ဗုဒ္ဓဘာသာဘုန်းကြီးတွေက စီးပွားရေးလုပ်ငန်းတွေမှာပါ ဩဇာလွှမ်းမိုးနိုင်သလား

အောက်တိုဘာ၊ ၂၅

ဗုဒ္ဓဘာသာဘုန်းကြီး (ရဟန်း)တပါးက  အငြင်းပွားမှုတခုမှာ ပါဝင်ပတ်သက်နေတာဟာ ပထမဆုံးအကြိမ်မဟုတ်သလို၊ နောက်ဆုံးအကြိမ် ဖြစ်မှာလည်းမဟုတ်ပါဘူး။ 

ဗုဒ္ဓမြတ်စွာဘုရား လက်ထက်ကတည်းက သမိုင်းတစ်လျှောက်မှာ အငြင်းပွားဖွယ်ရာ ဇာတ်လမ်းတွေ ပေါ်ထွက်ခဲ့ဖူးပါတယ်။ အခုတစ်ကြိမ်မှာလည်း ထိုင်းနိုင်ငံရဲ့ ကျော်ကြားတဲ့ ဘုန်းကြီး  ဝေါ် ဝါချီရာမစ်ထီ (V Vajiramedhi) နဲ့  The iCon Group (ထိုင်းအွန်လိုင်းအရောင်းအဝယ် ကုမ္ပဏီ) ဝန်ထမ်းတွေကို ဟောကြားခဲ့တဲ့  သူရဲ့တရားတော်နဲ့ ပတ်သတ်လို့ အပြင်းအထန်ငြင်းခုံမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ 

ကုမ္ပဏီဝန်ထမ်းတွေကို ဟောကြားခဲ့တဲ့ အဆိုပါဘုန်းကြီးရဲ့ တရားတော်ဟာ ဗုဒ္ဓရဲ့ အဆုံးအမကို ချိုးဖောက်ခြင်း ရှိ၊ မရှိကို လူအများက မေးခွန်းထုတ်နေကြပါတယ်။

သားကောင်တွေကို မက်လုံးပေးဆွဲဆောင်ဖို့အတွက် အငြင်းပွားဖွယ်ရာလုပ်ငန်းကို ကြော်ငြာတာ ဒါမှမဟုတ် ထောက်ခံအားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆရာတော်ကို တရားစွဲဖို့ နာမည်ကြီး ရှေ့နေတစ်ဦး အပါအဝင် တခြားသူတွေက သုံးသပ်နေကြပါတယ်။

The iCon Group အရှုပ်တော်ပုံတွေနဲ့ ပတ်သတ်လို့ ထိုင်းနိုင်ငံမှာ လူအများအပြား စိတ်ဝင်စားနေကြပြီး  ဆရာတော်  ဝေါ် ဝါချီရာမစ်ထီ အပါအဝင် ဒီကိစ္စမှာပါဝင်ပတ်သက်နေတဲ့ အနုပညာရှင်တွေကိုလည်း အာရုံစိုက်လာခဲ့ပါတယ်။ 

ကုမ္ပဏီနဲ့ ဆက်စပ်နေတဲ့ အနုပညာရှင်တွေနဲ့အတူ “ချမ်းသာဖို့အတွက် လျှို့ဝှက်ချက်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ တရားစခန်းမှာ တရားဟောခဲ့တဲ့  ဆရာတော်ကိုလည်း စစ်ဆေးနေပါတယ်။ 

အခုအခါတော့ ဘုန်းကြီးတွေဟာ “influencers” တွေလားဆိုပြီး ဆိုရှယ်မီဒီယာအသုံးပြုသူတွေ အကြား မေးခွန်းထုတ်နေကြပါတယ်။ 

 စီးပွားရေးလုပ်ငန်းတွေကို ထောက်ခံအားပေးတဲ့ သရုပ်ဆောင်တွေကို တရားစွဲဆိုမယ်ဆိုရင် သံဃာတော်တွေဟာလည်း တာဝန်ခံသင့်ပါသလား။

ဘုန်းကြီးတွေဟာ ဗုဒ္ဓဘာသာစတင်ပေါ်ထွန်းချိန် ကတည်းက ဩဇာလွှမ်းမိုးမှုကြီးမားကြပါတယ်။ ဩဇာအရှိန်အဝါရှိတဲ့ ဘုန်းတော်ကြီးမရှိရင် ဗုဒ္ဓဘာသာပြန့်ပွားမှာမဟုတ်ပါဘူး။ ပထမဆုံးရဟန်းဖြစ်တဲ့ ဂေါတမက ဉာဏ်အလင်းပွင့်ပြီး သူ့ရဲ့အဆုံးအမ တရားတော်ကို ပြန့်ပွားစေခဲ့ပါတယ်။

ဗုဒ္ဓက ဘုန်းကြီးတိုင်းကို ခေတ်မီအဆင့်မြင့်မားကတ်တင်း (MLM) ပုံစံအလားတူ နောက်လိုက်နောက်ပါ သံဃာသစ်တွေကို “စုဆောင်း” ဖို့ ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် စည်းစိမ်ဥစ္စာတွေထက် ဆင်းရဲခြင်းကနေ လွတ်မြောက်ဖို့အတွက် ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို အာရုံပြုဖို့ဖြစ်ပါတယ်။

မြတ်စွာဘုရားက တောင်အာရှတစ်ခွင် သာသနာတော် ပြန့်ပွားရေးအတွက် တစ်ပါးတည်း ကြွချီလို့ မရနိုင်တာကြောင့် သာသနာတော် ပြန့်ပွားရေးအတွက် ပင့်ဆောင်လာတဲ့ ရဟန်းတော်တွေကို  အားကိုးအားထားပြုခဲ့ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ တဖြည်းဖြည်း ဩဇာလွှမ်းမိုးလာကြပါတယ်။ ဒါပေမယ့် ဘယ်လိုစနစ်မျိုးမှာမဆို “အကောင်း” နဲ့ “အဆိုး” ဒွန်တွဲနေကြပါတယ်။ သူတော်ကောင်းတို့က ဗုဒ္ဓအဆုံးအမကို လက်ကိုင်ပြုထားပြီး သူယုတ်မာတွေကတော့ သာသနာတော်အတွက် ယုံကြည်မှုကို ညှိုးနွမ်းစေပါတယ်။ 

ဓမ္မလမ်းညွှန်မှု ဒါမှမဟုတ် စီးပွားရေးအရထောက်ခံမှုလား

ဆရာတော် ဝေါ် ဝါချီရာမစ်ထီ ကိစ္စကလည်း ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ အခန်းကဏ္ဍကို ပြန်လည်ဆင်ခြင်သုံးသပ်ဖို့ အခွင့်အရေးပေးနေပါတယ်။ 

ဘုန်းကြီးအများအပြားက ဗုဒ္ဓဘာသာကို မြှင့်တင်ဖို့နဲ့ ဗုဒ္ဓဘာသာဝင်တွေကို လှုံ့ဆော်ပေးရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပေမဲ့ စစ်မှန်တဲ့ ဓမ္မလမ်းညွှန်မှုနဲ့ စီးပွားရေးအရ ထောက်ခံအားပေးမှုတွေအကြား စည်းခြားထားဖို့ အရေးကြီးပါတယ်။

တကယ့်ပြဿနာကတော့ သူ့ရဲ့တရားဟောပြောချက်တွေက ဗုဒ္ဓရဲ့အဆုံးအမနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ဆိုတာပါပဲ။

ဆရာတော် ဝေါ် ဝါချီရာမစ်ထီရဲ့ တရားဟောပြောချက်ထဲမှာ တရားနာပရိသတ်ကို အွန်လိုင်းအရောင်းလုပ်ငန်းကနေ စည်းစိမ်ဥစ္စာရှာဖွေဖို့ အားပေးခဲ့တဲ့ရုံသာမက iCon Group ကုမ္ပဏီ နာမည်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီလုပ်ရပ်က ဗုဒ္ဓဘာသာအရကျင့်ဝတ် ချိုးဖောက်မှု ရှိ၊ မရှိ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ 

“ဗုဒ္ဓဘာသာကျင့်ဝတ်တွေကို ဖောက်ဖျက်တာက လောကီဥပဒေတွေကို ချိုးဖောက်တာလို့ အဓိပ္ပါယ်မထွက်ပါဘူး။”  ဒါပေမဲ့ ဆရာတော်အနေနဲ့ သိရက်နဲ့ လူတွေကို မသမာတဲ့အစီအစဉ်တခုထဲကို ဝင်လာအောင် လိမ်လည်ဖြားယောင်းမှုခဲ့မယ်ဆိုရင်တော့ ဥပဒေကို ချိုးဖောက်တာဖြစ်ပါလိမ့်မယ်။

သြဇာကြီးမားတဲ့ ရဟန်းတော်တွေက သာမန်လူတွေအတွက် ရှုပ်ထွေးတဲ့ ဗုဒ္ဓအဆုံးအမတွေကို ရိုးရှင်းပြီး လက်တွေ့ကျတဲ့ သင်ခန်းစာတွေအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ဥပမာအနေနဲ့ ဗုဒ္ဓက သာသနာတော်ဟာ ရုပ်ပိုင်းဆိုင်ရာ အကျိုးရှိရုံသာမက စိတ်ပိုင်းဆိုင်ရာအရ ပြည့်စုံမှုရှိတယ်လို့ ဟောကြားခဲ့ပါတယ်။

“အလုပ်က မိမိတို့ဘဝအတွက် မရှိမဖြစ်လိုအပ်ပေမဲ့ ဒါကို ရှင်းလင်းပြီး ပွင့်လင်းတဲ့စိတ်နဲ့ ချဉ်းကပ်ဖို့ အရေးကြီးပါတယ်။ အနှောင့်အယှက်နဲ့ တွယ်တာမှုတွေကနေ ကင်းဝေးပြီး လွတ်လပ်တဲ့ နှလုံးသားနဲ့ လုပ်ဆောင်တာက မိမိတို့ရဲ့လုပ်ပ်ငန်းမှာ ပျော်ရွှင်မှုနဲ့ ပြည့်စုံမှုကို ရရှိနိုင်ပါတယ်။ ဒါက ပိုကောင်းတဲ့ရလဒ်တွေနဲ့ ပိုပြီးအဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို ဖြစ်ပေါ်စေနိုင်ပါတယ်” လို့ ဗုဒ္ဓက မိန့်ဆိုခဲ့ဖူးပါတယ်။

ကျင့်ဝတ်နဲ့ညီတဲ့ ရဟန်းက ဗုဒ္ဓသာသာနာကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြန့်ပွားစည်ပင်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဩဇာလွှမ်းမိုးသူတွေက တဆင့် ထုတ်ကုန်တခုလို အသိအမှတ်ပြုခံရအောင် လုပ်ဆောင်နိုင်ပါတယ်။ 

နာမည်ကျော် ထိုင်းဘုန်းကြီးတွေဖြစ်ကြတဲ့  လွန် ပု ချာ နဲ့ ပေါလ်အော ပရာယုတော အပါအဝင် ထင်ရှားကျော်ကြားတဲ့ ရဟန်းတော်တွေက အနောက်နိုင်ငံတွေမှာ ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ကြပါတယ်။ 

သူတို့ရဲ့ တရားဓမ္မ အဆုံးအမတွေကို ဘာသာစကားမျိုးစုံနဲ့ ဘာသာပြန်ဆိုခဲ့ပြီး တပည့်သာဝကတွေကနေ တဆင့် ဆက်လက်ပြန့်ပွားအောင်လုပ်ခဲ့ပါတယ်။

အဆိုပါဆရာတော်တွေဟာ အခုလို အငြင်းပွားဖွယ်ရာတွေကို ရှောင်ကြဉ်ခဲ့ပါတယ်။ သူတို့ရဲ့ဘဝတစ်လျှောက်လုံး တရားဓမ္မပြန့်ပွားရေးကိုသာ အာရုံစိုက်ပြီး စီးပွားဖြစ်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ဖိတ်ကြားချက်တွေကို လက်ခံတယ်ဆိုတာ မရှိသလောက်ပါပဲ။

iCon Group နဲ့ပတ်သက်ပြီး ဆရာတော် ဝေါ် ဝါချီရာမစ်ထီ ပါဝင်ပတ်သက်မှုအပေါ်မှာ လက်ခံနိုင်စရာရှိပါသလားဆိုတဲ့အချက်ကလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ 

အခုလို ဥပဒေရေးရာနဲ့ လူမှုအသိုင်းအဝိုင်းအကြား ငြင်းခုံမှု ရလဒ်တွေက မသေချာသေးပါဘူး။ ဒါပေမယ့် ဩဇာကြီးမားတဲ့ ဘာသာရေးပုဂ္ဂိုလ်တဦးအနေနဲ့ ဒီစိစစ်မှုကနေ လွတ်မြောက်နိုင်မှာမဟုတ်ပါဘူး။ 

ဒီကိစ္စမှာ နာမည်ကြီးသူဌေးတွေ (Boss Dara) အပါအဝင် သြဇာရှိသူတွေဟာ လူများစွာထိခိုက် ပျက်စီးစေနိုင်တဲ့ လုပ်ငန်းတခုကို ထောက်ခံအားပေးကြသူတွေအဖြစ် စွပ်စွဲခံထားရပါတယ်။  

အဆိုပါ ကျော်ကြားသူတွေဟာ အပြစ်မရှိဘူးလို့ ယူဆကြရင်တောင် သူတို့ရဲ့ ဂုဏ်သိက္ခာတွေကတော့ အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။

ဆရာတော် ဝေါ် ဝါချီရာမစ်ထီရဲ့ တရားဟောပြောချက်တွေက အဆိုပါအငြင်းပွားဖွယ် စီးပွားရေးကို သွယ်ဝိုက်ပြီး မြှင့်တင်ပေးသလို ဖြစ်တာကြောင့် လူအများအပြား ဒုက္ခရောက်စေတာဖြစ်လို့ ဆရာတော်ဟာလည်း တစိတ်တပိုင်း တာဝန်ရှိတယ်လို့ ဝေဖန်သူတွေက စောဒကတက်ကြပါတယ်။ 

ထိုင်းဘုန်းတော်ကြီး အဂျာ စူချက် အဘိရှတိုက “အဝါရောင်သင်္ကန်းမပါဘဲ ဘယ်သူမဆို ဘုန်းကြီးဖြစ်နိုင်ပါတယ်။ အဝါရောင်သင်္ကန်းဝတ်တဲ့သူတိုင်းကလည်း တကယ့်ဘုန်းကြီးမဖြစ်နိုင်ပါဘူး” လို့ပြောခဲ့ဖူးပါတယ်။

ကာလမသုတ္တန်မှာပါတဲ့ ဒီကိုးကားချက်မှာတော့ အသွင်အပြင်က လှည့်ဖြားနိုင်တာကြောင့် ပိုင်းခြားသိမြင်မှုကို လေ့ကျင့်ဖို့ သတိပေးထားပါတယ်။ ဘုန်းကြီးဖြစ်စေ၊ ကျော်ကြားတဲ့သူဖြစ်စေ တစုံတရာတောင်းဆိုမှုပြုတဲ့အခါမှာ မျက်စိစုံမှိတ်မယုံကြည်ဖို့နဲ့ လက်မခံမီ အမှန်တရားရှာဖွေဖို့၊ ဝေဖန်ပိုင်းခြားတတ်ဖို့ ဒီသုတ္တန်က သွန်သင်ညွှန်ပြပေးထားပါတယ်။

ဆရာတော် ဝေါ် ဝါချီရာမစ်ထီနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေက ဒီကနေ့ကမ္ဘာမှာ ဘာသာရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကို ဆင်ခြင်သုံးသပ်ဖို့ အခွင့်အရေးတခုပေးပါတယ်။ 

ဘုန်းကြီးတွေနဲ့ တခြားဓမ္မပုဂ္ဂိုလ်တွေဟာ ဩဇာလွှမ်းမိုးနိုင်ပေမဲ့ သူတို့ရဲ့ လုပ်ရပ်တွေနဲ့  သွန်သင်မှုတွေကို ဂရုတစိုက် အကဲဖြတ်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အသိဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်တွေချဖို့ တာဝန်က လူတဦးချင်းစီမှာသာ တည်ရှိတာ ဖြစ်ပါတယ်။

(Thai PBD World သတင်းဌာနက ဖော်ပြပြီး Veena Thoopkrajae ရေးသားသည့် အတွေးအမြင်ဆောင်းပါး “Can influencers of Buddhism influence businesses as well?” ကို DNA က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)