ကောလင်းမှာ စစ်ကောင်စီဗုံးကြဲလို့ အမျိုးသမီးနှစ်ဦးအပါအဝင် သုံးဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ 

Photo – ကောလင်းခရိုင်တပ်ရင်း ၂

အောက်တိုဘာ၊ ၂၁

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အနောက်ခြမ်း ဥက္ကံကျေးရွာကို စစ်ကောင်စီက ဒီကနေ့တရက်တည်း လေ ကြောင်းကနေ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးနှစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ ရှစ်ဦးလောက် ဒဏ်ရာရသွား တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ 

ဒေသတွင်းမှာတိုက်ပွဲဖြစ်နေတာမရှိဘဲ ဒီကနေ့ မနက်ပိုင်း ဆယ်နာရီခွဲဝန်းကျင်နဲ့ ၁၁နာရီဝန်းကျင်တို့မှာ စစ် ကောင်စီက ဥက္ကံရွာထဲ ဗုံးသုံးကြိမ်လေကြောင်းကကြဲချတိုက်ခိုက်တာကြောင့် ဒေသခံတွေသေဆုံးထိခိုက် ခဲ့တာလို့ ဒေသအခြေစိုက် ကောလင်းခရိုင် PDF တပ်ရင်း(၂)က အသိပေးပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေဟာ အသက်သုံးဆယ်ဝန်းကျင်အရွယ်အမျိုးသမီးတွေဖြစ်တဲ့ မရည်မွန်ငြိမ်းနဲ့ မနွယ်နီထွန်းဖြစ်တယ်လို့ သိရပါတယ်။သေဆုံးသူနောက်တဦးရဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီက အဲ့ဒီရွာထဲကို ပေါင်ငါးရာဗုံးသီးတွေအပြင် Missile ဒုံးကျည်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကောလင်းခရိုင် တပ်ရင်း(၂)ကပြောပါတယ်။ကောလင်းမြို့ပေါ် အနောက်တောင်ဘက် ၁၈မိုင်လောက်အကွာက ဥက္ကံရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ရက်ကလည်း အလားတူ လေကြောင်းတိုက်ခိုက်ခဲ့ပါသေး တယ်။

အဲ့ဒီတိုက်ခိုက်မှုမှာတော့ ရွာခံအမျိုးသမီးနှစ်ဦး၊စစ်ရှောင်အမျိုးသားသုံးဦးနဲ့ဈေးဝယ်လာတဲ့ အမျိုးသားနှစ်ဦး စုစုပေါင်း ခုနစ်ဦးသေဆုံးကာ ဒဏ်ရာရသူ ၁၇ဦးလောက်ရှိခဲ့ပါတယ်။

ဥက္ကံကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ တော်လှန်ရေးတပ်တွေရဲ့ လက်နက်ထုတ်လုပ်ရေး နေရာ၊ ဆေးခန်းတွေရှိနေတယ်ဆိုပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး ပလက်ဖောင်းတွေက ဖော်ပြကြပေမယ့် ကောလင်း ခရိုင် တပ်ရင်း(၂)ကတော့ အဲ့ဒီအချက်တွေကိုငြင်းဆန်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေဟာ အရပ်ဘက်နေရာတွေဖြစ်သလို ဥက္ကံကျေးရွာအတွင်း တော်လှန်ရေး တပ်ဖွဲ့တွေ၊ စစ်ရေးနဲ့ဆိုင်တဲ့ နေရာတွေမရှိဘူးလို့ ကောလင်းခရိုင် တပ်ရင်း(၂)တာဝန်ရှိသူတဦးက DNAကိုပြော ထားပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအကြာကစလို့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတဲ့ စစ်ကောင်စီဟာ အခုနှစ်ကုန်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုငါးဆကျော်အထိ တိုးလာတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာ ၁၄ ကုလကော်မတီအစည်းအဝေးတခုမှာပြောထားပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနဲ့ ထိခိုက်သေဆုံးမှုတွေကို စောင့်ကြည့်နေတဲ့ ဥာဏ်လင်းသစ်သုတေသန အဖွဲ့ကတော့ အခုနှစ်မေလကနေ ဩဂုတ်လအထိ လေးလအတွင်း စစ်ကောင်စီက နိုင်ငံတဝန်းမှာ လေကြောင်း တိုက်ခိုက်မှု ၁၃၂၁ကြိမ် ပြုလုပ်ကာ ၄၅၅ဦးသေဆုံးပြီး လူရှစ်ရာကျော်ဒဏ်ရာရခဲ့တယ်လို့ အစီရင်ခံစာတရပ်မှာ ဖော်ပြပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေထဲက ၁၃၇ကြိမ်ကတော့ စစ်ကိုင်းတိုင်းအတွင်းမှာဖြစ်ပွားခဲ့တာပါ။ ဒီလေ ကြောင်းတိုက်ခိုက်မှု တွေကြောင့် အခုုနှစ် မေလကနေ ဩဂုတ်လအထိ လေးလအတွင်း စစ်ကိုင်းတိုင်းမှာ သေဆုံးသူ ၇၆ဦးနဲ့ ဒဏ်ရာရသူ နှစ်ရာနီးပါးအထိရှိတယ်လို့ ဥာဏ်လင်းသစ်အဖွဲ့ကပြောပါတယ်။