ချစ်သူမိန်းကလေးကိုပစ်သတ်ခဲ့တဲ့ PDF ဒုတပ်ခွဲမှူးကို NUG က ထောင်ဒဏ်ဆယ်နှစ်ချမှတ်

အောက်တိုဘာ ၊ ၂၃

သမီးရည်းစားချင်းစကားများရာက ချစ်သူမိန်းကလေးကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ PDF ဒုတိယတပ်ခွဲမှူးကို စစ် ဆေးကြားနာမှုတွေပြုလုပ်ပြီးနောက် အလုပ်ကြမ်းနဲ့ထောင်ဒဏ်ဆယ်နှစ် ချမှတ်လိုက်တယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ဟံလင်းတိုက်နယ် သခွတ္တောကျေးရွာမှာ အခုနှစ် ဖေဖော်ဝါရီ ၂၆ရက်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ခြောက်လကြာ တရားရေးဆိုင်ရာ စစ်ဆေးကြားနာမှုတွေပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၁ရက်မှာ ထောင်ဒဏ်ဆယ်နှစ်အမိန့်ချမှတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွေဘိုခရိုင်တပ်ရင်း(၂)၊တပ်ခွဲ(၁)က ဒုတပ်ခွဲမှူး ပြည့်ထွန်းနိုင်(ခ)လင်းစေဟာ သခွတ္တောကျေးရွာမှာနေထိုင်တဲ့ အသက် ၂၂နှစ်အရွယ်အမျိုးသမီးတဦးကို ဖေဖော်ဝါရီ ၂၆ရက် ညနေပိုင်းက အဲ့ဒီ အမျိုးသမီးရဲ့ နေအိမ်မှာ ပစ်သတ်ခဲ့တာပါ။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး “သမီးရည်းစားချင်းစကားများကြရာမှ ရဲဘော်ပြည့်ထွန်းနိုင်က သေနတ်ဖြင့် တချက် တည်း ပစ်သတ်ခဲ့ခြင်းဖြစ်သည်”လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာဖော်ပြသလို ဒေသခံတွေက လည်း အလားတူ ပြောထားကြပါတယ်။

PDF ဒုတပ်ခွဲမှူး ပြည့်ထွန်းနိုင်ဟာ ချစ်သူ အမျိုးသမီးဖြစ်သူကို ပစ်သတ်ခဲ့ပြီးနောက် အဲ့ဒီနေ့မှာပဲ သူ့ရဲ့အထက် အ ရာရှိတွေကို ဆက်သွယ်အကြောင်းကြားပြီး အဖမ်းခံခဲ့တယ်လို့လည်း ရွှေဘိုခရိုင် တပ်ရင်း(၂)တာဝန်ရှိသူတွေက အခင်းဖြစ်ချိန်မှာ သတင်းဌာနတွေကို ပြောထားပါတယ်။

အမှုနဲ့ပတ်သက်ပြီး အကျဉ်းစစ်တရားရုံးချုပ်ကို ဧပြီ ၁၉ရက်မှာ ဖွဲ့စည်းတာဝန်ပေးကာ တရားသူကြီးများအဖွဲ့က စစ်ဆေးကြားနာခဲ့ပြီးနောက် အလုပ်ကြမ်းနဲ့ထောင်ဒဏ်ဆယ်နှစ်ကျခံဖို့ အမိန့်ချမှတ်ခဲ့တာလို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စည်းကမ်းသေဝပ်ပြီး ပြည်သူကိုအလုပ်အကျွေးပြုတဲ့ တပ်မတော် တရပ်ဖြစ် လာစေဖို့ ရည်ရွယ်တည်ဆောက်နေသလို လိုအပ်တဲ့ထိန်းကျောင်းမှုတွေလည်း အဆင့်ဆင့်ဆောင်ရွက်နေပြီး တပ် ဖွဲ့ဝင်တွေကျူးလွန်တဲ့ ပြစ်မှုတွေကိုမျှတတဲ့ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။