အောက်တိုဘာ၊ ၂၂
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ဘက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဖမ်းဆီး သွားတဲ့ လူငယ်နှစ်ဦး သတ်ဖြတ်ခံလိုက်ရပြီး ရုပ်အလောင်းတွေကို အောက်တိုဘာ ၂၁ ရက်၊ မနေ့ကမှ တွေ့ရှိရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“နှစ်ယောက်စလုံး လည်ပင်းလှီးခံထားရတာ၊ မျက်လုံးတွေကိုလည်း အဝတ်နဲ့ စည်းထားတယ်၊ အလောင်းတွေ ပြန်တွေ့ရင် ပွနေပြီ”လို့ ရုပ်အလောင်းတွေကို မြင်တွေ့ခဲ့ရသူတဦးက DNA ကို ပြောပါတယ်။
အသတ်ခံရသူ နှစ်ဦးထဲက တဦးကတော့ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူရွာက အသက် ၂၅ နှစ်အရွယ် ကိုမင်းကိုကိုဖြစ်ပြီး နောက်တဦးက ဘယ်သူလဲဆိုတာကိုတော့ ဒေသခံတွေလည်း အတည်မပြုနိုင်ကြ သေးပါ ဘူး။
အင်အားရာချီရှိတဲ့ အဲဒီ စစ်ကောင်စီတပ် စစ်ကြောင်းဟာ အောက်ရေဖြူကျေးရွာနဲ့ အနီးအနားတဝိုက်ကို အောက်တိုဘာ ၁၂ ရက်မှာ စစ်ကြောင်းထိုးခဲ့ပြီး ၁၉ ရက်နေ့ကမှ ပြန်ထွက်သွားခဲ့တာပါ။
ကိုမင်းကိုကိုကတော့ အောက်တိုဘာ ၁၆ ရက်နေ့က သူ့အိမ်အနီးအနားမှာပဲ ဖမ်းဆီးခံခဲ့ရတာပါ။
“စစ်ကြောင်းဝင်လာတော့ ရွာကလူတွေက အကုန်ရှောင်ကြတာ၊ သူက သူ့အဖေနေမကောင်းတော့ ပြုစုဖို့လိုလို့ အိမ်မှာပဲ နေနေတာ၊ သူတို့အိမ်နားမှာ ထပစ်တော့ လန့်ပြီးထွက်ပြေးတာဖြစ်မယ်၊ အဲမှာ ဖမ်းမိသွားတာ” လို့ ကိုမင်းကိုကိုနဲ့ ခင်မင်သူတဦးက DNA ကို ပြောပါတယ်။
သတ်ဖြတ်ခံလိုက်ရသူ လူငယ်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ အောက်ရေဖြူရွာနဲ့ လောင်းလုံးမြို့ကြားရှိ ညင်းမော်ကျေးရွာမှာ တွေ့ရှိခဲ့ရတာဖြစ်ပြီး စစ်ကြောင်းပြန်ထွက်တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကမှ သတ်ဖြတ် ခံလိုက်ရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။
သူတို့ရဲ့ ရုပ်အလောင်းတွေကိုတော့ ဓာတ်ပုံမှတ်တမ်းတချို့ယူထားခဲ့ပြီး အလောင်းတွေ့ရတဲ့ အောက်တိုဘာ ၂၁ ရက်၊ မနေ့ကပဲ မီးရှို့သင်္ဂြိုဟ်ပေးလိုက်ပြီလို့ သိရပါတယ်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့မှာတော့ အောက်တိုဘာ ၁၆ ရက်နေ့မှာ အောက်ရေဖြူရွာအနီး လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းစဥ် ရုပ်အလောင်းနှစ်လောင်း၊ HK-33 သေနတ်တလက်နဲ့ တခြားစစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းဖော် ပြခဲ့ကြပါ တယ်။
ဒါပေမယ့် အခုလို သတ်ဖြတ်ခံရတဲ့အထဲပါတဲ့ ကိုမင်းကိုကိုကတော့ သာမန်အရပ်သားဖြစ်တယ်လို့ ဒေသခံတွေ က DNAကိုအတည်ပြုပြောကြပါတယ်။
အလားတူ အောက်တိုဘာ ၁၆ ရက်နေ့မှာပဲ ရှောင်တိမ်းဖို့ ဆိုင်ကယ်နဲ့ ထွက်ပြေးလာတဲ့ အသက် ၃၀ ဝန်းကျင် အ ရွယ်လူငယ်တဦးကို အောက်ရေဖြူရွာနဲ့ ကဒက်ငယ်ထိန်ရွာကြား အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ပြီး သူ့ရဲ့ရုပ်အလောင်းကိုတော့ ရွာခံတွေကပဲ နောက်တရက်မှာ သင်္ဂြိုဟ်ပေးခဲ့ပါတယ်။
ဒါ့အပြင် အဲဒီနေ့မှာပဲ ကဒက်ငယ်ထိန်ရွာထဲ ပစ်ခတ်မှုမှာ ကျန်းမာရေးမကောင်းလို့ အိပ်ယာထဲလဲနေတဲ့ အသက် ၇၀ ကျော်အရွယ် လူမမာအမျိုးသမီးကြီးတဦးလည်း ကျည်ဆန်ထိမှန်ခဲ့ပြီး နောက်တရက်မှာပဲ ကွယ်လွန်သွား ခဲ့ပါတယ်။
အောက်ရေဖြူရွာနဲ့ အနီးအနားတဝိုက်ကို စစ်ကြောင်းထိုးလာတဲ့ အဲဒီစစ်ကောင်စီတပ်တွေဟာ နေအိမ်တလုံးကို လည်း မီးရှို့ဖျက်ဆီးသွားခဲ့ပြီး ဒေသခံ ငါးထောင်လောက်ဟာလည်း စစ်ကောင်စီတပ်ရဲ့ ရန်ပြုမှုကိုစိုးရိမ်လို့ တပတ်လောက် ယာယီတိမ်းရှောင်ခဲ့ရပါတယ်။