
အောက်တိုဘာ၊ ၂၂
မွေးစားမိဘတွေ နှိပ်စက်မှုကြောင့် ဒဏ်ရာတွေရပြီး ကုသမှုခံယူခဲ့ရတဲ့ ပဲခူးတိုင်း အုတ်တွင်းမြို့နယ်က မိန်းက လေးငယ်အမှုနဲ့ပတ်သက်ပြီး တရားရုံးမှာစတင်ကြားနာတော့မှာဖြစ်ပေမယ့် သက်သေထွက်ဆိုလိုသူတွေ ခြိမ်းခြောက်ခံရတာတွေရှိနေတယ်လို့ အမှုကိုလိုက်ပါကူညီပေးနေသူတွေဆီကသိရပါတယ်။
“သက်သေသွားထွက်ဆိုရင် ငါတို့ ဓားနဲ့ခုတ်မယ်တို့ဘာတို့ အဲ့လိုပြောတာမျိုးပေါ့၊ တချို့ကတော့ တိုက်ရိုက်မဟုတ် ရင်တောင်သွယ်ဝိုက်သောအားဖြင့် ဘယ်သူကိုငါတို့ကပိုင်တာ ဘယ်လိုလုပ်ပစ်မယ်ဆိုပြီး သွယ်ဝိုက်သောအားဖြင့် ပြန်ပြောတယ်ဆိုတာ တရားလိုဘက်က သက်သေတွေဘက်ကနေပြန်ပြောတာရှိတယ်”လို့ အဲ့ဒီအမှုကိုကူညီပေးနေတဲ့ တောင်ငူမြို့က ပရဟိတသမား ကိုကျော်သူရက DNAကိုပြောပါတယ်။
လက်ရှိမှာ အမှုကိုစတင်ကြားနာတော့မှာဖြစ်ပေမယ့် ခြိမ်းခြောက်ခံနေရတာတွေကြောင့် တရားလိုဘက်က သက်သေအဖြစ် လာရောက်ထွက်ဆိုပေးဖို့ ဒေသခံတွေအခက်အခဲဖြစ်နေကြပြီး ဒီကနေ့အထိတော့ သက်သေအဖြစ် ထွက်ဆိုပေးဖို့ တိတိကျကျ ကတိပြုထားသူမရှိသေးဘူးလို့လည်း သူကပြောပါတယ်။
“သူတို့အတွက်ကပညာလည်းမတက်ဘူး၊ဒီဆင်းရဲမွဲတေမှုကလည်း အရမ်းများတဲ့နေရာတွေဖြစ်တယ်။ တရားဥပဒေ မစိုးမိုးဘူး၊ မရောက်နိုင်တဲ့ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာဆိုတော့ မြို့ပေါ်လိုမဟုတ်ဘူး”လို့ အမှုစတင်ဖြစ်ပွားရာ ဒေသအခြေအနေကို ကိုကျော်သူရက ရှင်းပြပါတယ်။
အဲ့ဒီအမှုကို အောက်တိုဘာ ၂၃ရက်(မနက်ဖြန်) သက်ဆိုင်ရာ တရားရုံးမှာ စတင်ကြားနာစစ်ဆေးဖို့ ချိန်းဆိုထားတယ်လို့ သိရပါတယ်။
“အမှုအနေအထားဘာညာအားလုံးကတော့ အကုန်လုံးပြင်ဆင်ပြီးသားပါ။ တရားလိုဘက်က သက်သေ ထွက်ဆို မယ့်လူတွေကို ကျွန်တော့်ဆီလာနေဖို့ပြောထားတယ်။နေဖို့စားဖို့ဘာညာ ကျွန်တော်ပေးမယ် စရိတ်စက ပေးမယ်” လို့ ကိုကျော်သူရကပြောပါတယ်။
အုတ်တွင်းမြို့နယ် အနောက်ခြမ်း ပဲခူးရိုးမတောင်ပေါ်ဒေသခံ အသက်လေးနှစ်အရွယ် မိန်းကလေးငယ်တဦးဟာ အမွေ စား၊အမွေခံ မွေးစားခြင်းခံရပြီးနောက် တနှစ်လောက်အကြာမှာ အဖိုး၊အဖွားတွေဆီ ဒဏ်ရာတွေနဲ့ပြန် ရောက်လာတဲ့နောက် အဖိုးဖြစ်သူက မြို့ပေါ်တက် အမှုဖွင့်တိုင်ကြားဖို့ ကြိုးစားခဲ့တာပါ။
တောင်ငူဒေသခံလူမှုကူညီရေး လုပ်ကိုင်သူ ကိုကျော်သူရရဲ့အကူအညီနဲ့ ကလေးငယ်ရဲ့ အခြေအနေကို လူမှုကွန်ရက်ကတဆင့် လူသိများလာခဲ့တဲ့နောက် ကလေးရဲ့မွေးစားမိဘတွေကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး သက်ငယ် မုဒိမ်းမှုအတွက်ပြဌာန်းချက်ပါဝင်တဲ့ ပုဒ်မ ၃၇၆၊ အားပေးကူညီမှုဆိုင်ရာပုဒ်မဖြစ်တဲ့ ပုဒ်မ၁၁၄တို့နဲ့ တရားစွဲဆို ထား တယ်လို့သိရပါတယ်။
မိခင်ဖြစ်သူနေအိမ်ကထွက်သွားပြီးနောက် အဖေ၊အဖိုးအဖွားတို့နဲ့တလှည့်စီအတူနေထိုင်ရင်း မွေးစားမိဘတွေဆီ လွှဲပြောင်းခံရတဲ့ အသက်လေးနှစ်အရွယ် ကလေးငယ်ဟာ ထိုးနှက်ခံရတာ၊ ရေနွေးပူနဲ့ပါးစပ်ထဲ လောင်းထည့်ခံရတာ၊ဓားခုတ်ခံရတာစတဲ့ဒဏ်ရာတွေအပြင် မုဒိမ်းမှုပါကျူးလွန်ခံထားရတယ်လို့ ကလေးငယ်ရဲ့အဖိုးဖြစ်သူက DNA ကိုပြောထားပါတယ်။
အဲ့ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဒေသခံအာဏာပိုင်တွေကတဆင့် တိုင်ကြားဖြေရှင်းဖို့ ကနဦးကြိုးပမ်းခဲ့ပေ မယ့် တရားမျှတမှုမရနိုင်ဘူးလို့ယူဆတာကြောင့် မြို့ပေါ်တက် အကူအညီရှာပြီး ဥပဒေအရ တိုင်ကြားနိုင်ဖို့ကြိုးပမ်းခဲ့တာလို့လည်း အဖိုးဖြစ်သူက ဆိုပါတယ်။
“ကလေး နစ်နာကြေးက လေးသိန်းပေးမယ်ဆိုပြီး ကျွန်တော်တို့ကို လက်မှတ်ထိုးကြတယ်ဗျာ။ ကျွန်တော်က မကျေနပ်နိုင်လို့ သူတို့ငွေကို လက်မခံပဲ (တောင်)အောက်ကိုဆင်းပြီးအမှုဖွင့်ရခြင်းဖြစ်ပါတယ်”လို့သူက ပြောပါတယ်။
အမှုနဲ့ပတ်သက်ပြီး မျှတမှုရတဲ့အထိ ကြိုးစားတယ်လို့ ကလေးငယ်ရဲ့ အဖိုးဖြစ်သူက ဆိုထားသလို လက်ရှိအထိ ကူညီပေးနေတဲ့ ကိုကျော်သူရကလည်း အခက်အခဲတွေရှိနေပေမယ့် မတရားပြုုကျင့်ခံရတဲ့ကလေးတွေအတွက် မျှတမှုရစေချင်တာကြောင့် ဆက်လက်ကူညီပေးနေတာလို့ပြောပါတယ်။
“တိုင်းပြည်ရဲ့ပညာရေးအဆင့်အတန်းနိမ့်ကျမှုဆင်းရဲမွဲတေမှု၊နိုင်ငံရေးမတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှုမရှိမှု၊ ဒါတွေအားလုံးနဲ့သက်ဆိုင်တယ်၊ ပြောရင်တော့အများကြီးပါပဲ၊ ကျွန်တော်ကတော့ ဒီမတရားမှုဘက်ကနေ ကာကွယ်ဖို့ ကလေးတွေဘက်ကနေ ရပ်တည်ကြိုးစားနေပါတယ်”လို့ ကိုကျော်သူရကဆိုပါတယ်။