေမှာ အရှုံးပေါ်နေကြပြီး စား၀တ်နေရေးပါ အခက်အခဲကြုံလာကြရ တာလို့ ပြောပါတယ်။
“စပါးရောင်းမထွက်တော့ ရွှေရှိရင် ရွှေရောင်းလို့၊ ငွေရှိရင် ငွေရင်းပြီးစိုက်ခဲ့ကြတယ်၊ ဒီလိုချိန်မှာ စပါးရောင်းလို့ရရင် ရွှေပြန်၀ယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိခဲ့ကြတာ၊ ဒါပေမယ့်အခုက ရောင်းလည်း မထွက်တော့ ကိုးရိုးကားရား ဖြစ်နေကြတယ်”လို့ ဓည၀တီတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးမောင်သိန်းလှက ပြောပါတယ်။
လယ်ယာလုပ်ငန်းကိုသာ မှီခိုစားသောက်နေတဲ့ ပေါက်တောမြို့နယ်မှ လယ်သမားနောက်တဦးကလည်း စိုက်ပျိုး၊ ရိတ်သိမ်းထားခဲ့တဲ့ စပါးတွေ ရောင်းမစွံတာကြောင့် မိသားစု၀မ်းရေးအခက်ကြုံနေကြရတယ်လို့ ဆိုပါတယ်။
!!!လယ်သမားမှာ စပါးမစွံရင် ဘာနဲ့စားမလဲ၊ ဆန်တခုတည်းနဲ့ စားလို့မှ မရတာ၊ ရှိတာလေးတွေ ရောင်းစားနေရတယ်၊ ရှေ့ဆက်လည်း ဒီလိုဆို မလွယ်ဘူး”လို့ သူက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေစခဲ့တဲ့ ၂၀၂၃ ခု နို၀င်ဘာ ၁၃ ရက်နေ့ကတည်းက ပြည်မနဲ့ ရခိုင်ပြည်တွင်း ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွေကို အားလုံးကို ဖြတ်တောက်ပိတ်ဆို့ထားခဲ့တာဖြစ်ပြီး အခုဆိုရင် တနှစ်ကျော်ရှိသွားပြီဖြစ်ပါတယ်။
အခုအခါ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ဆယ်ခုကို အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားပြီး အဲဒီမြို့နယ်တွေအချင်းချင်းကြား လမ်းပွင့်သွားပေမယ့် ပြည်မနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကတော့ ပြတ်တောက်နေသေးပါတယ်။
စပါးစိုက်ဧက ၁၂ သိန်း၀န်းကျင်ရှိတဲ့ ရခိုင်ပြည်နယ်မှာ စပါးစိုက်ပျိုးမြေဧက တဖြေးဖြေးလျော့ကျလာနေပြီး တိုက်ပွဲအပြင်းအထန်ဖြစ်နေတဲ့ ပြီးခဲ့တဲ့နှစ်ကဆိုရင် ဧက ၆ သိန်း၀န်းကျင်ကိုသာ စိုက်ပျိုးနိုင်ခဲ့ကြတယ်လို့ လယ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။