အညာစစ်ဒေသ အတွက်တပ်သားသစ်တွေခေါ်ယူနေတဲ့ BPLA 

Photo – BPLA

အောက်တိုဘာ၊ ၇

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး နှစ်ပိုင်းလုံးမှာပါဝင်တိုက်ခိုက်ခဲ့ပြီးနောက် အညာဒေသမှာ အခြေချပြီးစစ်ရေး လှုပ်ရှားတော့မယ်လို့ အောက်တိုဘာလကုန်ပိုင်းကမှ ထုတ်ဖော်အသိပေးခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA က အညာစစ်ဒေသအတွက် တပ်သားသစ်တွေရွေးချယ်ခေါ်ယူနေပါတယ်။ 

အညာမှာ အခြေချတော့မယ်လို့ လူသိရှင်ကြား ထုတ်ပြောလာပေမယ့် ဘယ်ဒေသမှာ စတင်အခြေချမယ်ဆိုတာ ပြောဆိုခြင်းမရှိသေးတဲ့ BPLA တပ်ဖွဲ့အနေနဲ့ အမှတ်(၃၀၈)အညာစစ်ဒေသအတွက် တပ်သားသစ်တွေ စိစစ်ရွေး ချယ်ခေါ်ယူနေပြီဖြစ်တာကြောင့် တပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဆက်သွယ်စုံစမ်းဖို့ အသိပေးထားပါတယ်။ 

၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက် စတင်တည်ထောင်ခဲ့တဲ့ BPLA တပ်ဖွဲ့ဟာ KNU တပ်ဖွဲ့စစ်ရေးလှုပ်ရှားရာ ကရင် ပြည်နယ်မှာ စတင်အခြေချခဲ့သလို တခြားဒေသအသီးသီးက နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ကိုးကန့်တပ် MNDAA ရဲ့ တိုင်းရင်းသားတပ်မဟာ ၆၁၁မှာလည်း ပါဝင်ကာ ၁၀၂၇ စစ်ဆင်ရေးမြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တာပါ။ 

NUG လက်အောက်ခံ မဟုတ်ဘဲ သီးခြားရပ်တည်နေတာဖြစ်ပေမယ့် BPLA တပ်ဖွဲ့အနေနဲ့ NUG ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ စစ်ရေးနိုင်ငံရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ၂၀၂၂ခုနှစ် အောက်တိုဘာလကတည်းက နှစ်ဖက် တွေ့ ဆုံဆွေးနွေး သဘောတူထားကြပါတယ်။

အဲ့ဒီသဘောတူညီချက်ဟာ လက်ရှိအချိန်အထိ ဆက်လက်တည်ရှိနေသေးသလို တခြား တော်လှန်ရေးအင်အားစု တွေနဲ့လည်း ဆက်ဆံရေးကောင်းတည်ဆောက်နိုင်ဖို့ ကြိုးစားမယ်လို့ BPLA ကွပ်ကဲရေးမှူမောင်ဆောင်းခက ပြော ထားပါတယ်။

“MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်အောက်ခံမဟုတ်တဲ့အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်သော ဆက် ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ BPLA က ဗမာလူမျိုးစု ကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်အထည်ဖော်သွားပါမယ်”လို့ သူကဆိုပါ တယ်။

အညာဒေသဟာ PDFတပ်ရင်း၊ပကဖ၊ပအဖ၊ပလဖ စတဲ့ NUG လက်အောက်ခံ အင်အားအများစုအခြေပြုရာ ဒေသ ဖြစ်သလို NUG လက်အောက်ခံအင်အားစုတွေနဲ့ သီးခြားတော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်မှုတွေ မကြာ မကြာပေါ်ပေါက်တတ်ရာဒေသတခုဖြစ်ပါတယ်။

ပွတ်တိုက်မှုတွေရှိပေမယ့် ပူးပေါင်းစစ်ဆင်ရေးလှုပ်ရှားမှုတွေ တိုးမြင့်လာကာ ၊မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီစစ်ကြောင်းတခုလုံး ပြုတ်အောင်အတိုက်ခံရတာမျိုးတွေရှိသလို စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမီးရှို့၊ သတ်ဖြတ်မှုတွေကိုလည်း ကြုံနေရဆဲဖြစ်တဲ့အညာမှာ NUG လက်အောက်ခံ မဟုတ်တဲ့ အင်အားစုတခုအနေနဲ့ BPLA က ထပ်တိုးလာဖို့ရှိနေတာပါ။