အောက်တိုဘာ၊ ၂၁
တနင်္သာရီတိုင်း၊ ပုလောမြို့နဲ့ မြိတ်မြို့ကြား ပင်လယ်ပြင်ထဲစက်လှေတိမ်းမှောက်မှုမှာ ပျောက် ဆုံးနေသူတွေထဲက ခြောက်ဆယ်ကျော်ကိုအသက်ရှင်လျက် ပြန်လည်ကယ်ဆယ်ရရှိထားတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတဦးက DNA ကို ပြောပါတယ်။
“ကမ်းပေါ် ပြန်ရောက်လာတာက အလောင်းက ရှစ်လောင်း၊ အသက်ရှင်လျက်က ၆၁ ယောက်” လို့ သူကပြောပါတယ်။
ပုလောမြို့နယ်၊ ကျောက္ကာရွာနဲ့ ကိုက်တထောင်လောက်အကွာ ပင်လယ်ပြင်မှာ မနေ့ည ၉ နာရီလောက်က ခရီးသည် ရှစ်ဆယ်ကျော်လိုက်ပါလာတဲ့ စက်လှေတိမ်းမှောက်ခဲ့တာဖြစ်ပြီး ညတွင်းချင်းပဲ ကယ်ဆယ်ရေးလုပ်ခဲ့ကြကာဒီကနေ့ နေ့လယ် ၁၂ နာရီလောက်အထိ စုစုပေါင်း ခုနစ်ဆယ်နီးပါးကိုပြန်တွေ့ထားတာပါ။
လှေပေါ်မှာတော့ စစ်ရှောင်တွေ၊ ခရီးသည်တွေနဲ့ မြိတ်မြို့မှာ ကျောင်းသွားတက်မယ့် ကလေးငယ်တွေပါ ပါလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ကယ်ဆယ်ရေးတွေ လုပ်နေရဆဲဖြစ်တယ်လို့သိရပါတယ်။
“ပျောက်ဆုံးနေတာက ဦးရေမသိရဘဲဖြစ်နေတယ်၊ လှေတွေအများကြီးနဲ့ ကယ်ဆယ်ရေးလုပ်တုန်းပဲ” လို့လည်း အထက်ပါ ကယ်ဆယ်ရေးဆောင်ရွက်နေသူက ပြောပါတယ်။
လက်ရှိ ရှာဖွေတွေ့ရှိထားတဲ့ ရုပ်အလောင်းတွေထဲမှာတော့ နို့စို့အရွယ်ကလေးငယ်တဦးပါဝင်ပြီး တခြားသေဆုံးသူအားလုံးနီးပါးကတော့ အသက်လတ်ပိုင်းနဲ့ အသက်ကြီးပိုင်းတွေဖြစ်ကြပါတယ်။
ပုလောမြို့နဲ့ မြိတ်မြို့ကြား ပြည်ထောင်စုကားလမ်းမကြီးပေါ်က ကြဲကျေးရွာတဝိုက်မှာ အောက်တိုဘာ ၁၄ ရက်နေ့ကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အဲတဝိုက်က စစ်ဘေးရှောင်တွေဟာ ရေလမ်းကနေတဆင့် မြိတ်မြို့ဘက်ကို တိမ်းရှောင်နေကြတာပါ။
ဒါ့အပြင် တိုက်ပွဲကြောင့် လမ်းမှာပိတ်မိနေတဲ့ ခရီးသည်တွေကလည်း ပလမြို့ကနေတဆင့် မြိတ်မြို့ကို ရေလမ်းကနေ ခရီးဆက်နေကြပြီး အခုစက်လှေမှောက်တဲ့အထဲ အဲဒီလိုခရီးသည်တွေပါ ပါဝင်တယ်လို့ သိရပါတယ်။
DNA က ရရှိထားတဲ့ အချက်အလက်တွေအရတော့ သေဆုံးသူမပါဘဲ ပျောက်ဆုံးနေသူသက်သက် လသားအရွယ်နဲ့ အသက်ဆယ်နှစ်အောက်ကလေးငယ် ဆယ်ဦးခန့်အပါအဝင် ၇၂ ဦးရှိတာဖြစ်လို့ လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူ တဆယ်ကျော်ကျန်အုံးမှာဖြစ်ပါတယ်။