အောက်တိုဘာ၊ ၇
လာမယ့် ၂၀၂၅ခုနှစ်မှာ ကျင်းပဖို့ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲအောင်မြင်ဖို့အတွက် ကူညီမယ်လို့ တရုတ်ဝန်ကြီးချုပ် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ပြောဆိုကြောင်း စစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေမှာဖော်ပြပါတယ်။
တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို ထောက်ခံပြီး မြန်မာနိုင်ငံရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း ဆန္ဒပြုကူညီနိုင်မှာဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်း ဆောင် မင်းအောင်လှိုင်ကိုပြောဆိုခဲ့တာလို့ စစ်ကောင်စီကဖော်ပြပါတယ်။
အာဏာသိမ်းကာလ လေးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ်သွားရောက်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း မနေ့က တရုတ်ဝန်ကြီးချုပ်လီချန်နဲ့ ကူမင်းမြို့မှာတွေ့ဆုံခဲ့တာပါ။
အဲ့ဒီတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေး၊နယ်စပ်ဒေသတွေတည်ငြိမ်ရေး၊တရုတ်မြန်မာနယ်စပ်ဒေသဖြစ်တဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေအရေး၊ညီနောင်မဟာမိတ်သုံးဖွဲ့ဦးဆောင်တဲ့ ရှမ်းမြောက်တိုက်ပွဲတွေအရေး စတာတွေ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒါပေမဲ့ တရုတ်အစိုးရပိုင် သတင်းဌာနတခုဖြစ်တဲ့ ဆင်ဟွာ သတင်းဌာနရဲ့ မနေ့က တွေ့ဆုံမှုအကြောင်းဖော်ပြချက်မှာတော့ တရုတ်ဝန်ကြီးချုပ်က စစ်ခေါင်းဆောင်ကို ရွေးကောက်ပွဲအောင်မြင်ရေး ကူညီမယ့်အကြောင်း ပြော ဆိုခဲ့တယ်ဆိုတာ ဖော်ပြတာမတွေ့ရပါဘူး။
“မြန်မာနိုင်ငံကို နိုင်ငံရေးပြန်လည်ရင်ကြားစေ့ရေးနှင့် အသွင်ကူးပြောင်းရေး တိုးတက်မှုရှိစေရန် ထောက်ခံသလို အရည်အသွေးမြင့် ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်မှု တည်ငြိမ်စွာအဆင့်မြှင့်တင်ရေးအတွက် မြန်မာနိုင်ငံနှင့်အတူ ဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်” လို့ တရုတ်ဝန်ကြီးချုပ်က ပြောဆိုကြောင်း ဖော်ပြထားတာကိုပဲ ဆင်ဟွာ သတင်းဌာနမှာတွေ့ရပါတယ်။
အာဏာစတင်သိမ်းယူချိန်မှာ နှစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့ ဆိုခဲ့ပေမယ့် ခုခံတော်လှန်မှုတွေနဲ့ ကြုံ လာရတဲ့နောက် အရေးပေါ်ကာလကို အကြိမ်ကြိမ်သက်တမ်းတိုးကာ အာဏာဆက်လက်ဆုပ်ကိုင်ထားတဲ့ စစ်ကောင်စီဟာ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ခုနှစ်အတွင်းကျင်းပမယ်လို့ ထုတ်ဖော်ပြောဆိုထားတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ အာဏာသိမ်း စစ်ကောင် စီဟာ ရွေးကောက်ပွဲကျင်းပခွင့်မရှိတာကြောင့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်သလို၊နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို မယုံကြည်ဖို့တိုက်တွန်းထားကြတာပါ။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ အခြေစိုက်ရာ လားရှိုးမြို့အပါအဝင် ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအတွင်းက မြို့တချို့ ထပ်ပြီး လက်လွှတ်ခဲ့ရတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းထိုးစစ်တွေအပြီး နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်ဆို့နေချိန် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လက်ရှိကာလအတွင်း ပထမဆုံး တရုတ်နိုင်ငံ ခရီးစဉ်ပေါ်ပေါက်လာတာဖြစ်ပါတယ်။
နှစ်နိုင်ငံ နယ်စပ်ဒေသက တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေကို ပြစ်တင်ပြောဆိုခဲ့သလို ၁၀၂၇ စစ်ဆင်ရေးနဲ့ပတ်သက်လို့လည်း ညီ နောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA၊TNLA နဲ့ AA တို့ဘက်က စတင်တိုက်ခိုက်တာလို့ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် လပိုင်းအကြာမှာ တရုတ်နိုင်ငံကြားဝင်မှုအရ ပေါ်ပေါက်ခဲ့တဲ့ ဟိုင်ဂင်အပစ်ရပ် သဘောတူညီချက်ကိုလည်း မဟာမိတ်သုံးဖွဲ့ဘက်က စတင်ချိုးဖောက်ခဲ့တာလို့ စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်နဲ့တွေ့ဆုံချိန်မှာ ထပ်မံစွပ်စွဲပါတယ်။
အလားတူ ညီနောင်သုံးဖွဲ့ဘက်ကလည်း ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီဘက်က စတင်ချိုးဖောက်ခဲ့တာလို့ ဆိုထားတာပါ။
MNDAA၊TNLA၊AA တို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တံခါးဖွင့်ထားဆဲဖြစ်ပေမယ့် ငြိမ်းချမ်းရေးကိုလိုလားကြောင်းရှင်း လင်းပြတ်သားတဲ့ လုပ်ဆောင်ချက်ပြသလာမှသာ ဆွေးနွေးမှုဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ မဟာမိတ်တပ်တွေ ဘက်က ထိုးစစ်ဆင်နွှဲလာသမျှမြို့တိုင်းနီးပါး လက်လွှတ်နေရတဲ့ စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်ကို ပြောပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသရှိ လက်နက်ကိုင်တွေအတွက် အထောက်အပံ့ဖြစ်စေတဲ့ တရားမဝင်လုပ်ငန်းတွေ၊ကုန်သွယ် မှုတွေကိုလည်း တိုက်ဖျက်ရှင်းလင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်ကို ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။
တရုတ်မြန်မာ နယ်စပ်ဒေသအားလုံးနီးပါးကို လက်လွှတ်ထားရတဲ့စစ်ခေါင်းဆောင်က နှစ်နိုင်ငံ နယ်စပ်ဒေသ ကုန်သွယ်မှုတွေကို တရားမဝင်ကုန်သွယ်မှုတွေလို့သုံးနှုံးတာတွေ့ရပါတယ်။အလားတူ ညီနောင်သုံးဖွဲ့နဲ့ ဆက် လက်ဆွေးနွေးဖို့ တံခါးဖွင့်ထားဆဲလို့ဆိုပေမယ့် လက်ကိုင်အကြမ်းဖက်သမားတွေလို့ သုံးနှုံးတာလည်း တွေ့ရ ပါတယ်။
မကြာသေးခင်က တနှစ်ပြည့်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ် ဒေသအများစုအပြင် ကချင်၊ စစ်ကိုင်း၊ ချင်းနဲ့မန္တလေးတိုင်းတို့အတွင်းက မြို့ပေါင်း ဆယ်နဲ့ချီ လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီဟာ လက်ရှိမှာ နိုင်ငံတဝန်းဒေသအနှံ့ စစ်ဘက်၊အရပ်ဘက် နေရာမရွေး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာပါ။