လက်နက်ကိုင်အဖွဲ့တခု ဖမ်းသွားတဲ့ လောင်းလုံးက အမျိုးသမီးတဦး နှစ်ပတ်ကြာတဲ့အထိ သတင်းအစအနမရ

Photo – DDMSC (ပုံစာ – အဖမ်းခံထားရတဲ့ ဒေါ်ခင်နှောင်း)

အောက်တိုဘာ၊ ၂၃

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာကနေ အောက်တိုဘာ ၁၀ ရက်နေ့မှာ လက်နက်ကိုင် တပ်ဖွဲ့ တခုက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမျိုးသမီးကြီးတဦး နှစ်ပတ်အကြာ ဒီကနေ့အထိ သတင်းအစအန မရသေး ဘူးလို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

“သတ်လိုက်ပြီဆိုလည်း အလှူအတန်းလေး လုပ်ပေးချင်တာပေါ့၊ အခုက ဘာသတင်းမှမရဘူး၊ ဘယ်မှာမှလည်း စုံစမ်းလို့မရဘူး” လို့ အဖမ်းခံရသူနဲ့ နီးစပ်တဲ့ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။

အဖမ်းခံရသူဟာ အသက် ၅၀ အရွယ် ဒေါ်ခင်နှောင်းဆိုသူ အမျိုးသမီးဖြစ်ပြီး မောင်းမကန်ရွာရှိ လေသာ ဘုန်း ကြီးကျောင်းမှာ ဆွမ်းချက်ဖို့အသွား လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦးက လမ်းမှာ ဆိုင်ကယ်နဲ့ လာဖမ်းသွား တယ်လို့ သိရပါတယ်။

ဒေါ်ခင်နှောင်းနဲ့ နီးစပ်သူတွေကတော့ စစ်ကောင်စီသတင်းပေးလုပ်တယ်ဆိုပြီး တိုင်ကြားမှုတွေရှိလို့ လက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲ့တခုက အခုလို လာရောက်ဖမ်းဆီးသွားတာလို့ သတင်းရရှိကြောင်း ဆိုကြပါတယ်။

“သူတို့အိမ်က ရဲစခန်းဘေးမှာ၊ ရဲတွေနဲ့လည်းခင်တော့ ဟိုဟာဝယ်ခိုင်း ဒီဟာဝယ်ခိုင်းဆို ဝယ်ပေးတာတွေ လည်းရှိတယ်၊ ရွာကလူတွေ ရဲစခန်းထောက်ခံစာလိုရင်လည်း သူကူညီပေးတာ၊ အဲဒါကိုပဲ အမြင်စောင်းကြ တာလားမသိဘူး၊ ဒလန်လုပ်တာမျိုးမရှိဘူးဆိုတာကိုတော့ အာမခံရဲပါတယ်” လို့ ဒေါ်ခင်နှောင်းနဲ့ နီးစပ်တဲ့ အ ထက်ပါ အမျိုးသမီးက ပြောပါတယ်။

မောင်းမကန်ရွာခံတချို့ကတော့ ဒေါ်ခင်နှောင်းကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) လက် အောက်ခံ ဇုန် (၁) က တပ်ဖွဲ့ဝင်တွေ ဖမ်းသွားတယ်လို့ ပြောကြသလို ဗထူးတပ်မတော်က ဖမ်းဆီးသွားတယ် လို့လည်း ပြောဆိုမှုတွေရှိကြပါတယ်။

ဒါပေမယ့် မောင်းမကန်ရွာတဝိုက် လှုပ်ရှားမှုရှိတဲ့ အဲဒီနှစ်ဖွဲ့စလုံးကတော့ ဒေါ်ခင်နှောင်းကို သူတို့ဖမ်းဆီး ထားတာမဟုတ်ဘူးလို့ DNA ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

“ဒေါ်ခင်နှောင်းကိစ္စက လောင်းလုံး ပကဖ နဲ့မဆိုင်ဘူး၊ ဒီကိစ္စက ဘယ်အဖွဲ့က (လုပ်တာ)မှန်းကို မပြောတတ် သေးဘူး၊ ဒေသခံတွေကိုယ်တိုင်ကလည်း အဖွဲ့အစည်းတခုခုကနေ လာဖမ်းသွားတယ်လို့ပဲ သိလိုက်တာ” လို့ လောင်းလုံး ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက DNA ကို ပြောပါတယ်။

DNA အနေနဲ့ကတော့ မောင်းမကန်ရွာတဝိုက် လှုပ်ရှားတဲ့ တခြားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တချို့ကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်လည်ဖြေကြားတာတော့ မရှိသေးပါဘူး။

ဒေါ်ခင်နှောင်းအနေနဲ့ ကျန်းမာရေးမကောင်းတော့တဲ့ အသက် ရှစ်ဆယ်ကျော်အရွယ် မိဘနှစ်ပါးကို ပြုစုနေရ သူဖြစ်ပြီး မိဘနှစ်ပါးအပြင် အသက် ၁၁ နှစ်အရွယ် အငယ်ဆုံးသားဖြစ်သူတို့နဲ့အတူ နေထိုင်ကြတာလို့ သိရပါ တယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)ကတော့ ဒေါ်ခင်နှောင်းကို ဖမ်းဆီးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ဖမ်းဆီးရတဲ့အကြောင်းအရင်း၊ ဖမ်းဆီးထားတဲ့အခြေအနေတို့ကို လူသိရှင်ကြား ထုတ်ပြောပေးဖို့ တောင်းဆိုကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒေါ်ခင်နှောင်းအနေနဲ့ ပြစ်မှုကျူးလွန်ထားကြောင်း ခိုင်လုံတဲ့သက်သေအထောက်အထားတွေ တွေ့ရှိရပါ က ထိုက်သင့်တဲ့ ပြစ်ဒဏ်ကိုသာပေးဖို့နဲ့ သတ်ဖြတ်တာမျိုးမလုပ်ဖို့ကိုလည်း DDMSC က တောင်းဆို ထားပါ တယ်။

“အပြစ်လုပ်ထားတယ်လို့ သက်သေမရှိရင်တော့ ချက်ချင်းပြန်လွှတ်ပေးပေါ့ဗျာ၊ စွပ်စွဲချက်တခုတည်းနဲ့ ဖမ်းဆီး ပြီး လက်လွတ်စပယ်လုပ်လိုက်တာမျိုးက တော်လှန်ရေးအပေါ် လူထုထောက်ခံမှု၊ လူထုယုံကြည်မှုတွေ အမှန် တကယ်ကျဆင်းစေပါတယ်၊ သတင်းအစအနမရတာ နှစ်ပတ်တောင်ရှိပြီဆိုတော့ အသက်အန္တရာယ် စိုးရိမ် ရတဲ့ အထိ ဖြစ်နေပြီ” လို့ DDMSC ကော်မတီဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် လက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကိုယ့်ရဲ့ လှုပ်ရှားရာဒေသ တွေ မှာ ဖြစ်နေတဲ့ အခုလိုဖြစ်ရပ်တွေအတွက် အမှန်တရားပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ်ပေးကြဖို့ကိုလည်း DDMSC က တိုက်တွန်းထားပါတယ်။

DDMSC ဟာ လက်ရှိအချိန်ထိ ထားဝယ်ခရိုင်အတွင်း သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ အဖွဲ့တခုဖြစ်ပြီး စစ် ကောင်စီတပ်ရဲ့ ရာဇဝတ်ကျူးလွန်မှုတွေအပြင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကနေ အရပ်သားတွေကို ဒလန်လုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကိုပါ ဆန့်ကျင်ကန့်ကွက်ကြောင်း မကြာခဏ ထုတ် ဖော်ပြောဆိုလေ့ရှိပါတယ်။

တော်လှန်ရေးလှုပ်ရှားမှုတွေအားကောင်းတဲ့ လောင်းလုံးမြို့နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တနှစ်အတွင်းမှာပဲ စစ်ကောင်စီသတင်းပေးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား ဆယ်ဦးထက်မနည်းရှိခဲ့ပြီး ဒေသခံတွေကတော့ တချို့သတ်ဖြတ်မှုတွေအပေါ် ဆန့်ကျင်ကန့်ကွက်တာတွေရှိခဲ့ပါတယ်။

အဲဒီလို အရပ်သားတွေအပေါ် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး အဲဒီအချိန်က လောင်းလုံး ပကဖ တာဝန်ခံနဲ့ ဒုတာဝန်ခံဖြစ်သူတို့ နှစ်ဦးကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် စစ်ဆေးနေစဥ်အတွင်းမှာပဲ တာဝန်ကနေ နှုတ်ထွက်လိုက်ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုအခြေအနေ ဘယ်လိုရှိလဲဆိုတာ အတိအကျ မသိရပေမယ့် သူတို့နှစ်ဦးစလုံးက တော့ ဒေသအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တွေမှာ တာဝန်ယူ လှုပ်ရှားနေကြပါတယ်။