၁၀၂၇ စစ်ဆင်ရေးတနှစ်ပြည့်မှာ စစ်ကောင်စီက ရှမ်းမြောက်မြို့နယ်လေးခုနဲ့ စစ်ကိုင်းတိုင်း ဘုတလင်မြို့ နယ်တို့ကို ဗုံးကြဲတိုက်ခိုက်

Photo – MNDAA (ပုံစာ – စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုဆကြာင့်
လောက်ကိုင်နဲ့သိန္နီမြို့တွင်းထိခိုက်ပျက်စီးထားတဲ့အဆောက်အအုံများ)

အောက်တိုဘာ၊ ၂၈

အာဏာသိမ်းစစ်တပ်ကို အကြီးအကျယ်အထိနာစေပြီး မြို့တွေအများအပြား စတင်လက်လွှတ်ရစေတဲ့ ၁၀၂၇ စစ်ဆင်ရေးတနှစ်ပြည့်တဲ့ မနေ့က စစ်ကောင်စီက ရှမ်းမြောက်မြို့နယ်လေးခုနဲ့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တို့ မှာ မနက်အစောပိုင်းကနေ ညပိုင်းအထိ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်းနှစ်ခုအတွင်း စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ ရှမ်းမြောက်မြို့တွေဖြစ်တဲ့ လောက်ကိုင်၊နမ့် ခမ်း၊သိန္နီ၊နောင်ချိုတို့မှာ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်တွေနဲ့ MNDAA၊TNLA တို့ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကတည်းက သူတို့လက်လွှတ်လိုက်ရတဲ့ နမ့်ခမ်း၊ လောက်ကိုင်နဲ့ သိန္နီ မြို့တွေကို မနေ့က မနက်အစောပိုင်းနဲ့ညပိုင်းတွေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရသူ တချို့ရှိတယ်လို့ MNDAA နဲ့ TNLA တို့က ထုတ်ပြန်ထားပါတယ်။

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားရာ လောက်ကိုင်နဲ့ သိန္နီမြို့တွေ မနေ့က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပေမယ့် လောက်ကိုင်မှာ အရပ်သားလေးဦးမစိုးရိမ်ရ ဒဏ်ရာတွေ ရခဲ့ပြီး သိန္နီမှာတော့ လူထိခိုက်မှုမရှိဘူးလို့ MNDAAကပြောပါတယ်။

စစ်ကောင်စီဟာ လောက်ကိုင်မြို့တွင်းလူနေရပ်ကွက်တွေထဲ ဗုံးသုံးလုံးထက်မနည်း၊သိန္နီမြို့တွင်းကိုလည်း ပေါင် ချိန်များတဲ့ ဗုံးအများအပြားကြဲချခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် လောက်ကိုင်မြို့က ဟိုတယ်အဆောက်အအုံအပါအဝင် အစားအစာရောင်းဝယ်တဲ့ နေ ရာက အဆောက်အအုံတွေ၊လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့သလို သိန္နီမြို့မှာလည်း ခရစ်ယာန်ဘုရားကျောင်း အပါ အဝင် ဒေသဆိုင်ရာ အရပ်ဘက် အဆောက်အအုံတွေပျက်စီးခဲ့တယ်လို့ MNDAA က အသိပေးထုတ်ပြန်ထားပါ တယ်။

“ထွေအုပ်ရုံးထဲလည်းကျတယ်၊ထွေအုပ်ရုံးနားက အိမ်တွေရော၊ကချင်ကျောင်း(ခရစ်ယာန်ကျောင်း)ကတော့ကုန်ပြီ” လို့ သိန္နီဒေသခံ စစ်ရှောင်တဦးက DNAကိုပြောပါတယ်။

စစ်ကောင်စီဟာ သိန္နီနဲ့ နောင်ချိုမြို့တွေထဲကို မနေ့ကညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နောင်ချိုမြို့တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦးထက်မနည်း ထိခိုက်မှုရှိတဲ့အပြင် နေအိမ်အဆောက်အအုံတွေ လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

နမ့်ခမ်းနဲ့ နောင်ချိုမြို့တွေဟာ တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့မြို့တွေဖြစ်ပြီး မနေ့က မနက်ပိုင်း နမ့်ခမ်းမြို့ နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုသုံးကြိမ်လုပ်ခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပေမယ့် နောင်ချိုလေကြောင်းတိုက်ခိုက်မှုကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။

အလားတူ စစ်ကောင်စီဟာ မနေ့က စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မြောက်ပိုင်းက ရွာသုံးရွာကိုလေကြောင်း တိုက်ခိုက်မှုလုပ်ခဲ့သလို မြေပြင်မှာလည်း စစ်ကြောင်းပြန်ထိုးနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြော ကြပါတယ်။

စစ်ကောင်စီစစ်ကြောင်း တခုလုံးပြုတ်အောင်တိုက်ခိုက်ခံခဲ့ရတဲ့တိုက်ပွဲအပြီး ဘုတလင်နယ်မှာ စစ်ကောင်စီက အင် အားဖြည့်ကာ နယ်လှည့်စစ်ကြောင်းထိုးမှုတွေပြန်လုပ်နေတာဖြစ်ကာ အဲ့ဒီလိုတုံ့ပြန်စစ်ကြောင်းထိုးမှုအတွင်း အိမ် ခြေရာချီ မီးရှို့ခံရပြီး လူနှစ်ဒါဇင်လောက်သတ်ဖြတ်ခံခဲ့ရတယ်လို့ NUG ကပြောထားပါတယ်။